11.Nov.2024
Unicode
.................ကိုကို့ခွေးလေးတွေသည် မြန်မာခွေးနှင့် နိုင်ငံခြားခွေး စပ်ထားသည့် အမျိုးအစားဖြစ်တာကြောင့် နိုင်ငံခြားခွေးလိုမျိုး အရမ်းလည်း နုမနေပါ၊ အမွှေးစုတ်ဖွားလေးတွေ မဟုတ်သော်လည်း အမွှေးလေးတွေက နူးညံ့ပြီး အရောင်လေးတွေက တောက်တောက်လေးတွေ ဖြစ်သည်၊ နှောင်းကတော့အားလုံးထဲကမှ အသေးဆုံးဖြစ်ပြီး ခေါင်းလေးက နီညိုရောင် နှာခေါင်းလေးက အနက်ရောင်နှင့် အဖြူညစ်ရောင် ခန္ဓာကိုယ်ပေါ်တွင် နီညိုရောင်အကွက်လေးများပါသည့် နားရွက်ကုတ်ကုတ်လေးနှင့် ကလေးလေးကို ယူလိုက်သည်။
“နှောင်းဒါလေး ယူမယ်နော်”
“သေးသေးလုံးလုံးလေးတွေ ယူပါလား၊ ငပိန်ညှောင်လေးကို ချစ်စရာလည်း မကောင်းဘဲနဲ့”
ကိုကိုက ထိုသို့ပြောလာတာကြောင့် နှောင်းက ကိုကို့ကို မျက်စောင်းလေးထိုးကာ ကြည့်လိုက်ပြီး ပြန်စွာလိုက်သည်။
“ကိုကိုကနော်၊ ခွေးကိုတောင်မှ ရုပ်ကြည့်ပြီး ချစ်နေသေးတယ်၊ ကိုကိုအဲ့လိုပြောတော့မှ ဒီခွေးကို ပိုပြီးတော့တောင် မွေးချင်သွားပြီ၊ ကိုကိုစောင့်ကြည့်နေလိုက်၊ ပေါက်တဲ့လေးကောင်ထဲမှာ နှောင်းရဲ့ခွေးလေးက ချစ်စရာအကောင်းဆုံး ဖြစ်နေစေရမယ်”
“ဟုတ်ပါပြီ စွာတေးမရယ်၊ ကဲ အိမ်လိုက်ပို့ပေးမယ်၊ ခွေးအိမ်လည်း ဆောက်ပေးရဦးမှာမလား”
“ဟုတ်”
“သွားရအောင်”
ကိုကိုက ခွေးပေးသည့်အပြင် ခွေးအိမ်ပါ သူအိတ်စိုက်ပြီး ဆောက်ပေးသွားသေးသည်။
“နာမည်လေးပါ ရေးပေးပါလား”
“နာမည်လား၊ နာမည်က ဘာလဲ”
“Maple လို့၊ နှောင်းက Hazel ဆိုတော့ သူ့ကို Maple လို့ ပေးလိုက်မယ်”
“ပြီးရင် ခွေးနဲ့လူနဲ့ အပြိုင်စွာမနေနဲ့ဦးနော်”
နှောင်းကို စ,လိုက်သော်လည်း နှောင်းပြောသည့် နာမည်ကိုတော့ သစ်သားပေါ်မှာ ထွင်းကာ ရေးပေးလိုက်ပြီး အိမ်အပေါ်လေးမှာ ခေါင်မိုးလေးနှင့် တွဲကပ်ထားလိုက်သည်။
YOU ARE READING
Whisper of Pain
Romancestarted date - 1.Nov.2024 ended date - Available in both Unicode and Zawgyi You Raise Me Up ထဲက ကိုကိုကြီးရဲ့ PA နေပိုင်တို့ ဇာတ်လမ်းလေးပါ🤍