Part - 9

1.8K 4 1
                                    

အဲ့ဒါပြီးတော့ ကျနော်တို့နှစ်ယောက် ရွှေကျောင်းဘက်ကို သွားကြတယ်။ နှစ်ယောက်စလုံးက ကုသိုလ်တော်လို လူရှုပ်တဲ့နေရာတွေ သွားရတာမကြိုက်လို့ နီးနေရက်နဲ့တောင် ဆက်သွားဖို့ အစီအစဥ် မရှိခဲ့သလို ပြောရမယ်ဆိုရင် ရွှေကျောင်းနဲ့ ဘေးချင်းကပ်ရပ်ဖြစ်တဲ့ အတုမရှိကိုတောင် ဝင်ဖြစ်ခဲ့ကြတာမဟုတ်ဘူး။ အတုမရှိမှာက သူ့ရဲ့ နဂိုမူရင်းအငွေ့အသက်ကို ဘယ်လိုမှ ပြန်ရှာမတွေ့ရဘူးလို့ စိတ်ထဲမှာ ခံစားရတယ်လေ။

ရွှေကျောင်းမှာကျ စုလစ်မွန်းချွန်းတွေ၊ နယားရုပ်တွေကို တော်တော်လေး လက်ရာမြောက်မြောက် မြင်နိုင်ပြီး Nostalgia ဖြစ်ရတာကြောင့် နှစ်ယောက်စလုံးက သဘောကျနေကြတာ။ အတွင်းထဲမှာ အလင်းအားနည်းတယ်ဆိုပေမယ့် အပြင်ဘက် စင်္ကြံလျှောက်လမ်းရဲ့ ရုပ်လုံးရုပ်ကြွတွေ၊ ပန်းဆွဲတွေ၊ နံရံက သစ်သားပန်းပုတွေကို တိတ်တိတ်ဆိတ်ဆိတ်လေး ခံစားကြည့်နေလို့ရတာကိုး။ လူကလည်း ခပ်ကျဲကျဲပဲ။

ယိမ်းနဲ့ကျနော်နဲ့ လက်ရမ်းလေးနားမှာ ရပ်ရင်း ကုန်းဘောင်ခေတ်ရဲ့ နှောင်းပိုင်းကာလတွေကို ကိုယ်တွေးကြည့်လို့ရသလောက် ပုံဖော်လွမ်းမောပြီးစကားတွေပြောဖြစ်ကြတယ်။ ပြောရရင်ကျလည်း ခုလိုပြန်တွေးတော့သာ လွမ်းမောချင်စရာကောင်းတာပါ။ တကယ်တမ်းကျ အဲဒီကာလတွေဟာ ပဒေသရာဇ်ခေတ်ရဲ့ အမှောင်ခြမ်းဆိုတဲ့ဖြစ်ရပ်တွေချည်း မနည်းမနောဖြစ်နေခဲ့တဲ့ကာလတွေပဲမဟုတ်လား။ ကျနော်တို့ကသာ အတိတ်ကို ကိုယ်လိုချင်သလောက်လေးပဲ ပုံဖော်တွေးပြီး အဲဒီအတိတ်ကို ပြန်လိုချင်နေကြတာ။ ပြီးတော့ ပစ္စုပ္ပန်ဟာ ဘယ်လိုမှ ပြည့်စုံနိုင်မှာမဟုတ်မှန်းသိလေ .. ကိုယ့်စိတ်ထဲမှာ အတင်းလုပ်ယူ ပြည့်စုံယူထားတဲ့အတိတ်ကို ပြန်လိုချင်လေပဲ။ သိလား ယိမ်း။

ပြန်အထွက်ကျ ရှေ့တည့်တည့်က ရုပ်သေးဆိုင်မှာ ခဏတော့ ဝင်ကြည့်ခဲ့သေးတယ်ဆိုပေမယ့် ကျနော်တို့နှစ်ယောက်စလုံးက တကယ့် ကြိုးဆွဲကတဲ့ ရုပ်သေးတွေရဲ့ အချိုးအစားကျ သက်ဝင်မှုကိုပဲ သဘောကျကြတာ ။ ဒီလို အရုပ်အသေးလေးတွေကကျ အဖြစ်လောက်လုပ်ထားပြီး လက်ရာတွေကလည်း မသပ်မရပ်တွေပဲ တွေ့ရတတ်တာများတော့ ယိမ်းရော ကျနော်ရော သိပ်မလိုချင်မိကြဘူး။ အတုမရှိရှေ့နားလေးက ပန်းချီကားဆိုင်မှာတော့ တစ်ယောက်တစ်ကားစီ ဝယ်ပြီး တစ်ယောက်စီမှာ သူ့ကားကိုယ့်ကား လဲသိမ်းထားဖို့ လုပ်ခဲ့ကြတယ်။

ယိမ်းWhere stories live. Discover now