[Unicode]
||2||
S အဆင့် Alpha ကြီးနှင့် တွေ့ခဲ့ပြီ
စမ်းသပ်ချက် data တပုံတပင်ကို လက်စသတ်ပြီးတဲ့နောက် ရှန်သိုက်တစ်ယောက် အလုပ်စောစော ဆင်းခဲ့သည်။
ဓာတ်ခွဲခန်းဌာနမှာ သူ့အတွက် တစ်ယောက်ခန်းအိပ်ဆောင် တစ်ခန်းရှိပြီး ပုံမှန်အားဖြင့် အလုပ်နောက်ကျတဲ့အထိ အချိန်ပိုဆင်းရတဲ့အခါ သူ အဲဒီမှာပဲ အိပ်ဖြစ်သည်။ သို့သော် တစ်ပတ်တစ်ခါတော့ ရအောင် အိမ်ပြန်တတ်၏။
မိသားစုပိုင်အိမ်ခြံဝန်းလေး အပေါင်ဆုံးကာ လေလံတင်ခံလိုက်ရပြီးနောက် သူ သူ့အဘွားနှင့်အတူ ဆင်ခြေဖုံးရပ်ကွက်ထဲရှိ တိုက်ခန်းကျဥ်းလေးတစ်ခုမှာ ငှားနေခဲ့ကြသည်။ မြို့အစွန်အဖျား အရမ်းကျပေမဲ့ ဈေးသက်သာပြီး နေရာသန့်၏။ အဘွားကလည်း သန့်သန့်ရှင်းရှင်းနေရသည်ကို အရေးအပေးဆုံးမို့တစ်ချက် ပို၍ အဆင်ပြေသွားသည်။
အလုပ်မှအိမ်သို့ မြေအောက်ရထားစီး၍ ပြန်ရပြီး လမ်းတွင် ဘက်စ်ကားတစ်ဆင့်ထပ်စီး၊ မှတ်တိုင်ရောက်လျှင် ဘက်စ်ကားပေါ်ကဆင်း၊ အိမ်သို့ လမ်းဆက်လျှောက်ရသည်။
အိမ်ပြန်လမ်းတွင် ဟင်းသီးဟင်းရွက်ဈေးဆိုင်လေးကို အဖြတ်၊ ဆိုင်က ပိတ်တော့ဖို့ ပြင်နေပြီ။ သူ အသား၊ ဟင်းရွက်အချို့နှင့်ရယ် တိုတောင်းလှသည့်ဘဝငယ်ဝယ် လှပစွာ အစွမ်းကုန်ကြိုးစားရှင်သန်နေသည့်နှယ် နူးညံ့သော ပွင့်ဖက်ငယ်တို့အထပ်ထပ်နှင့် စွံ့စွံ့ကားကား ပွင့်အာနေကြသော ပန်းခရမ်းရောင်စန္ဒြပန်းတစ်စည်းတို့ ဝယ်ခဲ့လိုက်သည်။
အရင်အိမ်တုန်းကဆို သူ့အဘွားက ခြံဝန်းထဲမှာ ပန်းမန်အမျိုးမျိုးကို ရာသီအလိုက် စိုက်ပျိုးလေ့ရှိသည်။ သူ့ငယ်ဘဝအိမ်ကလေးသည် သူ့ရာသီနှင့်သူ ရာသီတိုင်း၏ အလှပဆုံးဖူးပွင့်ဝေစီသော ပန်းမာလာပွင့်ဖူးငုံတို့ဖြင့် အစဥ် မြိုင်ဆိုင်နေတတ်စမြဲ။
ယခုပြောင်းလာသည့် တိုက်ခန်းကျဥ်းလေးမှာတော့ အပင်စိုက်ရန်မှာ ဝရံတာမှာပဲ ပန်းအိုးအနည်းငယ်လောက်ထား စိုက်လို့ရသည်။ ဒါတောင် အမျိုးမျိုးသော အပိုပစ္စည်းများနှင့် နေရာလပ်အောင် လုထားရသေးတာဖြစ်၏။
YOU ARE READING
ဤရနံ့နှစ်သွယ် ဘယ်တော့မှမပြယ်
Romanceကြောက်မက်ဖွယ်မိုးချုန်းသံ အလျှံအပယ်နှင့် ပုတ်ပွနံဟောင်မှုတို့ လှိုင်သင်းနေမဲ့ ဝတ္ထုတစ်ပုဒ်...