လနှင့် ကြယ်များ သိပ်မရှိကြ။
ညနေပိုင်း ကိုယ်ပိုင်စာလုပ်ချိိန် ဆင်းရန် ခေါင်းလောင်းသံမြည်လာပြီးနောက်၊ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ကျောင်းသားလေးများ အတန်းအတွင်းမှ ထွက်လာခဲ့ကြသည်။ စကားပြောကြရင်း၊ ရယ်ရယ်မောမောဖြင့် ညဘက် လမ်းလျှောက်ပြန်သွားကြသည်။ ပင်ပန်းရသော နေ့တစ်နေ့၏ အဆုံးတွင် ဤအချိန်သည်ကား သူတို့၏ လွတ်လပ်သက်သာသည့် အချိန်လေး ဖြစ်ပေလိမ့်မည်။အိမ်စာလည်းမရှိ၊ ဆရာ၊ဆရာမတွေလည်းမရှိ၊ကိုယ့်သူငယ်ချင်း အနည်းငယ်သာ ရှိသည်။ ရေအေးအေးလေးဖြင့် ရေချိုးသန့်စင်ပြီးနောက် အိပ်ယာပေါ်သို့ ခုန်တက်ကာ အနားယူလိုက်ရပါလျှင် အတော်ပင် ဇိမ်ရှိပေလိမ့်မည် မဟုတ်ပါလော။
ပျံ့ကြဲနေသော လူအုပ်ကြားထဲ၌ လူဆယ်ယောက်ထပ်မနည်းပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ကောင်းကင်ပေါ်မှ ဆင်းလာသကဲ့သို့ကျောင်းပရဝုဏ် အပြင်ဘက်သို့ အေးဆေး
တည်ငြိမ်စွာ လျှောက်လှမ်းလာကြသည်။သူတို့ကြားထဲ၌ ဖက်ထုပ်၏ အသားကဲ့သို့ အနက်ရောင်ဖဲ့သားအား တင်းတင်းကြပ်ကြပ် စည်းထားသော လူငယ်လေးသည်လည်း ပါဝင်သည်။
ဤအဖွဲ့ကြီးသည် ဘေးပတ်ဝန်းကျင်ရှိ ကျောင်းသားများ၏ အာရုံကို တစ်မဟုတ်ချင်း ဆွဲဆောင်သွားခဲ့သည်။“တကယ်တော့လေ၊ ငါ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်နိုင်ပါတယ်။"
လင်ချီယဲ့၏ နှုတ်ခမ်းသည် အနည်းငယ်ကွေးတက်သွားပြီး သူ ကူရာကယ်ရာမဲ့ ပြောလိုက်သည်။
“ငါ မြင်နိုင်တယ်၊ ဒါပေမဲ့ ငါ့မျက်လုံးတွေက အလင်းရောင်ကိုတော့ မကြည့်နိုင်ဘူး။”
“ကျောင်းသားလင်ချီယဲ့၊ ဒါတွေ ပြောနေစရာမလိုပါဘူး။”
ကျန်းချန်က လင်ချီယဲ့စကားကို ဖြတ်ပြောလိုက်ပြီး
“မင်းကို သေချာ ဂရုစိုက်ပေးမယ်ဆိုပြီးတော့ မင်းအန်တီဆီ ကတိပေးထားတယ်လေ၊အဲ့ဒါကြောင့်မို့ ငါတို့က ပြောထားတဲ့အတိုင်း လုပ်ပေးရုံပါ။”ဟု ပြောလိုက်သည်။“ဟုတ်တယ် ချီယဲ့၊ ငါတို့အိမ်ပြန်တဲ့လမ်းက တစ်လမ်းထဲပဲလေ၊ သွားရမဲ့နေရာ တူတူပဲ။”