သီးသန့်ဖြစ်တည်မှု....(အပိုင်း-၁)
=====================ရင်တွင်းခံစားချက်>>>နေရာတိုင်းတွင် အရာရာဟာပြတ်သားတည်ငြိမ်မှုမရှိ။ မြူတွေကအုပ်ဆိုင်း ရင်ခွင်အသည်းညှာက ထုံထိုင်း၍နေသည်။
စိတ်ဓာတ်ကျဆင်း ညိုးငယ်စွာနဲ့ လေးတိလေးကန်ခြေလှမ်းများဖြင့် အိမ်ပေါ်ထပ်မှ ဆင်းလာသည်။ ကျွန်တော့်ကိုမြင်တော့ ဖေဖေနှင့်မေမေက ပြုံးရီကာပြသည်။ ဖေဖေနှင့်မေမေ ပြုံးရီပြနေတော့ အောင့်သက်သက်ဖြင့် ကျွန်တော်ပြုံးရီကာပြန်ပြမိသည်။
မျက်နှာကသာ ပြုံးရီနေပေမဲ့ စိတ်ကမပါ၍ ထိုအပြုံးသည် နှစ်လိုဖွယ်မကောင်းပေ။ ဒီနေ့...ဖေဖေနှင့်မေမေက ကောင်မလေးတစ်ယောက်နှင့် မိဘခြင်း နားဖောက်မည်ဆိုကာ ထိုကောင်မလေးအိမ်သို့ သွားရမည်ဖြစ်သည်။ မိုးကိုဦးဘဝတွင် ဘယ်မိန်းကလေးကိုမှ တစ်ခါမျှ စိတ်ကူးယဉ်အတွေးထဲမှာပင် မချစ်ကြိုက်ခဲ့ဘူးပေ။
မိဘများ၏ အတင်းအကြပ်စီစဉ်မှုကြောင့်သာ ခေါင်းညိတ်ပြလိုက်ရသည်။ စိတ်မပါ၍ ထိုကောင်မလေး၏ နာမည်ကိုပင်တစ်ခါမှ မမေးမိ။ မိဘစကား မပယ်လိုသောကြောင့် အားနာစွာဖြင့် ကဲခတ်ရန်ဟုသာ။ ဓာတ်ပုံကိုတော့ မြင်ဖူးသည်။ အသားဖြူဖြူစင်စင်ဖြင့် လှပစိုပြေပါသည်။ နှာတံကခပ်ဆင်းဆင်းလေးဖြစ်ကာ မျက်တောင်များက ကော့ပြန်နေ၏။ မျက်စံများက အညိုရောင်ဘက်ကိုကူးကာ...တင့်တယ်လွန်းသည်။
ထိုကောင်မလေး၏ အိမ်မ်သို့ သွားရာလမ်းတစ်လျှောက်တွင်လဲ စိတ်ထဲမွန်းကြပ်နေသည်။ ကျွန်တော့်ဘဝတွင် ထိုကဲ့သို့ နားဖောက်ခြင်းသဘော သွားရမည်မှာ ပထမဆုံးဖြစ်သည်ကတစ်ကြောင်း၊ မိမိဘက်မှ ရင်ခုန်မြတ်နိုးတဲ့သူ မဟုတ်သည်ကတစ်ကြောင်း၊ ထိုအကြောင်းခြင်းရာ နှစ်ခုပေါင်းစပ်၍ ရင်ထဲမှာ မွန်းကြပ်နေရခြင်းဖြစ်သည်။
ဒိုင်ဝန်ကွင်းရပ်ကွက်သည် အမှန်အတိုင်းပြောရလျှင် လမ်းများက အင်မတန် ရှုပ်ထွေးသော ရပ်ကွက်ဖြစ်သည်။ မော်လမြိုင်မှာနေသည်က ကြာပြီဖြစ်ပေမယ့် ထိုရပ်ကွက် အတွင်းရှိသူငယ်ချင်းအိမ်တွေဆို တစ်ခါမှမသွားဖူး။ သွားလဲမသွားတတ်ချေ။ မနက်မိုးလင်းထဲက သူငယ်ချင်းအိမ်ကိုရှာပါက နေ့လည်လောက်မှ သူ့အိမ်တွေ့သည်ကြောင့် ဒိုင်းဝန်ကွင်းထဲဝင်လျှင် အမြဲဖြစ်နေကြ အစဉ်အလာပင်...။