Chapter 191

623 77 0
                                    

ကုမျန် အံ့အားသင့်သွားပြီး "ဒါပေမယ့် ကျွန်မ..."

ချန်းချယ် မျက်လွှာအသာအယာချလိုက်သည်။ သူ့လေသံက အနည်းငယ်တိုးလျပြီး အလွန်စိတ်မကောင်းဖြစ်သွားသလိုပင်။ "မျန်းမျန် မင်း ကိုယ့်ကို ဒီနေ့တစ်ကြိမ် ငြင်းထားပြီးပြီ"

မင်းက ပထမတကြိမ်မှာ လက်ထပ်ခွင့်တောင်းတာကို ငြင်းထားပြီးပြီ။ မင်း ကိုယ့်ကို ဒုတိယအကြိမ်မြောက်ငြင်းဖို့ နှလုံးသား ရှိ‌ဦးမှာလား။

ချန်းချယ်က ထိုသို့ပြတ်ပြတ်သားသား မပြောသော်လည်း သူဆိုလိုချင်တာက ထိုသို့သာ။

လော့ကျစ်ယွီသာရှိခဲ့ပါက ချန်းချယ်၏အကြံအစည်ကို သူမြင်နိုင်မည်ပင်။

ချန်းချယ်ပေါ်ရှိညအိပ်၀တ်စုံသည် ရည်ရွယ်ချက်ရှိရှိဖြင့် အလွန်လျော့ရဲစွာ ချည်နှောင်ထားသည်။

ညဝတ်အင်္ကျီသည် အလွန်လျော့ရဲနေသဖြင့် သူ၏ ပျားရည်ရောင်ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများကို မကြာခဏ ဘွားခနဲပေါ်လာစေသည်။

တစ်နည်းဆိုရသော် ချန်းချယ်သည် အလှတရားကို အသုံးပြုရုံသာမက အရှက်မဲ့စွာဖြင့် ၎င်းကိုပင် ရောင်းချခဲ့လေသည်။

ကုမျန် သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ငြင်းပယ်ရန်အတွက် လျှာကို အကြိမ်အနည်းငယ် တွန့်လိုက်သော်လည်း နောက်ဆုံးတွင်တော့ သူမ မခုခံနိုင်ခဲ့ချေ။ “ဒါဆို ရှင် မဟုတ်တာတွေ လုပ်လို့မရဘူး”

ချန်းချယ်က ပြန်‌ဖြေ၏။ "အင်း၊ မင်းကို ဖက်အိပ်ရုံကလွဲလို့ ကိုယ်ဘာမှမလုပ်ပါဘူး"

ကုမျန်သည် ထိုစကားကြောင့် ရင်ခုန်သွားရသည်။ ချစ်သူတွေအနေနှင့် ဖက်အိပ်တာက အထူးအဆန်းမဟုတ်သည့်အတွက် သူမခေါင်းညိတ်ပြီး သဘောတူလိုက်သည်။"အင်း"

ကုမျန်၏အခန်းထဲရှိကုတင်က အရမ်းကျယ်ပြီး ၎င်းပေါ်တွင် နှစ်မီတာကျော်ရှည်သည့် ဝက်ဝံရုပ်ကြီးတစ်ရုပ်လည်း ရှိသည်။

ချန်းချယ်သည် ဤဝက်ဝံရုပ်ကြီးကိုပင် မနာလိုဖြစ်မိသွားရသည်။ အနည်းဆုံးတော့ ၎င်းသည် ကုမျန်၏အိပ်ရာပေါ်တွင် ရှိနေနိုင်သည်လေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ် BOOK ¹Where stories live. Discover now