အပိုင်း ၂
ပင်လုံးကြိုင်ပင်ကြီးက အုပ်မိုးထားသော ခြံဝန်းလေး ရှေ့သို့ အရောက်တွင် ပိုင်လျန်ဟွား ခြေလှမ်းတို့ တုံ့ရပ်သွားသည်။ သစ်သားတံခါးနှစ်ချပ်ကို အသာတွန်းဖွင့်၍ အတွင်းသို့ လှမ်းဝင်လိုက်၏။
"လျန်ဟွား...သား ဘယ်တွေ သွားနေတာလဲ"
ခြံဝင်းထဲ၌ ပုဆိန်တစ်လက်ဖြင့် ထင်းပေါက်နေသော ပိုင်ဖေဖေ က သူ့ကို မြင်သည်နှင့် မေးလာလေသည်။
"ငါးဖမ်းဖို့ မြစ်ဘက်ကို သွားပြီး ပြန်လာတာ အဖေ"
"ဟာ...ဒီကလေး။ မြစ်နားကို ဘာလို့ တစ်ယောက်တည်းသွားရတာလဲ... အန္တရာယ် များတာ မသိဘူးလား"
ဖေဖေပိုင်၏ မျက်နှာထက်၌ စိုးရိမ်ပူပန်မှုများ ယှက်သန်းလာတော့သည်။
"ဘာမှ မဖြစ်ပါဘူး အဖေရဲ့။ သား ဘာမှလည်း မဖြစ်သွားဘူးလေ...ဒီမှာ ငါးတွေလည်း ရလာတယ်။ ဒီည ငါးစားရအောင်"
ပိုင်လျန်ဟွား ဖေဖေပိုင်ကို နှစ်သိမ့်ရင်း လက်ထဲရှိ ငါးထည့်ထားသော ပုံးကို မြှောက်ပြလိုက်၏။
ဖေဖေပိုင်က သစ်သားပုံးကို ယူကြည့်လိုက်လေသည်။
"ငါးတွေက ဖမ်းရခက်တဲ့အပြင် ညှီစော်ကနံ၊ အရိုးကများသေးတယ်။ စားရတာလည်း ရွှံ့အရသာနဲ့ကို။ ဘာလုပ်မှာလဲ လျန်ဟွားရဲ့"
ဖေဖေပိုင် ခမျာ သူ့သား၏ မျက်နှာနုနုလေးအား ကြည့်ရင်း မဆူရက်တော့ပေ။
ပိုင်လျန်ဟွား ပုံးကို ပြန်ယူလိုက်ကာ ရွှင်ရွှင်မြူးမြူး ပြောလိုက်၏။
"အဲ့တာ ချက်နည်းမှားနေလို့ အဖေရဲ့။ ဒီနေ့ သားကိုယ်တိုင် အရသာရှိရှိ ချက်ကျွေးမယ်ဗျာ"
ဖေဖေပိုင်က မယုံကြည်သည့် မျက်နှာထားနှင့်...
"မင်းဘယ်တုန်းက ဟင်းချက်ဖူးလို့လဲ လျန်ဟွားရဲ့။ ဟုတ်မှလည်း လုပ်နော်"
"စောင့်ကြည့်နေပါ အဖေကလည်း"
ပိုင်လျန်ဟွား၏ မျက်နှာလှလှလေးထက်၌ ယုံကြည်မှုတို့ ပြည့်လျှံနေပေ၏။
"အေးပါကွာ...သား သဘောကျသလို စီမံလိုက်။ ပေးပေး..ဒီငါးတွေ အဖေကိုင်ပေးမယ်"
![](https://img.wattpad.com/cover/385295170-288-k144420.jpg)
YOU ARE READING
ကြာဖြူလေးအဖြစ် ကူးပြောင်းသွားခြင်း
Romanceအကျဥ်းချုပ် ပိုင်လျန်ဟွား ၏ နေ့စဥ်ဘဝမှာ ရိုးရှင်းလှ၏။ သွမ့်ယန်ကို "ကိုကို"လိုက်ခေါ်ဖို့နှင့် သွမ့်ယန်၏ အစာအိမ်ကို အောင်နိုင်ဖို့ရာ ပူပူစပ်စပ်ဟင်းလျာများ ချက်ပြုတ်ကျွေးမွေးဖို့ရန်သာ...။ တစ်ကြောင်းတည်းမိတ်ဆက် - နေရာလွတ်နဲ့ ကြာပန်းဖြူလေးရဲ့ ပျော်စရာဘဝဇ...