သီးသန့်ဖြစ်တည်မှု...(အပိုင်း-၄)
====================ပင်လယ်ဓားပြစီးရန်အတွက် ကိုကြီးသည် ကျွန်တော်နှင့်အတူထိုင်ရန် အပေါ်ဆုံးအစွန်ဆုံးနေရာလွတ်တွင် နေရာဝင်ယူသည်။ ထိုနေရာကို ဝင်လိုက်သည်နှင့် ကျွန်တော်ရင်တုန်ပန်းတုန် ရှိလှပါသည်။ အရင်က စီးဖူးတယ်ဆိုပေမဲ့ အလယ်တွင်သာထိုင်၍စီးသည်။ အခုက အပေါ်ဆုံးနေရာ လွှဲလျှင်လဲ ကိုယ်က ဟိုးမိုးပေါ်အမြင့်ဆုံးထိ ပါသွားမည်ဖြစ်၍ အနည်းငယ်တော့လန့်မိသည်။ ကိုကြီးပါသည်ဟူ၍ စိတ်ကိုဒုန်းဒုန်းချလျက် ဝင်ထိုင်လိုက်သည်။ ထိုအချိန်တွင်ကျွန်နော်လုပ်ဖြစ်သည်က သက်ပျင်းအကြိမ်ကြိမ်ချနေခြင်းသာဖြစ်သည်။
ကိုကြီးက ကျွန်တော့်ကိုကြည့်၍သာပြုံးနေသည်။
"ဘာတွေ ဒီလောက်လန့်နေတာလဲ...."
"ညီလေး ဒီနေရာကနေ တစ်ခါမှမစီးဖူးဘူး...စိတ်ထဲတစ်မျိုးကြီးဖြစ်နေတယ်..."
"မကြောက်နဲ့ ကိုရှိတယ်..."
ကိုကြီး၏လက်တစ်ဖက်သည် ကျွန်နော့်ပုခုံးက်ုဖက်ကာ လက်မောင်းကို အားတင်းထားဟူသည့် သဘောဖြင့် ဖြစ်ညှစ်ပေးသည်။
ဒုတ် ဒုတ် ဒုတ် ဒုတ် ဟူသောအသံနှင့်အတူ လှေကြီးကို စတင်ဖြေးဖြေးခြင်း လွှဲလိုက်သည်ဆိုသည်နှင့် ရင်ထဲအနည်းငယ်အေးသလို ခံစားရကာ ကျွန်တော်၏လက်သည်ကိုကြီး၏ပေါင်ပေါ်သို့ ရောက်သွားသည်။ အရှိန်အနည်းငယ်မြန်လာတော့ ကျွန်တော့်ရင်ထဲ လွတ်ထွက်သွားသလို ခံစားရကာ ရင်များပင်ကော့၍ တက်လာသည်။ ကျွန်တော့်မျက်လုံးကို မှိတ်၍ လက်ကလဲ ကိုကြီး၏ပေါင်ကို ဖိညှစ်မိတော့သည်။
ကျွန်တော်လန့်နေမှန်းသိ၍ ကိုကြီးသည် ကျွန်တော့်အားသူ၏ရင်ခွင်အတွင်းသို့ ဆွဲသွင်းထားသည်။ လှေအရှိန်သည် တဖြေးဖြေး ပို၍မြန်လာကာ အပေါ်သို့လွှဲတင်သည့်အချိန်တွင် ကျွန်တော်ပါ ကော့တက်၍သွားပြီး လေကိုတစ်ဝကြီးရှူမိသည်။ အောက်သို့ပြန်ဆင်းသည့်အချိန်တွင် ဗိုက်ကိုကျုံ့၍ ကိုကြီး၏ပေါင်ကို အားကုန်ညှစ်ပြီး အသက်အောင့်ကာ လိုက်ပါရသည်။ ကျွန်တော်ရင်ထဲ အူတွေကလီစာတွေပင် ပြုတ်ထွက်သွားသလို ခံစားရသည်မှာ နေသာထိုင်သာမရှိလှ....။