သီးသန့်ဖြစ်တည်မှု...(အပိုင်း-၂)
=====================မေတ္တာမိုးဖြန်း အေးချမ်းမှုလွှမ်းသည့် ထိုတစ်ညတာ အိပ်စက်ခြင်းကို ကျွန်တော်တစ်သက်တာ အိပ်စက်ခြင်းအဖြစ်ရပ်တည်ခြင်မိသည်။ အိပ်မက်ထဲတွင် ကိုကြီးနှင့်ဆုံတွေ့သည်။သူသည်ကျွန်တော်၏ ခပ်ဝေးဝေးမှပင် ပြုံးတုံ့တုံ့လေးသာ ပြုံးပြနေသည်။ သတိမူမိသည်က သွားတက်ပေါ်တတ်သော ကိုကြီးအပြုံးသည် အခုအခါတွင်မပေါ်ချေ။ အိပ်မက် စ လယ် ဆုံး တွင် ကျွန်တော်သည် ထိုအပြုံးကိုသာ ကြည်နူးစွာဖြင့် ကိုယ်ပိုင်အရာတစ်ခုလို တပ်မက်စွာ ငေးကြည့်နေမိသည်။ တပ်မက်လွန်းလှပါသည်။ ထိုအပြံးကို ပိုင်ဆိုင်ရန်အတွက် တပ်မက်လွန်းလှပါသည်။
"ဒေါက်....ဒေါက်...."
"သားသား...မိုးလင်းနေပြီ ထတော့...အောက်မှာ မေမေမနက်စာ ပြင်ထားပေးတယ်..."
မေမေ၏အသံသည် ကြည်နူးခြင်းတရားများကို ဖြိုခွင်း၍ ထွက်ပေါ်လာသည်။ ကျွန်တော် မျက်လုံးများကိုဖွင့်၍ အိပ်မက်အတွင်းက အဖြစ်အပျက်ကို ပြန်တမ်းတမိသည်။ အိပ်မက်ဆိုသည်မှာ သူကကိုယ့်ကိုသတိရနေ၍ ကိုယ်ကသူ့ကို အိပ်မက်မက်ကြောင်း ကြားဖူးနားဝ ရှိခဲ့ဖူးသော စကားကို အမှတ်ရကာပြုံးမိသည်။ စိတ်ထဲမှာလဲ ကိုကြီးက ကျွန်တော့်ကိုသတိရနေသည်ဟူ၍သာ သဘောထားလိုက်သည်။
အိပ်ရာမှထကာ အောက်ထပ်သို့ဆင်းပြီး ရေချိုးခန်းအတွင်း မျက်နှာသစ်ပြီးသည်နှင့် မေမေပြင်ပေးထားသော မနက်စားရှေ့တွင် မျက်နှာမူကာ ထိုင်လိုက်သည်။ ပန်းကန်အတွင်းရှိ ရေစိမ်မုန့်တီကို စားရန်ပြင်လိုက်စဉ်မှာပင် မေမေ့ဆီမှ စကားသံထွက်ပေါ်သည်။
"သား...အိသဒ္ဒါစိုးကို ဘယ်လိုမြင်လဲ..."
ကျွန်တော်မုန့်တီခပ်ထားသော ဇွန်းကိုမစားသေးပဲ ပန်းကန်အတွင်းသို့ ပြန်ချကာ မေမေကို ကြောင်တောင်တောင် မော့ကြည့်မိသည်။
"ဘယ်က အိသဒ္ဒါစိုးလဲ..."
"တစ်နေ့က အိသဒ္ဒါစိုးလေ...မေမေတို့နဲ့ သွားတွေ့တဲ့ ကောင်မလေးလေ...သား သူ့နာမည်ကို မမှတ်မိတာလား..."
နာမည်မမှတ်မိတာမဟုတ်ဘူး...အတွေးထဲတောင် မတွေးဖူးတာဟု မေမေကိုပြောလိုက်ခြင်သည်။ သို့ပေမယ့် စိတ်ဆိုးမည်ဆိုး၍ မပြောဖြစ်ခဲ့..စကားလွှဲ၍သာ ပြောမိသည်။