Hi ... ငါပါ ..
မင်းရဲ့အဖြူရောင်မေတ္တာတွေကို
ဆော့ကစားခဲ့တဲ့ ကလေးဆန်တဲ့ ငါပါ ။မင်းရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့တဲ့ ရက်စက်တဲ့ ငါပါ ။
မင်းရဲ့ ခဝါချထားတဲ့ မာနတွေကို ထပ်ပြီးနင်းချေခဲ့တဲ့ ယုတ်မာတဲ့ ငါပါ ။
မင်းဘက်ကို ဘယ်တော့မှ မကြည့်ခဲ့ဖူးတဲ့ ငါ့ကို မေ့ပစ်လိုက်ဖို့ ပြောချင်တာပါ ။
ငါတို့နှစ်ယောက်ရဲ့ Conversation တွေကို ဖျက်ပစ်လိုက်ပါ ။
အသုံးမဝင်တော့တဲ့ စာကြောင်းတွေကို ထပ်ခါ ထပ်ခါ ဖတ်ရင်း နာကျင်မနေပါနဲ့တော့ ။
ငါ့ကို သီချင်းဆိုပြဖူးတဲ့အခိုက်အတန့်တွေ ..
ငါရစ်သမျှ စိတ်ရှည်စွာ ချော့ခဲ့ဖူးတဲ့ အချိန်တွေ ..
နာရီတွေမေ့ပြီးဖုန်းပြောခဲ့ကြတဲ့ ညတွေ ..
အတူတူရယ်မောခဲ့ကြဖူးတဲ့ နာရီစက္ကန့်တွေကိုမေ့ပစ်လိုက်ပါ ။
ပြီးတော့ ငါ့ကို မင်းဘဝထဲက ဆွဲထုတ်ပစ်လိုက်ပါ ။
မင်းရဲ့အတိတ်မှာ ဘယ်တုန်းကမှ ငါမရှိခဲ့သလိုမျိုးပေါ့ ။
ငါက မင်းရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ မထိုက်တန်တဲ့လူတစ်ယောက်ပါ ။
မကောင်းတဲ့ ငါ့အတွက် ခံစားမနေပါနဲ့ ။
မင်းဟာ ငါ့ထက်သာတဲ့ .. ပြီးတော့ မင်းရဲ့ အချစ်ကိုတန်ဖိုးထားမယ့် သူနဲ့သာ တွေ့ဆုံသင့်တဲ့ လူသားပါ ။
ငါ့ကိုမေ့ပြီး မင်းရဲ့ အချစ်တွေကို ထိုသူကိုသာ ပုံအော ပေးလိုက်ပါ ။
လှည့်စားတယ် ၊ အပျော်ကစားတယ် လို့ ထင်ချင်ရင်လည်း ထင်နိုင်ပါတယ် ။
ငါ့ဘက်က ဖြေရှင်းချက် ဆင်ခြေတွေ တစ်ခုမှ ထွက်လာမှာမဟုတ်တဲ့အတွက် မင်းစိတ်ကြိုက်သာထင်ပါလေ ။
ထားရစ်ခဲ့တဲ့လူဟာ မင်းမဟုတ်ဘဲ ငါ့ဘက်က အရင်တွန်းထုတ်ခဲ့တာပါ ။
မင်းရင်ခွင်ထဲကနေ ငါထွက်သွားခဲ့တာဟာ မင်းကြောင့်လည်း မဟုတ်သလို
အခြား တစ်စုံတစ်ယောက် အတွက်ကြောင့်လည်း မဟုတ်ပါဘူး ။ငါ့အတွက်ငါ မင်းကို ငါ့ရဲ့ အဝေးပို့ခဲ့တာပါ ။
နှလုံးသားထက် ဦးနှောက်ကို ပိုအလေးပေးမိတဲ့ငါ့ကို မင်း မုန်းလိုက်ပါ ။ ပြီးတော့ မေ့ပစ်လိုက်ပါ ။
မင်းကိုနာကျင်အောင်လုပ်ခဲ့မိတဲ့အတွက်
ငါတောင်းပန်ပါတယ် ။မင်းရဲ့ ဂရုစိုက်မှုတွေအောက်မှာ ရှက်ပြုံးလေးပြုံးရင်း ငါကြည်နူးခဲ့ဖူးပါတယ် ။
ဝေးနေပေမယ့် မင်းရဲ့ ချစ်ခြင်းမေတ္တာတွေအောက်မှာ ငါပျော်ရွှင်ခဲ့ဖူးပါတယ် ။
ပြီးတော့ ... ငါ မင်းကို ချစ်ခဲ့ပါတယ် ...