ပူပြင်းလှသည့် ရှစ်လပိုင်း နွေရာသီ။ဒီး ဒီး ဒီး ဒီး !
နားစည်ကွဲစေနိုင်လောက်သော ပုဇဉ်းရင်ကွဲများ၏ အော်ဟစ်သံများနှင့်အတူ လူတစ်ယောက်နှင် တစ်ယောက် တီးတိုးပြောဆိုနေသော စကားသံပေါင်းစုံသည် ရှုပ်ထွေးနေသည့် လမ်းပေါ်တွင် ပြည့်နှက်နေသည်။ ပူပြင်းလှသောနေရောင်ခြည်သည် မီးခိုးရောင် ကျောက်သားလမ်းမများပေါ်တွင် ဖြာကျနေပြီး၊ အပူချိန်သည် ထွက်ပေါ်လျက် လမ်းတစ်ခုလုံးအား သာမာန်နှင့်မတူ ထူးဆန်းနေသယောင်ယောင် ဖြစ်ပေါ်စေသည်။
လမ်းမဘေးရှိ သစ်ပင်ရိပ်များအောက်တွင် လူငယ်လေးများသည် စုစုရုံးရုံးဖြင့် မီးပွိုင့်အချက်ပြမီးများ ပြောင်းလဲချိန်အထိဆေးလိပ်သောက်ရင်း စောင့်နေကြသည်။
ရုတ်တရက် အသက်ပြင်းပြင်းရှုထုတ်လိုက်သော လူငယ်တစ်ယောက်သည် တစ်ခုခုအား သတိထားမိသွားသကဲ့သို့ အနည်းငယ် သက်ပြင်းချလိုက်ပြီးနောက် သူ့အကြည့်များသည် လမ်းထောင့်တစ်နေရာဆီသို့ ကျရောက်သွားခဲ့သည်။
“အာနော့ဒ်၊ မင်းဘာတွေကြည့်နေတာလဲ။”
ဘေးတွင်ရှိသော သူငယ်ချင်းက မေးလိုက်သည်။
အာနော့ဒ်ဟု အမည်ရသော လူငယ်လေးက စကားမပြောသေးပဲ လမ်းထောင့်ဆီကိုသာ တွေတွေကြီးကြည့်နေသည်။
“မင်းပြောကြည့်စမ်း မျက်စိမမြင်တဲ့သူတွေက လမ်းဘယ်လိုကူးကြမလဲဆိုတာ။”
သူ့သူငယ်ချင်းက ရုတ်တရက် လန့်သွားပြီးနောက် ခတ္တတုံ့ဆိုင်းသွားပြီးမှ စကားပြန်ပြောလိုက်သည်။
“ပုံမှန်ဆိုရင် မျက်မမြင်တွေက အထိန်းတစ်ယောက်ယောက်၊ ဒါမှမဟုတ် လမ်းပြပေးတဲ့ ခွေးနဲ့ပဲဖြစ်ဖြစ် အတူတူသွားလေ့ရှိတယ်လေ။ တကယ်လို့ သူတို့က ခေတ်မှီနည်းပညာတွေရှိတဲ့ မြို့မှာနေမယ်ဆိုရင်တော့ လမ်းဘေးမှာ အချက်ပြမီးအသံတွေရှိတာပဲ။ တကယ်လို့ အဲ့တာမှ အဆင်မပြေသေးဘူးဆိုရင်၊ ကြားရတဲ့ အသံတွေအပေါ်မှာ နောက်ပဲဖြစ်ဖြစ်၊ လမ်းညွှန် တုတ်တံကိုပဲဖြစ်ဖြစ် သုံးပြီးတော့ ဖြည်းဖြည်းချင်း သွားလို့ရမယ်ထင်တယ်။”