ကျနော် ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေထဲမှာတော့
ရက်အတော်ကြာကြာအထိ တစ်ဝဲလည်လည်
တွေးမိနေတဲ့ စာအုပ်တွေက သိပ်မများပါဘူး ။အရိုင်းဒီရေ ဟာ အဲ့ဒီလို စာအုပ်တွေထဲက တစ်အုပ်ပါပဲ ...။
အိန္ဒိယ စာရေးဆရာကြီး Amitav Ghosh ရဲ့ The Hungry Tide ကို ဆရာရာပြည့် ဘာသာပြန်ဆိုထားပါတယ်။
ကျနော်က Review တို့ဘာတို့ ရေးရာမှာ
သိပ် ကျွမ်းကျင်တဲ့ သူမျိုးမဟုတ်ပါဘူး ။
ဒီစာအုပ်နဲ့ ပက်သက်လို့ ကျနော်တွေးမိတဲ့
အချက်နည်းနည်းကလေးကိုပဲ ဖော်ပြမှာဖြစ်ပါတယ် ။ကျနော် အရိုင်းဒီရေကို ဖတ်ပြီးသွားတဲ့အချိန်မှာ
တစ်ခါတစ်ရံ သဘာဝပတ်ဝန်းကျင် နဲ့ လူသားမျိုးနွယ်မှာ
ဘယ်တစ်ခုဟာ ကာကွယ်စောင့်ရှောက်ဖို့ ထိုက်တန်သလဲဆိုတဲ့
မေးခွန်းမျိုး ခေါင်းထဲ ရောက်လာခဲ့တယ် ။
အခုနောက်ပိုင်းမှာ အတော်လေး အရေးပါလာခဲ့တဲ့
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ချို့မှာ
ဆုံးရှုံးနစ်နာမှုတွေ ရှိနေသလားလို့လဲ ကျနော် တွေးမိသွားပါတယ်။အရိုင်းဒီရေမှာ ကျနော်တို့ မြင်နိုင်တွေ့နိုင်မယ့် အကြောင်းအရာတွေ အားလုံးဟာ စိတ်ဝင်စားဖို့ အင်မတန်ကောင်းပါတယ် ။
လင်းပိုင်မျိုးစိတ်တွေနဲ့ သူတို့ရဲ့ အမူအကျင့်တွေ အကြောင်းအပြင်
ဒီရေတောတွေရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ချို့ကိုပါ
တစ်ပိုင်းတစ်စအားဖြင့်တော့ လေ့လာသိရှိကြရပါလိမ့်မယ် ...။