Episode(1)

284 23 15
                                    

ကား​ပေါ်ကဆင်းလိုက်​တယ်​ဆိုရင်​ပဲ ပူ​နွေး​နွေး​လေထုကဆီးကြို​နေသည်​။ နားသယ်​စပ်​မှစီးကျလာတဲ့​ချွေးစတို့ကိုသုတ်​ဖို့ပြင်မိတော့ လက်ထဲကမြင်းခွာရွက်​တချို့နဲ့အုန်းရွက်​ရှည်​​မျော​မျောတို့က က​ရော်​က​ရော်​လုပ်​​နေသ​ယောင်​။
''ကျစ်..အောင်ပါတယ်ဆိုမှကွာ။''
စုပ်သပ်ရင်း ခပ်ကျိတ်ကျိတ်ညီးတွားမိသည်။ ဟုတ်၏..သူ၏အဒေါ်ဖြစ်သူဒေါ်မာလာဆိုသည်မှာ ဗေဒင်ဘာညာ ရှေ့ဖြစ်တွေနောက်ဖြစ်တွေကိုအလွန်ယုံစားသူဖြစ်သည့်အလျောက် ယခုလည်းတူတော်မောင်ဖြစ်သူစွမ်းသုတအား ဆယ်တန်းအောင်ရန်ယတြာအချေလွှတ်လိုက်ခြင်းဖြစ်သည်။ ငယ်ငယ်က နာမည်ပေးဖို့ကိုလည်း..ဗေဒင်သွားမေးခဲ့သည်ဟူသေး၏။ ဗေဒင်ဆရာက တက်လမ်းတွေပွင့်အောင်အညွှန့်ပါတာကောင်းတယ်ဆို၍ နာမည်မှာညွှန့်တပ်မယ် တကဲကဲလုပ်သေးသည်လဲဟူ၏..ကံကောင်း၍ စွမ်းသုတညွန့်မဖြစ်ခဲ့ခြင်းဖြစ်သည်။ ရောက်နေမှလဲမထူးဘူးတော့ ရှေ့ဆက်တိုးဖို့သာရှိတာမို့ ဘုရားဆီသို့ဦးတည်ထွက်လာလိုက်သည်။
''ဟာ..ကိုယ့်ညီ ဟိုးထားဦးဟ''
လှည့်ကြည့်လိုက်တော့ သူစီးလာတဲ့တက္ကစီယာဉ်မောင်းဖြစ်သည်။
''အာ..ဆောရီးဗျာအကို အဟီး''
သူကလဲ မျက်နှာမြင်မှပိုက်ဆံမပေးရသေးမှန်းသတိရသည်။ ပိုက်ဆံပေးပြီး မျကနှာပူပူနဲ့မြန်မြန်ထွက်လာခဲ့လိုက်ရသည်။ ဟူး..ပြဿဒါပါကွာ။ သူ့အဒေါ်ဖြစ်သူပြောနေကျအတိုင်းပြောရလျှင် နဂါးခေါင်းသည် သူ့ဘက်လှည့်နေမည်ထင်၏။
ပူထူကာထွက်လာမိတာကြောင့် မြောက်ဘက်မုခ်ဆီသို့ရောက်မှန်းမသိရောက်လာခဲ့သည်။ မြောက်ဘက်မုခ်က လူများတာကြောင့်ဒီဘက်ကတက်ရတာကို သိပ်ဘဝင်မကျပါ။ ပြန်ပတ်ရမည်လဲပျင်းတာကြောင့် ဒီကပဲတက်ရန်ဆုံးဖြတ်လိုက်သည်။ ဈေးသည်တို့၏အသံစာစာများနဲ့ကလေးငယ်များ၏ငိုယိုဂျီကျမှုတို့ကပွက်လောရိုက်နေသည်။ ဘုရားလာတာမို့ပုဆိုးနဲ့အင်္ကျီလက်ရှည်ကိုဝတ်လာခဲ့တာမို့ အိုက်စပ်စပ်အပူဒဏ်အပြင် ဆူညံမှုတို့ကိုအလူးအလဲခံနေရကြောင့် မျက်မှောင်ကိုအလိုလိုကြုံ့ထားမိသည်။ တနေရာအရောက် မြင်ကွင်းတခုကသူ့အကြည့်တွေကိုရပ်တန့်စေလိုက်သည်။ ကောင်မလေးတယောက်ကို ကလေးနှစ်ယောက်ကမှီရာကိုယ်စီဆွဲပြီး ပိုက်ဆံတောင်းနေကြခြင်းဖြစ်သည်။ ဒီလိုမျိုးက ထူးဆန်းလှသည်မဟုတ်ပေမယ့် မိန်းကလေးတယောက်အတွက်တော့အိနြေ္ဒပျက်လွန်းလှသည်။ ဈေးသည်တချို့ကထပ်တလဲလဲကြည့်ပြီးသောဇာတ်ကားကိုကြည့်နေရသလို ပျင်းပျင်းရိရိလှမ်းကြည့်နေကြသည်။ စုံတွဲတချို့က တခြားမုခ်ကိုကွေ့သွားကြသလို ခပ်သုတ်သုတ်ဖြတ်သွားသူတွေလဲရှိသည်။ သူဆိုသည်မှာလဲ သွေးအေးအေးနေတတ်သည်မဟုတ်သည်မို့....။
'' ညီလေး...''
ကလေးနှစ်ယောက်ကို လက်တဖက်ဆီမှဆွဲယူလိုက်သည်။ ရုတ်တရက်မို့ ကလေးတွေကပြူးကြောင်ကြောင်ပြန်ကြည့်နေသည်။ ဈေးသည်တွေကတော့ ထပ်တလဲလဲဇာတ်ကားမှာကြော်ငြာမတူတာကိုရှာတွေ့သွားသလို ခေါင်းထောင်လာကြသည်။
''ဗိုက်ဆာလို့မလား..လာ အကိုနဲ့လိုက်ခဲ့။ ဘုရားပေါ်ရောက်ရင် မုန့်ဝယ်ကျွေးမယ်။ ''
ဖြတ်သွားဖြတ်လာများအကြည့်က သူတို့ဆီမသိမသာရော သိသိသာသာပါရောက်နေတာ သတိထားမိသည်။
''လိုက်မလား အကိုနဲ့? မုန့်တွေအများကြီးဝယ်ကျွေးမှာလေ။''

''ဟင့်အင်း..မလိုက်ဘူး မလိုက်ချင်ဘူး..လွှတ်!! ''
ကလေးတွေကရုန်းထွက်ဖို့လုပ်ပေမယ့် အားချင်းမမျှတာကြောင့် ပြေးမရ..အော်ဟစ်။
''တကယ်ဝယ်ကျွေးမှာဆို!''

''မလိုက်ဘူး..သားတို့လွှတ်ပေး''

''ဟုတ်ပြီကွာ..မင်းတို့မလိုက်တာနော်''
သူလွှတ်ပေးလိုက်တာနဲ့ လုံးနေအောင်ပြေးသွားတဲ့ကလေးတွေကိုကြည့်ပြီး မချိုမချဉ်ပြုံးမိသည်။ စွမ်းသုတကို ဒီလိုလုပ်လို့ရရိုးလား?
''ကျေးဇူးနော် မောင်လေး''
အပြုံးနဲ့ပြောလာတဲ့ထိုကောင်မလေးက သူ့ထက်သုံးနှစ်လောက်တော့ပိုကြီးမည်ထင်သည်။
''ရတယ် အစ်မ..ဒါနဲ့ ဒါလေးယူသွားပါလား။ အဆောင်ပေါ့''
နွမ်းစပြုနေတဲ့မြင်းခွာရွက်တချို့ကိုကမ်းပေးလိုက်တော့ သူမကတအံ့တသြကြည့်လာသည်။
''အိုခေကွာ..ဒို့ယူသွားမယ်။ ''
ပြုံးစစနဲ့မြင်းခွာရွက်ကိုလှမ်းယူတော့ အဟီးဆိုရီပြလိုက်မိသည်။ အပြောခံရမည်ထင်ထားပေမယ့် ထင်သလိုမဟုတ်၍တော်သေး၏။
''ဟို ယူလက်စနဲ့အုန်းညွန့်လေးပါယူသွားကြည့်ပါလား''
အရဲစွန့်ပြီးပြောလိုက်တော့ သူမကသဘောတကျရယ်ရင်း ပေး ပေး ဆိုကာလှမ်းယူလာတော့..ငယ်သူငယ်ချင်းတွေလိုရင်းနှီးမှုကိုခံစားရသည်။
''မင်းက တမျိုးဖဲနော်''
'ရူးနေတာမလား'လို့မပြောတာနဲ့တင် ကျေးဇူးတင်မိသည်။ သူမ,ထွက်သွားမှလဲ အလုံးကြီးကျသွားသလိုခံစားရသည်။
အူကြောင်ယတြာက ဒီလိုအူကြောင်ကြောင်နဲ့မြန်မြန်ပြီးသွားခဲ့တာကြောင့် ယုံကြည်မှုရှိရှိ တမင်ရင်ဘတ်ကိုကော့ကာ ခေါင်းမော့လျှောက်လာခဲ့လိုက်သည်။ဘယ်မြင်းခွာရွက်နဲ့အုန်းညွန့်မျက်နှာမှထောက်စရာမလိုတော့ဘူးမလား....။

#kedorishin/wattpad/author/forever

FOREVERWhere stories live. Discover now