Blind date
" အဆင်ပြေခဲ့လား "
Chanyeol ထင်သည့်အတိုင်းပင် အိမ်ပြန်ရောက်သည်နှင့် အမေနှင့်အစ်မတို့၏ မေးခွန်းများနှင့် စူးစမ်းသောအကြည့်များက ဆီးကြိုနေသည်။မပြေဘူးဟုပြောလိုက်သည်နှင့် ရင်ဆိုင်ရမည့်အစ်မဖြစ်သူ၏အကြည့်များ၊အပြောများကို မြင်ပြင်းကတ်လှသောကြောင့် ခေါင်းသာငြိမ့်ပြလိုက်သည်။တစ်ကယ်လည်းအဆင်ပြေခဲ့တာပဲလေ။ကိုယ်ကတမင်ညာနေတာမှမဟုတ်တာ။နောက်နေ့ကျိန်းသေလာမယ်လို့ သူ့အစ်ကိုပြောသွားတာပဲ။အစ်ကိုဖြစ်သူ၏ပုံပန်းသွင်ပြင်အရဆိုလျှင် ညီမဖြစ်သူကလည်း ချောမောလှပသော မိန်းကလေးတစ်ယောက်ပင်ဖြစ်လောက်မည်ပဲထင်ပါသည်။
" ပြေရင်တော့ကောင်းတာပေါ့။အမေကလည်းကိုယ့်သားလေးအဆင်ပြေတာပဲမြင်ချင်တာ။မင်းအစ်မနဲ့တောင်ပြောနေတာ။သူများသားသမီးတွေကတကယ်ရည်ရည်မွန်မွန်လေးလို့။လူကြီးကိုလူကြီးမှန်းသိတတ်တယ်။ထိုင်ခုံဖယ်ပေးရတာနဲ့။အထုပ်ကူဆွဲပေးရတာနဲ့။Chanyeol ... သားလည်းအဲ့လိုလူကြီးချစ်အောင်နေနော်။ဒါမှသားယောက္ခမတွေနဲ့အဆင်ပြေမှာ။ယောက္ခမနဲ့အဆင်မပြေရင်ဘယ်လောက်နေရထိုင်ရကြပ်တည်းလဲသိတယ်မလား "
" ဟုတ်ကဲ့ "
အစ်မဖြစ်သူကမ်းပေးနေသော သံပုရာရည်ကိုသောက်ရင်း ပြောလာသောအမေဖြစ်သူ၏စကားကြောင့် Chanyeol မငြိမ့်ချင်ငြိမ့်ချင်နှင့်ခေါင်းငြိမ့်ရသည်ပေါ့။တကယ်တော့ ကိုယ်လည်း သူများတွေလိုသူငယ်ချင်းတွေအများကြီးထား ပျော်ပျော်ရွှင်ရွှင် ဖော်ဖော်ရွေရွေ နေတတ်ချင်ပါသည်။ဒါပေမဲ့ ဘယ်လိုမှလူတောမတိုးရဲတဲ့ ဉာဉ်ဆိုးကြီးကြောင့်သာ။လူကြားထဲရောက်သွားရင်ကို အဲ့လူတွေရဲ့မျက်လုံးတွေအကုန်လုံးက ကိုယ့်ကိုပဲစိုက်ကြည့်နေသလို ခံစားရပြီး ချွေးတွေပျံ ဒူးတွေတုန်လာတာ။Hoodie ကိုသာစွဲစွဲမြဲမြဲဝတ်ဖြစ်တာ အဲ့ဒီအကြောင်းတွေကြောင့်လည်းပါသည်။Hoodie ဝတ်ထားရင်ကိုယ့်ကိုယ်ကို Hoodie ထဲမှာဖွက်ထားရသလိုခံစားရပြီး လုံခြုံသွားတယ်လို့ထင်သည်။
ထို့နောက် ယနေ့ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်တို့ကို စိတ်ကရောက်သွားပြန်တော့တည်ကြည်ခန့်ညားသော လူတစ်ယောက်၏ပုံရိပ်က မျက်လုံးထဲပြန်ပေါ်လာသည်။မိမိသွားတွေ့ခဲ့သော ထိုသူကတော့ အတော်ကြောက်စရာကောင်းသည်ဟုပင် ဆိုရမည်။တစ်ဖက်သားကို လေးစားတတ်ပုံလည်းမရ။အားနာတတ်ပုံလည်းမရ။သူ့ရှေ့မှာထိုင်နေရသည်ကပင် ရင်တုန်စရာကောင်းလှသည်။သူက သာမန်အတိုင်းပြောဆိုနေသည်ဖြစ်သော်လည်း သူ့အကြည့်များ သူ့အပြောများထဲတွင် မာန်တစ်မျိုးကိန်းအောင်းနေကာ လူကအလိုလိုနေရင်း သေးကျုံ့သိမ်ငယ်သွားသလို ခံစားရသည်။ထိုသူနှင့် ဆွေမျိုးတော်စပ်သွားရမှာကိုတွေးမိတော့ သူနည်းနည်းတော့ ရင်လေးမိသားပင်။