10. ရှောင်ပြေးချင်လို့ ရပေမယ့် ဖုံးကွယ်လို့တော့ မရဘူး (2)

1K 120 25
                                    

အခုလေးတင် အခန်းထဲ ဝင်လာတဲ့ အဖြူရောင်ကုတ်နဲ့ အမျိုးသမီးကို မြင်ပြီး ... လက်ထဲက ဇာတ်ညွှန်းက အမျိုးသမီးလောက် စိတ်ဝင်စားစရာ မကောင်းတော့။ ဆေးရုံက ပေးဆောင်ထားတဲ့ ဇိမ်ခံဆိုဖာပေါ်မှာ ထိုင်ဖို့ လုပ်နေတဲ့ အန်းကို တမင် ရှောင်နေတဲ့ မျက်နှာလှလှလေးကို အန်း ကြည့်နေမိတယ်။

အန်း ဝင်ထိုင်လိုက်လို့ ဆိုဖာက အိကျသွားပေမယ့် အရင်ဆုံး ဝင်ထိုင်နေတဲ့လူက လှည့်တောင်မကြည့်။ မင်းသမီးလည်း နှုတ်ခမ်းကို တင်းတင်း စေ့ထားပြီး၊ အခန်းထဲက လူထက် ဒေါက်တာ့စာရွက်ထဲက ဘာတွေကများ ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေသလဲလို့ သိချင်သွားတယ်။

"ဒေါက်တာ..."
"တို့ အာရုံစိုက်ဖို့ လိုတယ်"

ဒေါက်တာက မင်းသမီး စကား မပြီးဆုံးမီ ကြားဖြတ် ပြောလိုက်တယ်။ မင်းသမီးကလည်း သူ့ကို ဂရုမစိုက်တဲ့ ဘေးကလူကို ကြောင်တောင်ပြီးသာ စိုက်ကြည့်နေမိတော့တယ်။

ဒေါက်တာဖာလာဒါရဲ့ ဇာတ်ညွှန်းထဲက ပြောစကားတွေက ရိုးရိုးလေးနဲ့ နည်းနည်းလေးပါ။ လူနာရဲ့ ရောဂါ လက္ခဏာတွေ ပြောပေးရုံပါပဲ။ ဒီနေရာမှာ ဧည့်သည်သရုပ်ဆောင် ဆိုပေမယ့် ဆရာဝန် အစစ်က သရုပ်ဆောင်တာပဲလေ။ ဒီပြောစကားတွေနဲ့ သရုပ်ဆောင်ဖို့ပဲဟာ ... ဇာတ်ဆောင်မင်းသမီးကို လျစ်လျူရှုရလောက်တဲ့အထိ အာရုံစိုက်ဖို့မှ မလိုဘဲ။

ဒါပေမယ့် မင်းသမီး ဆနီတာဒါသာ ​သတိထားမိမယ်ဆိုရင် ... မင်းသမီးက စိတ်ကောက်သယောင်နဲ့ နှုတ်ခမ်းစူလာတာ တွေ့လို့ ဒေါက်တာဖာလာဒါရဲ့ နှုတ်ခမ်းထောင့်စွန်းကနေ အပြုံးရိပ် တက်လာတာလေ။

"ဒေါက်တာ"
ပထမတစ်ခေါက် ခေါ်တော့ ပြန်မဖြေ။

"ဒေါက်တာ"
ဒုတိယတစ်ခေါက်လည်း လျစ်လျူရှုခံရ။ ဟိုဘက်တောင် လှည့်သွားသေး။

"ဒေါက်တာ"
တတိယတစ်ခေါက်မှာလည်း ထို့အတူပဲ။ ဒေါက်တာက ဇာတ်ညွှန်းကိုပဲ အာရုံစိုက်ချင်နေတဲ့ပုံ။

ဒီတစ်ခါမှာတော့ ဘာအသံမှ မထွက်တော့။ မင်းသမီးက ဒေါက်တာ့ရှေ့မှာ တည့်တည့်ရပ်လိုက်တော့တယ်။ ဒါပေမယ့် စိတ်ခံစားချက်တွေကို ကောင်းကောင်း ဖုံးဖိထားနိုင်တဲ့ ဒေါက်တာဖာလာဒါက သူရှေ့မှာ ရပ်နေတဲ့ အမျိုးသမီးကို သူ့စိတ်ထဲ ကြိတ်ပြီး ကြည်နူးမိတဲ့ အကြည့်မျိုး မြင်စေမှာတော့ မဟုတ်။

The Secret of Us (​မြန်မာပြန်)Where stories live. Discover now