မနက်ကျတော့ နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့်ပဲ နိုးလာကြတယ်။ ကျနော် အရင်နိုးပြီး ယိမ်းရဲ့ အိပ်မောကျနေတဲ့ မျက်နှာလေးကို ငေးနေတုန်း သိပ်မကြာဘူး သူနိုးလာတာပါ။ အင်းအဲနဲ့ ပျင်းကြောဆန့်ပြီး မျက်လုံးကို ဇွတ်ပြန်မှိတ်နေတဲ့ကောင်မလေးကို အူယားလို့ ညှစ်ပြီးဖက်လိုက်တော့ ယိမ်းက ကျနော့်လည်ပင်းကို ရွှတ်ခနဲနမ်းတယ်။
"မောနင်း .. ကိုကြီး"
"မောနင်း ယိမ်း ... ထမလား .. အိပ်ပုတ်ဆက်လုပ်မလား"
"ထမယ်လေ .. ကိုကြီးနဲ့ မဟာမြတ်မုနိ သွားချင်လို့"
"ဘုရားကြီးလား .. သွားမယ်လေ"
အမှန်က ကျနော့်အနေနဲ့က ဘာသာတရားကို ကိုးကွယ်တာလိုလို မကိုးကွယ်တာလိုလိုပဲ။ Atheist တွေ ရုပ်ဝါဒီတွေရယ်လို့ တိတိကျကျခေါင်းစဥ်တပ်ရလောက်အောင်လည်း မဟုတ်ဘူး။ အနည်းဆုံးတော့ ဗုဒ္ဓအဆုံးအမနဲ့ ဘဝနေနည်းတွေကို လက်ခံတယ် ၊ ဒီလောက်ပဲ။ ဘုရားတွေ ဘာတွေ သိပ်သွားဖြစ်တော့တာမဟုတ်ဘူး။ လူကြီးတွေကို လိုက်ပို့ရတာမျိုးဆိုရင်တောင် ဘုရားကန်တော့တာတွေဘာတွေ မလုပ်ဖြစ်သလောက်ပဲ။
အဲ့လိုနဲ့ ယိမ်း ရေချိုးပြီး အလှပြင်နေတုန်းလေး ကျနော်လည်း အိမ်ကို မြန်မြန်ပြေးပြီး အဝတ်အစား လဲရတယ်။ ကျနော် ပြန်ရောက်တော့ ယိမ်းလည်း အသင့်ဖြစ်နေပြီ။ မြန်မာဝတ်စုံလေးနဲ့ တံခါးလာဖွင့်ပေးတဲ့ယိမ်းက အရမ်းလှနေတာ။
"you're so gorgeous နော် ယိမ်း"
"Awwn, you always compliment me နော် ဟီး"
ယိမ်းကို ခါးလေးကနေ ဆွဲဖက်ပြီး ယိမ်းရဲ့ ဆံပင်လေးတွေကို နမ်းနေမိတယ်။ မျက်နှာတွေ နှုတ်ခမ်းတွေ ဘယ်နမ်းမလဲဗျာ .. ယိမ်းမှာ အခုလေးတင် ပြင်ထားရတဲ့ဟာ။
ဘုရားကြီးရောက်တော့ နာရီစင်ဘက် ကတ္တရာလမ်းဘေး ပလက်ဖောင်းအတိုင်းလျှောက်သွားပြီး အရှေ့ဘက်စောင်းတန်းကို ခါးကနေ ဖြတ်ဝင် ၊ ဖိနပ်အပ်ပြီး စောင်းတန်းအတိုင်း လျှောက်လာခဲ့ကြတယ်။ စောင်းတန်းတလျှောက်မှာ တွေ့သမျှ နိဗ္ဗာန်ကုန်ဆိုင်တွေ၊ လက်မှုပစ္စည်းတွေအကြောင်း ယိမ်းက တစ်ခုပြီးတစ်ခု မေးတာနဲ့ ကျနော်လည်း သိသလောက်လေးတွေ ပြောပြပေါ့။ သမားရိုးကျဘာသာဝင်တွေနဲ့ယှဥ်ရင် ဘာသာမဲ့သလောက် ဖြစ်နေတယ်ဆိုပေမယ့် ဘုရားစောင်းတန်းလှိုက်ဂူတွေ ဘုရားရင်ပြင်တွေမှာရတဲ့ အငွေ့အသက်နဲ့ စိတ်အေးချမ်းသက်သာမှုတွေကိုတော့ ကျနော် တကယ်နှစ်သက်မိနေသေးတယ်။
ဘုရားကန်တော့ပြီး ရင်ပြင်ပေါ် လက်ယာရစ်ပတ် ၊ ယိမ်းမေးသမျှ ကြေးရုပ်အကြောင်းတွေ မဟာမြတ်မုနိသမိုင်းတွေ လက်ရှိအနေအထားတွေကို ပြောပြရင်း ယိမ်းရှေ့မှာ လူတတ်ကြီး လုပ်ပြနေမိတယ်။
"ဆရာက ဆရာဆိုတဲ့အတိုင်း ဆရာပါပဲနော်"
"I tried my best just to impress you သက်သက်ပါကွာ .. လျှောက်ဖောနေတာတွေကို တကယ်ကြီး သိတယ် ထင်နေတာလား ဟဲဟဲ"
"အမလေး .. ရှင် အမြဲတမ်း အဲ့လိုပဲ လျှောလျှောချ ဟွန်း"
ဘုရားကြီးရုပ်ပွားတော်ပေါ်က ရွှေစလေးတွေ သစ်စေးမှာ တဲတဲလေးငြိပြီး တဖြတ်ဖြတ် လွင့်ချင်နေတဲ့မြင်ကွင်းကို အနှေးပြကွက်တွေနဲ့ မြင်နေမိတာကိုတော့ ကျနော် ယိမ်းကို မပြောပြဖြစ်တော့ဘူး။ ဘုရားက အပြန် ယိမ်းက စိုးစိုးမှာ မုန့်တီစားချင်တယ်ဆိုလို့ သွားကြတယ်။
ဟိုရောက်တော့ ယိမ်းက နန်းကြီးသုပ်မှာတယ်ဆိုပေမယ့် သူ့အနေနဲ့ ခေါက်ဆွဲပြားသုပ်ပါ မြည်းကြည့်လို့ရအောင် ကျနော်က ခေါက်ဆွဲပြားသုပ်ပဲ မှာလိုက်တယ်။
လာချတော့ .. နန်းကြီးသုပ်ကိုကြည့်ပြီး ယိမ်းက အံ့သြနေတာ။ သူ ခါတိုင်း စားဖူးနေကျက နန်းလတ်နေမယ်။ ရန်ကုန်မှာ တချို့ဆိုင်တွေက နန်းလတ်နဲ့ သုပ်ထားတဲ့ မုန့်တီသုပ်ကိုပဲ နန်းကြီးသုပ်လို့ အလွယ်ခေါ်လိုက်ကြတော့။
"ခေါက်ဆွဲသုပ်ရော မြည်းကြည့်လေ ယိမ်း"
"ဟုတ် .." ကျနော့်ပန်းကန်ထဲကနေ တူနဲ့ လှမ်းနှိုက်ပြီး စားကြည့်တယ်။
"ကောင်းလား .. ဘယ်ဟာပိုကြိုက်လဲ" လို့ ကျနော် မေးတော့
"ခေါက်ဆွဲကို ပိုကြိုက်တယ် ဟီး"
"အဲ့ဒါဆို ခေါက်ဆွဲက ယိမ်း စားလိုက် ၊ နန်းကြီးကို ကိုကြီး စားလိုက်မယ်" လို့ ပြောပြီး ပန်းကန်တွေ လဲပေးလိုက်တယ်။
"ကျေးဇူးပါ ကိုကြီး .. အဟီး အာဘွားနော်"
စားနေကြရင်း ယိမ်းပန်းကန်ထဲက တဝက်လောက် ကုန်သွားတဲ့အချိန် ကျနော်လည်း ဆိုင်က ကောင်မလေးတစ်ယောက်ကို လှမ်းခေါ်ပြီး
"လိမ္မော်ရည်တစ်ခွက် အချိုလျှော့ ရေခဲလျှော့နဲ့ ရေတစ်ဘူးလောက် ညီမလေး" လို့ မှာလိုက်တယ်။ ယိမ်း စားအပြီးနဲ့ ကွက်တိဖြစ်စေချင်လို့ပါ။ စောမှာထားရင်ကျလည်း ရေခဲအရည်ပျော်သွားတာတွေဘာတွေ ဖြစ်မှာစိုးလို့လေ။
အဲ့လို မှာနေရင်းနဲ့ပဲ ယိမ်း နှုတ်ခမ်းပေါ်မှာ ပဲမှုန့်အနှစ်လေး တင်သွားတာမြင်လို့ တစ်ရှူးလေး လှမ်းယူပေးလိုက်တယ်။ ယိမ်းက ပြောတယ်။"ကိုကြီး သိလား ... ယိမ်း ကိုကြီးကို ခုချက်ချင်းကို တက်ခွချင်နေပြီ" တဲ့။