ပင်လယ်ရဲ့အသံကိုသူကြားနေရတယ်။ လှိုင်းလုံးတွေကအရှိန်ပြင်းပြင်းနဲ့ကမ်းခြေဆီကိုချီတက်နေခဲ့တယ်။ ကျောက်ဆောင်နဲ့လှိုင်းလုံးရိုက်ခတ်သံတွေပေါ်လာတိုင်းသူ့စိတ်ထဲတစ်လှပ်လှပ်။ အဆုံးမရှိလှမ်းမြင်နေရတဲ့ပင်လယ်က ဦးတည်ရာမဲ့လွန်းတယ်။ လမ်းပျောက်သွားသလိုမျိုး ယောင်ချာချာခံစားချက်တွေနဲ့ ရင်မောစရာ။
လေအေးတွေကြောင့် ချမ်းသလိုခံစားလာရတာမို့ ဘောမ်ကယူ ကိုယ်ကိုကျုံ့လိုက်မိတယ်။ ဝတ်ထားတဲ့ ဂျင်းဂျာကင်အပြာအိတ်ကပ်ထဲလည်း လက်ထိုးထည့်လိုက်ရင်းပေါ့။
"ရော့ ဘီယာ"
ဆူးဘင်းကသူ့ဘေးလာရပ်ရင်း ဘီယာဘူးကိုကမ်းလာတယ်။ သဲသောင်ပြင်နွေးနွေးထဲမှာ သူတို့ခြေထောက်တွေက အတန်ငယ်တော့ မြုပ်နေရဲ့။
"မင်းဒီဂျာကင်ကိုဝတ်တုန်းပဲလား"
ဆူးဘင်းက သူ့ကို သေချာကြည့်ရင်းမေးလာတယ်။
"ဘာဖြစ်လို့လဲ"
သူစိတ်မပါသလိုပြန်မေးတော့ ဆူးဘင်းက ပင်လယ်ဘက်ကို ငေးကြည့်နေပြီးမှ
"ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်း"
ဆူးဘင်းဘာလို့အဲ့လိုပြောရလည်းသူသိတယ်။ ဒီဂျာကင်က သူ့ကို ယောန်ဂျွန်းပေးခဲ့တာမလို့။ အဲ့အချက်ထက်ပိုသေးတာက ဒီဂျာကင်က ဇာတ်လမ်းတစ်ခုလုံးရဲ့ အစဖြစ်နေခဲ့တာပဲ။
ပြောရရင် ကြည်နူးစရာကောင်းသလို သူမေ့လည်းမေ့ပစ်ချင်မိတဲ့ အမှတ်တရတစ်ခုပေါ့။
ဘီယာဘူးကိုဖောက်လိုက်ရင်း သူတစ်ငုံသောက်လိုက်တယ်။ ပူရှရှအရည်ခန္ဓာကိုယ်ထဲဝင်သွားမှုက လူကို နည်းနည်းတော့နွေးထွေးစေသယောင်ယောင်။
"ထယ်ဟွန်း ဖုန်းဆက်တယ်"
ဆူးဘင်းက အကြာကြီးတိတ်နေပြီးမှ ပြောလာတယ်။ ထယ်ဟွန်း ဆိုတာ သူတို့နဲ့ခင်တဲ့သူငယ်ချင်းတစ်ယောက်ပဲ။
"ယောန်ဂျွန်းကိုသူတွေ့လိုက်တယ်တဲ့၊ ကော်ဖီဆိုင်မှာ"
ဆူးဘင်းက ပြောသင့်မပြောသင့်စဉ်းစားရခက်နေတဲ့ဟန်နဲ့ စကားစကိုရပ်ထားတယ်။ နောက်မှ သက်ပြင်းကျယ်ကျယ်တစ်ချက်ကိုချပစ်ရင်း