ကျိုင်းတုံမြို့ရှိ ခြံဝန်းကျယ်ကြီးအတွင်း၌ရှိသော ချယ်ရီပင်တန်းများကြားတွင်ဖြစ်သည်။
ချယ်ရီပင်တန်းရှိ ချယ်ရီပင်များသည် ပန်းရောင်အပွင့်များပွင့်သော အပင်များသာဖြစ်သည်။ထိုသို့ပန်းရောင်အပွင့်များသာပွင့်သော ချယ်ရီပင်များကြားတွင် အဖြူပွင့်များပွင့်သောအပင်သည် ထူးခြားစွာပင်ပေါက်နေလေသည်။ဒေါ်နန်းမွေခမ်းသည်လည်း ထိုအဖြူရောင်ပွင့်များပွင့်သော ချယ်ရီပင်အားကြည့်ကာ စကားများပြောနေလေသည်။
'ပီအိုက်...နောင့်ယိင်း သွားရတော့မှာမို့လို့ လာနှုတ်ဆက်တာပါ'
'........'
'ပြီးတော့ ပီအိုက်စောင့်နေတဲ့သူလည်း မကြာခင်ဒီကိုရောက်လာတော့မှာ နောင့်ယိင်းတာဝန်ကျေတယ်မဟုတ်လားဟင်..'
'......'
'ဒါ...ဒါဆို နောင့်ယိင်းသွားတော့မယ်နော် ပီအိုက်'
ထိုအချိန်တွင် အဖြူရောင်ချယ်ရီပင်ကြီးမှ မျက်စိစူးလောက်သော အလင်းရောင်များဖြာထွက်လာသည်။အလင်းရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ အဖြူရောင်ချယ်ရီပင်ကြီးနေရာတွင် လူတစ်ယောက်ရပ်နေသည်ကိုတွေ့ရမည်ဖြစ်သည်။
ဟုတ်ပါသည်။အဖြူရောင်ချယ်ရီပင်ကြီးသည် လူသားတစ်ယောက်အသွင်အဖြစ် ပြောင်းလဲသွားခြင်းပင်ဖြစ်သည်။
ထိုလူသည် ပင်နီရောင် ရှမ်းအင်္ကျီနှင့် ဘောင်းဘီကိုတွဲဖက်ဝတ်ဆင်ထားသည်။အသားအရေမှာလည်း ဖြူအုနေသဖြင့် ဝတ်ထားသောအင်္ကျီနှင့် အလွန်ပင် ပနံသင့်လှသည်။
ပီအိုက်ဟုဆိုသော ထိုလူသည် ဒေါ်နန်းမွေခမ်းအနားသို့ လျှောက်လာလေသည်။
'နောင့်ယိင်း တာဝန်ကျေပါတယ်'
ဒေါ်နန်းမွေခမ်းတစ်ယောက် မျက်ရည်များစီးကျလာလေသည်။
'ပီအိုက် ကြောက်တာတစ်ခုရှိတယ်'
'ဘာများလဲ ပီအိုက်'
'သူကအရင်ကအကြောင်းတွေ မမှတ်မိဘူးလေ...အကယ်လို့ အရင်ကအကြောင်းတွေကို မှတ်မိခဲ့ရင်တောင် အဲ့ဒါက သူ့အတိတ်ဘဝကဟာတွေလေ အခုကသူ့ရဲ့ဘဝအသစ်ဆိုတော့ သူပြောင်းလဲသွားရင် ဘယ်လိုလုပ်မလဲ'