အဲ့ဒါပြီးတော့ကို ယိမ်းကို နောက်ထပ် သုံးလေးချီလောက် ပြီးအောင် လုပ်ပေးမိတယ်။ နှစ်ယောက်သား မီးကုန်ယမ်းကုန် သောင်းကျန်းလိုက်ကြတာများ နောက်တစ်နေ့ဆိုတာ မရှိတော့တဲ့အတိုင်းပဲ။ အိပ်ယာမဝင်ခင် သွားတိုက်ကြရင်းနဲ့တောင် Bathroom ထဲမှာ ထပ်လုပ်ဖြစ်ခဲ့ကြသေးတယ်။ နောက်တော့ ယိမ်းလည်း ပင်ပန်းနုံးခွေပြီး အိပ်သွားရော။ အဝတ်မဲ့ခန္ဓာကိုယ်လေးနဲ့ စောင်ကို လည်ပင်းထိ ဆွဲခြုံထားပြီး အိပ်ပျော်နေတဲ့ ယိမ်းရဲ့ နားသယ်စပ်လေးတွေကို ကျနော် တောက်လျှောက်ပွတ်သပ်ပေးနေခဲ့တာ။ ယိမ်းအသက်ရှူသံ ပြင်းပြင်းနဲ့ အိပ်မောကျသွားတာသေချာပြီဆိုတော့မှ အဲကွန်းလျှော့ ယိမ်းခြေထောက်လေး လွတ်နေတာကို စောင်သေချာဆွဲချပေးပြီး ဝရန်တာဘက်တံခါးကို အသံမမြည်အောင် ဂရုတစိုက်ဖွင့်ထွက်လာခဲ့တယ်။
အပြင်မှာတော့ အထဲကထက်စာရင် နည်းနည်းလေး ပူစပ်စပ်ခံစားရတယ်။ နောက်ကျတဲ့ထိ ဆိုနေတဲ့ ဘားတစ်ခုခုက သီချင်းသံကို မသဲမကွဲလေး ကြားနေရပြီး လမ်းမပေါ်မှာက ယာဥ်တစ်စီးစ နှစ်စီးစ ဖြတ်မောင်းသွားတဲ့ အသံတွေရယ် ၊တစ်ခြမ်းပဲ ရှိတဲ့ လနဲ့ .. စုံနေတဲ့ကြယ်တွေ။ ကျနော့် စိတ်ထဲမှာ လေးလေးလံလံ ခံစားနေရတယ်။ တွေ့ဆုံမှုတိုင်းဟာ ခွဲခွာမှုတစ်ခုရဲ့အစလို့ပဲ ပြောရမလား။ ဟင့်အင်း ... တွေ့ဆုံခြင်းနဲ့ ခွဲခွာခြင်းဆိုတာကို ဟိုဘက်ဒီဘက်ပွင့်နေတဲ့ တံခါးတစ်ချပ်လိုပဲ ကျနော် အမြဲခံစားရတယ်။ အမြဲတမ်းမှာ အဲဒီ ဒိုးလျိုပေါက် ဆက်နေတဲ့ အခန်းနှစ်ခန်းရဲ့ အလယ်မှာ ကျနော်ရပ်နေရသလိုပဲ။ ကျနော့်မျက်စိတွေကို မှိတ်လိုက်တိုင်းမှာလည်း မိုးအမြဲရွာနေတဲ့ စွန့်ပစ်တိုက်အိုကြီးတွေ .. ပါးမှာ ခြံစည်းရိုး သံဆူးကြိုးခြစ်ရာတွေ။ အရှိန်တစ်ခုနဲ့ သွားနေတဲ့ ပုံရိပ်တွေထဲက.. ပုံရိပ်တစ်ခုကို ဓာတ်ပုံလို ငြိမ်နေအောင် .. ကျနော်ကလည်း ထပ်တူကျတဲ့အရှိန်နဲ့ ပြေးလိုက်နေမိတာမျိုးတွေ။ ဘောင်းဘီအိတ်ထဲ ထည့်ထားမိလို့ ခပ်ပြားပြားလေးဖြစ်နေတဲ့စီးကရက်ဘူးထဲက တစ်လိပ်လောက် ဆွဲထုတ်ပြီးပဲ သောက်နေလိုက်တော့တယ်။
ပုံမှန်ဆို စီးကရက်တွေ ကျနော် မသောက်ဖြစ်ဘူး။ စီးကရက်ဆိုတာ ကိုယ့်ဘေးကလူကို သိသိသာသာ ထိခိုက်စေတာမျိုး မဟုတ်လား။ ကျနော်ဟာ ဘဝမှာ နှစ်ခုပဲ သေချာချင်ခဲ့တယ်။ တတ်နိုင်သမျှ ကိုယ့်ဘေးမှာရှိတဲ့လူတွေကို ကာကွယ်ပေးချင်တယ် ၊ ကိုယ့်ဘေးမှာရှိတဲ့လူတွေကို ကိုယ့်ကြောင့်ဒုက္ခမဖြစ်အောင် နေချင်တယ်။ နောက်ပြီး ဒီနောက်ပိုင်းနှစ်တွေမှာ ကျနော် တော်တော်လေး ဆင်ခြင်ပြီးနေလာခဲ့တာတွေရော ပါမှာပေါ့။ သောက်ရင်တောင် ကျနော့်အခန်းလေးထဲမှာပဲ ဘီယာလေး နှစ်ဘူးသုံးဘူးလောက်ဖြစ်ဖြစ် ၊ အရက်လေးနည်းနည်း ဝိုင်လေးနည်းနည်းဖြစ်ဖြစ်ပဲ။ ဟုတ်တယ် .. ဒီနောက်ပိုင်းနှစ်တွေမှာ "အရမ်း" ဆိုတဲ့အရာတွေကို တတ်နိုင်သမျှ မလုပ်မိအောင် ကျနော် နေနေခဲ့တာ။
ပုံမှန် သောက်လေ့သောက်ထ မရှိဘဲနဲ့တောင် စီးကရက်ကို သုံးလေးလိပ်လောက် ကုန်အောင် ဖွာနေမိခဲ့တယ်။ နားထဲမှာ ကြားနေရတဲ့သီချင်းသံသဲ့သဲ့ လုံးဝမကြားရတော့တာ သတိထားမိတယ်။ ဖျောက်ဆိပ်ကြယ်စုလေး နေရာရွေ့သွားတာ သတိထားမိတယ်။ နောက်အနှစ် သန်း ၂၅၀ ကြာတဲ့အခါမှာ အဲဒီကြယ်စုလေးဟာ လုံးဝပျောက်ကွယ်သွားလိမ့်မယ်။ ကျနော် ဆိုလိုချင်တာကဗျာ .. စင်္ကြဝဠာထဲမှာ အကြီးမားဆုံး ဖြစ်တည်မှုပါဆိုတဲ့ Galaxy Cluster တွေတောင် အချိန်တစ်ခုရောက်တဲ့အခါ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။ ကျနော်တို့က အခိုက်အတန့်လေးတွေကိုပဲ တကယ်ပိုင်တာပါ။ ပါးပေါ်မှာ သွေးကြောမျှင် စိမ်းဖန့်ဖန့်လေးတွေနဲ့ ကလေးမလေးတစ်ယောက် ဆပ်ပြာပူဖောင်းလေးတွေကို လိုက်ခုန်ထိနေတာပဲဖြစ်ဖြစ်၊ လူငယ်ကောင်လေးတစ်ယောက် ဂီတာလေးတီးပြီး သီချင်းဆိုနေတာပဲဖြစ်ဖြစ်ပေါ့။ အဲဒီလို အခိုက်အတန့်လေးတွေပါပဲ။ ပြီးတော့ .. အဲဒီအခိုက်အတန့်လေးတွေဆီရောက်ဖို့ကိုလည်း အဝေးကြီးကူးလာခဲ့ကြရတာ။
1:40 ၊ ကျနော် အခန်းထဲ ပြန်ဝင်လာခဲ့တယ်။ အိပ်မောကျနေတဲ့ ယိမ်း နိုးမသွားအောင် မွေ့ယာပေါ် ဖြည်းဖြည်းလေး လှဲချလိုက်တယ်ဆိုပေမယ့် ယိမ်းက အင်းခနဲ ညည်းပြီး မျက်လုံးဖွင့်ကြည့်လာတယ်။
"ကိုကြီး အိပ်မပျော်ပြန်ဘူးလား .. လာ ယိမ်း ရင်ခွင်ထဲမှာ လာအိပ်။ ယိမ်းဖက်ထားပေးမယ်" ယိမ်းက အဲ့လိုပြောပြီး ကျနော့်ကို စောင်ထဲထည့်၊ ကျနော့်မျက်နှာကို သူ့ရင်ဘတ်ပေါ် တင်ပေးတယ်။ ဒီတစ်ခါတော့ စိတ်ထဲမှာ လုံလုံခြုံခြုံနဲ့ပဲ ကျနော် အိပ်ပျော်သွားတော့တယ်။