Part-4(U/Z)

204 14 12
                                    

"ဒေါက်တာ..ခနရပ်ပါဦး!"

လူနာဆောင်များသို့ roamလှည့်ရန် ထွက်လာစဥ်မှာပင် သြရှရှအသံတစ်ခုက မောင့် နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။
လှည့်မကြည့်ခင်မှာပင် သင်းပျံ့သောပန်းရနံ့နှင့်အတူချွေးနံ့ဖျော့ဖျော့က နှာဖျားဝသို့ဝင်ရောက်ကျီစယ်ပြန်သည်။

"ဒေါက်တာစားဖို့ ရှမ်းခေါက်ဆွဲ.."

မောင့်ကို ခပ်တည်တည်ကြည့်ကာ ပြောလာသော မိုင်စိုင်သည် ပင်နီရှမ်းတိုက်ပုံနှင့် ရှမ်းဘောင်ဘီခပ်ပွပွကိုဝတ်ထားကာ၊ရင်ဘက်နေရာ၌ ချွေးကွက်တစ်ချို့ထင်းနေသေးသည်။ပွယောင်းသော ရှမ်းတိုက်ပုံ၏ လက်အနားစကိုလည်း လက်ဖျံအထိ သေသပ်စွာခေါက်တင်ထား၏။အဖြူရောင်ခေါင်းပေါင်းနှင့်အတူ ၊ခါးရှိအဖြူရောင်ပုဝါစလေးသည် အထက်အောက်လိုက်ဖက်ညီလှစွာ တည်ရှိနေသည်။

"ဒေါက်တာကြိုက်တဲ့ဆိုင်ကနေ လမ်းကြုံဝင်ဝယ်ခဲ့တာ။ဆေးရုံဘက်ကိုလည်းလမ်းကြုံလို့
ဝင်လာလိုက်တာ.."

ညာဘက်လက်ထဲရှိ ငါးဆင့်ချိုင့်ကြီးအား
မောင့်မျက်နှာရှေ့သို့ မြှောက်ပြကာ ပြောလာသော မိုင်စိုင်သည် ထူးဆန်းလွန်းသောလူသားပါပင်။

မနေ့ညကတော့ သူ့ကို မီးလင်းဖိုရှိသည့်အခန်းထဲပို့ပြီ၍ ပျောက်သွားကာ၊
မနက်မိုးလင်းတဲ့အထိ ပြန်ပေါ်မလာတော့ပေ။ပြန်ပေါ်လာတော့လည်း
တောင်ဘက်အရပ်တွင်ရှိသော ရှမ်းဆိုင်မှလမ်းကြုံဝင်ဝယ်သည့်ရှမ်းခေါက်ဆွဲကို၊ မြောက်ဘက်အရပ်ရှိ ဤဆေးရုံသို့ လမ်းကြုံ၍ဝင်ပို့ပါသည်တဲ့....

"ကိုယ်လည်း ဒီရှမ်းခေါက်ဆွဲကို လမ်းကြုံစားလိုက်ပါ့မယ် မိုင်စိုင်။ကျေးဇူးပါ...နေ့လည်စာစားဖို့ အပြင်မထွက်ချင်တာနဲ့ အတော်ဖြစ်သွားတယ်"

"ကျေးဇူးတင်ဖို့..မလိုပါဘူး ဒေါက်တာ။ကျွန်တော်တို့ကို ခွင့်ပြုပါဦး။ညနေ ဂျူတီချိန်ပြီးရင် ဆေးရုံဝင်းဝမှာ ဦးစိုင်းကြာ က အသင့်ရှိနေပါလိမ့်မယ်"

မနက်က မောင့်အား ဆေးရုံသို့ အစိမ်းရောင်ဂျစ်ကားလေးဖြင့် လိုက်ပို့သော ရှမ်းအမျိုးသားကြီးသည် စိုင်းကြာ ဟုခေါ်ကြောင်း မောင် အခုမှသာသိရသည်။မောင်တို့နှစ်ယောက်နှင့် ခပ်လှမ်းလှမ်းတွင်သာ ငြိမ်သက်စွာရပ်နေသည့် ဦးစိုင်းကြာသည်၊
မောင်လှမ်းကြည့်တာကိုမြင်တော့ ချက်ချင်းပြန်ပြုံးပြသည်။

စိုင်းမိုင်စိုင် ( or ) Doctor's Cherry🌸Where stories live. Discover now