12. ကြော်ငြာ ရိုက်ကူးရေး (2)

1.3K 121 33
                                    

"အန်း!"

မူးလဲသွားတဲ့ အမျိုးသမီးကို ဒေါက်တာက လက်နှစ်ဖက်နဲ့ အလျင်အမြန် ပွေ့ဖမ်းလိုက်တယ်။ အဖွဲ့သားအားလုံးလည်း ပျာယီးပျာယာ ဖြစ်ကုန်တာမို့ ... လူနာတွေကို ဆေးကုပေးလေ့ရှိတဲ့ ဆရာဝန်အနေနဲ့ ကျန်တဲ့လူတွေကို အခုလိုတွေ ဖြစ်မနေဘဲ အသာ နောက်ဆုတ်ခိုင်းလိုက်တယ်။ သတိမေ့နေတဲ့ အမျိုးသမီးကို မင်းသမီးရဲ့ မန်နေဂျာတစ်ဦးတည်းကိုပဲ အဝတ်လဲခန်းက ဆိုဖာရှည်ပေါ် တွဲတင်ခိုင်းပြီး တခြား ဘယ်သူကိုမှ လူနာကို မနှောင့်ယှက်ဖို့ မှာထားလိုက်တယ်။

ဆူဇီက ဆိုဖာပေါ်မှာ လဲလျောင်းနေတဲ့ သူ့ရဲ့ မင်းသမီးကို ကြည့်လိုက်၊ လူနာကို ပြုစုပေးနေတဲ့ ဒေါက်တာဖာလာဒါကို ကြည့်လိုက်နဲ့။ ဆနီတာဒါက တကယ်ပဲ မူးလဲသွားတာလား ဒါမှမဟုတ် ဒေါက်တာ့ဆီက စိတ်ပူခံချင်လို့ ဟန်ဆောင်နေတာပဲလား။ ဒေါက်တာရဲ့ အမူအရာ​ကို ကြည့်ရင်တော့ မင်းသမီးက တကယ် မူးမေ့သွားပုံပါပဲ။ ဆူဇီ ကူညီပေးချင်ပေမယ့် ဒေါက်တာ့ရဲ့ ခက်ထန်တဲ့ အကြည့်တွေကြောင့် ဆူဇီ့ရဲ့ အေဂျင်စီက မင်းသမီးကို ဂရုစိုက်ပေးနေတဲ့ ဒေါက်တာ့ကိုပဲ ငြိမ်ငြိမ် ကြည့်နေလိုက်တယ်။

အနံ့ စူးရှရှတစ်ခုခုကို ခံစားလိုက်ရတာမို့ မင်းသမီးရဲ့ လေးလံတဲ့ မျက်ခွံတွေလည်း ဖြည်းညင်းစွာ ပြန်ပွင့်လာတော့တယ်။ ပြီးတော့ အခန်းကို လှည့်ပတ်ကြည့်ရာကနေ အဖြူရောင် ဆရာဝန်ကုတ်ကို ဝတ်ထားတဲ့ ဒေါက်တာရဲ့ မျက်နှာကို မြင်တော့တယ်။ ဒေါက်တာက အဖြူရောင်ဂွမ်းလုံးလေးကို ကိုင်ထားတာလေ။ ကြည့်ရတာ အမိုးနီးယား ဆေးရည် စွပ်ထားတဲ့ ဂွမ်းလုံး ဖြစ်လိမ့်မယ်။ အဲဒါကြောင့်ပဲ အန်း သတိ ပြန်လည်လာတာ နေမှာ။ ဒါပေမယ့်လည်း ဗိုက်က ပြန်အောင့်လာပြီး၊ မသက်မသာနဲ့ လှဲနေရတုန်းပင်။

"ဘယ်နားက နာနေသေးလဲ"
ဒေါက်တာ့ရဲ့ အသံက ဂရုတစိုက် ရှိပေမယ့် အမူအရာကတော့ မသိသာ။ အခုမှ သတိ ပြန်လည်လာတဲ့ အမျိုးသမီးကို သူ ဘယ်လောက် စိတ်ပူခဲ့ရလဲ မသိစေချင်ဘူးလေ။

"ဆူဇီ"
"အင်း ... အန်း ပြောလေ"

ဒေါက်တာ ဖာလာဒါက မေးနေတာကို မင်းသမီးက သူ့မန်နေဂျာကိုပဲ လှမ်းခေါ်တော့ ဆူဇီတောင် တုန်လှုပ်နေမိတယ်။ ဒေါက်တာ့ရဲ့ တင်းမာတဲ့ အကြည့်​တွေ ရှိနေလို့ပေါ့။ မဟုတ်ရင် သူလည်း မင်းသမီးအနားကို ချက်ချင်း ပြေးသွားမိမှာ။

The Secret of Us (​မြန်မာပြန်)Where stories live. Discover now