သူ့နာမည် ကျော်စွာသွေး။ဆယ်တန်းကို ဂုဏ်ထူးများစွာဖြင့်ပူပူနွေးနွေးအောင်မြင်ခဲ့သည်။ဆယ့်ခြောက်နှစ်ကျော်ကျော်ဖြစ်သော်ငြား ၅ပေ၅လက်မကျော်ကျော်အရပ်အမောင်းပြုံးရွှင်ရွှင် မျက်နှာနှင့် ကလေးဆန်ဆန် ပြုမူတတ်ပုံကြောင့် ဆယ်တန်းအောင်ပြီးသားဟုပြောလျှင် လူများက သိပ်မယုံချင်။
သူနှင့်ရွယ်တူများက သူ့ထက်ခေါင်းတစ်လုံးသာသာမြင့်ကြသည်။ဆယ်တန်းနှင့်တက္ကသိုလ် စပ်ကြား ကာလတွင်စိတ်လေမည်စိုး၍အိမ်က ထားပေးသော သင်တန်းများကို တက်နေရသဖြင့် တနေ့တနေ့လုံးလည်ချာလည်လိုက်နေသည်။ဂီတသင်တန်းတခု လည်းတက်နေသည်။ပိတ်ရက် စနေတနင်္ဂနွေ ပတ်များတွင် သူ၏တယောသံခပ်ချာချာကိုကြားနိုင်သည်။
အနိုင်ကျင့်ခံရမည်ကိုသေမလောက်စိုးရိမ်သော မိဘများကြောင့် martial art သင်တန်းတခုကို မတက်ချင်တက်ချင်နှင့်တက်နေရသည်။ငယ်စဉ်ကတည်း ကမိဘအလိုကျနေလာခဲ့ပြီး သူစိမ်းများနှင့်စကားပြောရမည်ကို သေမလောက်ကြောက်တတ်သဖြင့် သူငယ်ချင်းများများစားစားမရှိသော်ငြား အင်မတန်အားကိုးရသည့်သူငယ်ချင်းအရင်းကြီးများရှိသည်။ရည်းစားဟူ၍မူး၍ရှူစရာမရှိ။ သူ့သူငယ်ချင်းများ အတွဲကိုယ်စီ ဖြစ်နေချိန်တွင် သူက မုန့်ဖိုးရလျှင် ဘာဝယ်လိုက်ရမလဲဆိုတာစဉ်းစားနေသည်။အိမ်တွင်လည်း အပြည်ပြည်ဆိုင်ရာအရုပ်ပြတိုက်မဖြစ်ရုံတမယ်။သို့သော် လှံထမ်းလာသည်ကိုသာ မြင်ရသည်။ကံထမ်းလာသည်ကိုသာ မမြင်ရဟူသောစကားပုံရှိသည်မဟုတ်လော။တနေ့ သူတို့ဆယ်တန်းအောင်လာခဲ့သောအထက်တန်းကျာင်းမှ ဆုပေးပွဲလုပ်မည်ဟုကြေငြာသည်။တခြားကျောင်းများလုပ်သော ပုံမှန်ဆုပေးပွဲရက်ထက်တော်တော်နောက်ကျသည်။သူအပါအဝင် ဆယ်တန်းကျောင်းသား ဟောင်းအားလုံးလိုလိုကစိတ်လှုပ်ရှားနေကြသည်။ဆယ်စုနှစ်တခုနီးပါး ပညာသင်ကြားခဲ့သောနေရာဖြစ်၍အမှတ်တရများစွာက ဒုနဲ့ဒေး။ငယ်သူငယ်ချင်းများနှင့်လည်း ပြန်တွေ့ရတော့မည်ဖြစ်၍ ထိုဆုပေးပွဲရက်ကိုသာ မျှော်နေကြသည်။ဆုပေးပွဲနေ့တွင်ငယ်သူငယ်ချင်းတော်တော်များများ ရောက်လာကြသည်။ကိုးတန်းဆယ်တန်းတလျှောက်လုံး တဖက်သတ်ချစ်ခဲ့သော Ex crushကြီးလည်းရောက်လာသည်။ကျူရှင်တွင် တကျက်ကျက်သတ်နေကြ စာပြိုင်ဘက်များလည်းရောက်လာကြသည်။ငါးတန်းတုန်းက ex crushကား ဘာသာစုံဂုဏ်ထူးရှင်အဖြစ်နှင့်ပွဲတက်လာသည်။ ဆယ်တန်း တုန်းက ဆေးလိပ်သောက်ဖက် အချို့ကိုမတွေ့မိသဖြင့် လိုက်ရှာနေမိသည်။ကာလတခုအထိဝေးကွာခဲ့ပြီးမှ အမိကျောင်းတော်ရင်ခွင် ကိုရုတ်တရက်ပြန်ရောက်လာသဖြင့် ဇာတိအိမ် ပြန်ရသကဲ့သို့ခံစားနေမိသည်။
ဗရုတ်ကျဖော်ကျဖက် သူငယ်ချင်းအချို့နှင့်တွေ့သဖြင်ဝမ်းသာ အယ်လဲ ပွေ့ဖက်နှုတ်ဆက်နေကြသည်။ပကတိဖြူစင်လှသည့် ငယ်သူငယ်ချင်းဖြစ်ကြသည်။ ဂုဏ်ပကာသန ရုပ်ရည် ကိုအလေးမထား ညီအကိုရင်းခြာသဖွယ် ငယ်စဉ်က လည်ပင်းဖက်ပေါင်းလာကြသဖြင့် ဝေးသွားလည်း သွေးမအေးဘဲ ခင်မြဲခင်ကြသည်။အချို့က ဆုတံဆိပ်များနှင့်ဓာတ်ပုံရိုက်ကြသည်။ကျော်စွာ့အမေကား ကျော်စွာကိုပြုံးပြုံးကြီး ကြည့်နေသည်။ပိုးပုဆိုးအစိမ်းနှင့် လည်ကတုံးအင်္ကျီကြောင့် ကျော်စွာ ကျောင်းဆရာပေါက်စလေးနှင့်တူနေသည်။အများနည်းတူ ကျော်စွာလည်း ဆုကိုဝံ့ဝံ့ကြွားကြွားကိုင်မြှောက်ကာ ဓာတ်ပုံမျိုးစုံရိုက်နေသည်။ကြည့်ကောင်းသည်တပုံတလေတော့ ပါနိုင်ကောင်းပါရဲ့ဟု တွေးနေမိသည်။ အိမ်ရောက်ရင် နဲနဲeditပြီးprofileချိန်းရန်စဉ်းစားထားသည်။ကျော်စွာ ထိုနေ့က ဓာတ်ပုံမည်မျှရိုက်လိုက်သည်မသိ။phone memoryပြည့်သွား၍ Application တော်တော်များများဖျက်လိုက်ရသည်။ပုံအချို့က ကျူရှင်မှသူများ တချို့က ဆရာဆရာမများနှင့် အချို့က အဖွဲ့လိုက်။
YOU ARE READING
The Untold Words
Novela JuvenilThe boy who loved and the boy who left (Based on the true story)