ကျွန်တော်ချစ်သော ရှိန်းအပိုင်း(3)

969 78 3
                                    

ကျွန်တော်ချစ်သော ရှိန်း
အပိုင်း(3)

ဆောင်းက အေးသည်ထက် အေးလာပြီ။ မြောက်ပြန်လေရဲ့ အေးစက်မှုက မသတီချင်စရာကောင်းအောင်ကိုပဲ။ ဒါပေမယ့် တစ်နှစ်ပတ်လုံးမှ ဆောင်းပီသအောင် အေးတယ်ဆိုတာ 2 လ ပဲရှိရှာတယ် ဆိုတော့ အေးပါစေလေ။ တုန်နေအောင် အေးတယ်ရယ်လဲ မဟုတ်ပေမယ့် အအေးကြောက်တဲ့ ကိုယ်က ညအိပ်ရင် စောင်ပုံအောက် ပိနေပြီ။ အနွေးထည်ဝတ် ထားတာဆိုတာလည်း ၀က်ဝံကြီးလိုဖြစ်နေပြီ။

အဲ့ဒီအချိန် မန်းလေးကနေ သိပ်မအေးတဲ့ ဆောင်းရာသီမှာ နေနေတဲ့ ပူစီလေးကို သတိရလိုက်တယ်။ သူက တစ်မျိုး။ ဆောင်းရဲ့ အေးစက်တဲ့မြောက်ပြန်လေဖြန်းရင် ရင်ခုန်လာတတ်တယ်တဲ့။ အဲ့ချိန် ကဗျာဥာဏ်တွေ ကွန့်မြူးလာတတ်တဲ့ ကလေးလေး။ သူ့နှလုံးသားထဲက အနုပညာတွေကို နှိုးဆွပေးနိုင်တဲ့ နှင်းဝေတဲ့ ဆောင်းကို သူချစ်တယ်တဲ့။

ရှိန်းကို ခုချိန် မျက်စိထဲ မြင်ယောင်ကြည့်မယ်ဆိုရင် နေခြည်ပက်ဖြန်းတဲ့ အေးမြတဲ့ ဆောင်းမနက်ခင်းမှာ အငွေ့ တထောင်းထောင်းနဲ့ တိုဟူးနွေးကို နှစ်နှစ်ခြိုက်ခြိုက်စားရင်း ကော်ဖီပူလေးကို မှုတ်သောက်နေမယ့် ကောင်လေး တစ်ယောက်ကို မြင်ယောင်နေမိတယ်။ ခပ်တိုတိုညှပ်ထားတဲ့ ဆံပင်လေးနဲ့ သူက အလုပ်သင်ဆင်းတဲ့ ဆရာဝန်လေးနဲ့ မတူပဲ ဆေးကျောင်းသားလေးလို သူ့မျက်နှာလေးက နုနယ်ပျိုမြစ်နေတယ်။

တော်သေးတယ်။ သူ့မျက်ဝန်းလေးတွေက အသက်ဝင်နေလို့။ ရှိန်းကို ပြုံးရယ်နေတာကို အမြဲမမြင်ရရင်တောင် ခုလို ကြည်ကြည်လင်လင်လေးနဲ့ စိတ်လက်အေးချမ်းတဲ့ပုံလေးကို အမြဲတွေ့ချင်နေခဲ့တာပါ။ ရှိန်းက အေးဆေးသမားလေ။ လူစိမ်းကို အလွယ်တကူမရောတတ်၊ မပေါင်းတတ်တဲ့သူ။ လူစိမ်း၊ ပတ်ဝန်းကျင်စိမ်းကို အလွယ်တကူ မပျော်ဝင်တတ် တဲ့သူ၊ ကိုယ့်ရဲ့စိတ်ခံစားချက်ကို လူတကာကို အလွယ်တကူ ထုတ်မပြတတ်တဲ့သူ။ ဒါပေမယ့် လူတစ်ယောက်ကို တကယ့်ကို ခင်သွားပြီဆိုရင် အပြစ်မှန်သမျှကို နားလည်ခွင့်လွှတ်ပေးတတ်တဲ့သူ။ သူခင်မိတဲ့သူကို စိတ်ရော ကိုယ်ရော နှစ်မြှုပ်ပြီး နှလုံးသား တစ်ခုလုံးပုံပြီးပေးတတ်တဲ့ ကလေးလေး ဆိုတာ ကျွန်တော် ဖြည်းဖြည်းချင်းသိလာခဲ့တယ်။

သူလေးရဲ့ စိတ်နေစိတ်ထားက ကျွန်တော်နဲ့ အတော့ကို တူတယ်။ တစ်ခုပဲကွာတယ်။ ကျွန်တော်က သူ့ထက် အသက်ကြီးပြီး လောကဓံကို အများကြီး ကြုံတွေ့ခဲ့လို့ထင်တယ် သူ့ထက်စာရင် နည်းနည်းကြမ်းတမ်းတယ်။ အတူနေရင်း ကလေးလေးရဲ့ နူးညံ့တဲ့စိတ်ကို ပိုပို ခံစားမိလာတယ်။ ပူစီလေးက ကျွန်တော့်ကို ကျွန်တော် မျှော်လင့်ထားတာ ထက်ကို နားလည်လက်ခံပေးခဲ့တယ်။ ပြီးတော့ ချစ်ပေးခဲ့တယ်။

ပူစီလေး ကျွန်တော့်ကို အရမ်းကို တွယ်တာလာတာကို သိရတော့ ကျွန်တော် ဂုဏ်ယူတယ်။ ပျော်တယ်။ ပြီးတော့ သူ့ကို ပိုချစ်သွားပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အရင်ကတော့ သူပြောသလို အေးစက်တဲ့ ကောင်လေးလို့ထင်ခဲ့တာ။ ဘယ်ကလာ။ လုံးဝကို ဆန့်ကျင်ဘက်ပဲ။ ရှိန်းက သူ တကယ်ချစ်တဲ့သူကို ရင်ဖွင့်ပြီး အချစ်တွေကိုပုံပေးတတ်တဲ့ ကလေးလေးပဲ။ ကလေးလေးလို တနေ့ထက် တနေ့ ကျွန်တော့်အပေါ် တွယ်တာလာတယ်။ ကျွန်တော်က သူ့ရဲ့ဘ၀ဖြစ်လာတယ်။

အထူးသဖြင့် အိပ်ရာ နိုးစတို့၊ အလုပ်က ပြန်ရောက်ရောက်ခြင်းတို့ ကျွန်တော့်ကို မတွေ့ရင် သူလေး စိတ်ထဲ နေမထိ ထိုင်မသာ ဖြစ်လာတယ်။ သူ အပိုတွေ လုပ်နေတာ မဟုတ်ဘူးဆိုတာ ကျွန်တော် ခံစားမိတယ်။ ကျွန်တော်လည်း သူဆေးရုံက ပြန်လာချိန် လိုင်းမတက်ရင်၊ အိမ်မရောက်သေးရင် စိတ်ပူလို့နေတာ။ သူ နေမကောင်းတဲ့ရက်၊ အလုပ်လည်း သွားနေရရင်၊ ညကို အအေးပတ်ပြီး သူ ညအိပ်လို့မရရင် ကျွန်တော် ပူလောင်နေတာ။ သူ နိုက်ဂျူတီကျတဲ့ ညတွေ ညကို တညလုံးနီးပါး ထရတာတို့၊ မအိပ်ရတာတို့ ဆိုရင် စိတ်မသက်မသာကို ဖြစ်နေမိတယ်။ ရှိန်း ပင်ပန်းနေတာကို ကြည့်နေရတာ ကျွန်တော့်အတွက် အပြစ်ပေးခံနေရသလိုပဲ။

ဒါကြောင့် မနက်နိုးလာရင် ရှိန်းကို သေချာစောင့်ပြီး နူတ်ဆက်တယ်။ မနက်ကို သူ မနက်စာ တစ်ခုခု မစားပဲ ဂျူတီဝင်မှာ ကျွန်တော် အရမ်းစိုးရိမ်မိတယ်ဗျာ။ အရင်က အဲ့ဒါကို ပူညံပူညံလုပ်တော့ သူ စိတ်ရှုပ်သေးတယ်။ သူ့နေထိုင် စားသောက်မှု ပုံစံကို ကျွန်တော် အတင်းပြောင်းလဲနေသလို ခံစားရပြီး သူ စိတ်ကျဉ်းကြပ်တယ်တဲ့။ သူအဲ့စကား စပြောတော့ ကျွန်တော် အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်က သူ့ကိုဆာလောင်နေပြီး အလုပ်မလုပ်စေချင် ဘူးလေ။

ကိုယ့်သားသမီးက အစားမှန်မှန်မစား၊ အအိပ်မှန်မှန်မအိပ်ပဲ ပေပေတေတေ နေနေရင် ဘယ်မိဘက စိတ်ချမ်းသာမလဲ ဗျာ။ ကျွန်တော်လည်း အဲ့လိုပါပဲ။ ရှိန်းက ပြောတယ်။ ကျွန်တော်လုပ်လို့ သူ ပျော့လာတယ်တဲ့။ ကျောင်းတုန်းက မနက်စာ မစားဘူးတဲ့။ နေ့လည်စာလည်း ဖြစ်သလိုပဲ။ ညစာ တစ်နပ်ပဲ ကောင်းကောင်းစားပြီး အိပ်တယ်တဲ့။ ညဆို သန်းခေါင်ကျော်မှ အိပ်တယ်တဲ့။ အာလူးကြော်၊ မုန့်ခြောက်၊ ခေါက်ဆွဲခြောက်နဲ့ 3 ရက်လောက် အခန်းအောင်းနေ တတ်တယ် ဆိုပဲ။ ကျွန်တော် ရင်ဘတ်ဖိမိတယ်။

မတူဘူးဆိုတာ ရှိန်းကို အတော်ပြောယူရတယ်။ အခုက ရှိန်းက ကျောင်းသား မဟုတ်တော့ဘူးလေ။ သူက အလုပ်သင် ဆင်းနေတဲ့သူ။ တရက်ကို နာရီပေါင်းများစွာ စိတ်ဖိစီးမှုကြားက အလုပ်လုပ်ရတဲ့သူလေ။ အရင်လို ပေပေ တေတေ နေရင် သူ ဘယ်ခံနိုင်မှာလဲ။ သူ လဲသွားမှာပေါ့။ လူပဲ။ ဗိုက်ဆာတယ်၊ အစားကို အချိန်မှန်စားရမယ်။ အစား အချိန်မှန် စားလို့ ပျော့ညံ့တယ်လို့ ကျွန်တော် လုံးဝမထင်ဘူး။ သူမကြိုက်လည်း ကျွန်တော် မနက်တိုင်း၊ နေ့လည်တိုင်း၊ ညနေတိုင်းမှာတယ်။ နိုက်ဂျူတီကျရင် ညနေစာ စားသွားဖို့၊ ညနက်စာနဲ့ မနက်စာ ၀ယ်သွားဖို့ သေချာ မှာရတယ်။

ကော်ဖီမစ်တွေ သောက်နေမှာစိုးလို့ ကော်ဖီမှုန့်အစစ်တွေကို သူကြိုက်တတ်တဲ့ တံဆိပ်လေး ၀ယ်ပြီး သေချာပို့ ပေးတယ်။ ပြီးတော့ ညနေစာကို သူကြိုက်တတ်တာလေး စားဖို့ အမြဲတိုက်တွန်းတယ်။ သူ မစား စားအောင် လိုက်ပြီး ၀ယ်ကျွေူးတယ်။ သူကြိုက်တဲ့ အစားစာကို အားပါးတရ စားနေတာကို ကြည့်ရတာ ကျွန်တော့်အတွက် ပျော်ရွှင်မှုတစ်ခုပါ။

တစ်ခါတစ်လေ သူဖြေရှင်းလို့ မရနိုင်တဲ့ ပြသနာမျိုးနဲ့ ရင်ဆိုင်ရရင် သူ အရမ်းကို စိတ်ထိခိုက်တတ်တယ်။ အဲ့ချိန်ဆို ကျွန်တော် သူ့ကို ပွေ့ဖက်ထားပြီး ကလေးငယ်ငယ်လေးကို နှစ်သိမ့်သလိုမျိုး ကျောလေးကို အသာလေး ပွတ်ပြီး သူ့ကို တဖွဖွပြောနေရတယ်။ ကလေးရယ်...အဲ့ဒါ မင်းရဲ့အမှားတွေ မဟုတ်ပါဘူး။ တချို့အရာတွေက ကိုယ်တို့ ပြုပြင်လို့ မရတာတွေ၊ သူ့လမ်းသူသွားနေတာတွေကို ထိုင်ကြည့်နေရတာ အများကြီးပါ။ မင်းရဲ့ အပြစ်မဟုတ်ပါဘူး လို့ တဖွဖွ ပြောနေမိတယ်။ ပြီးတော့ ကျွန်တော် သူ့ကို ဘယ်လောက်ချစ်တယ်။ သူ့ကြောင့် ကျွန်တော် ပျော်ရွှင်လာရတယ်။ သူ့ကြောင့်ကျွန်တော် အသက်ရှင်ချင်စိတ်ပြန်ပေါ်လာတယ် ဆိုတာ သူ့ကို ပြောပြရတယ်။

စိတ်နှစ်ပြီး ချစ်တတ်တဲ့ ကလေးလေးကို ယုံကြည်စိတ် ပျောက်ကွယ်အောင်၊ စိတ်တွေကို တစ်စစီကျိုးပဲ့အောင် ဖျက်ဆီးပစ်ခဲ့တဲ့သူကို သူတွေ့ခဲ့တော့ ကျွန်တော့်ကိုလည်း သူသိပ်မယုံဘူး။ ကျွန်တော့် အချစ်ကို ယုံပေမယ့် ကံတရားကို မယုံရဲဘူး။ အားငယ်စိတ်၊ သိမ်ငယ်စိတ်တွေနဲ့ ရှိန်း အမှောင်ထဲမှာ မျက်စိကို စုံမှိတ်ပြီး ရပ်နေခဲ့တယ်။ သူ့ကို ကျွန်တော် ပြန်တွေ့တော့ အဲ့လိုခံစားမိတယ်။ မျက်ရည်မကျအောင် တင်းထားတယ်။ ဘာမှ မဖြစ်ပါဘူး ဆိုပြီး လူတွေရှေ့ မတ်မတ် ရပ်ထားခဲ့တယ်။ ဒါပေမယ့် သူမျက်လုံးကို တင်းတင်းမှိတ်ပြီး လက်သီးကို ဆုပ်ထားတယ်။ ရင်ထဲမှာ အေးစက်ခြင်း၊ ဗလာဟင်းလင်းဖြစ်ခြင်းနှင့် သူ အတင်းကို ရှေ့ဆက်နေခဲ့တယ်။

ကျွန်တော်သိထားတဲ့ သိပ်ကို နားလည်ပေးတတ်တဲ့၊ ယဉ်ကျေးသိမ်မွေ့ပြီး အေးဆေးတဲ့ ကလေးလေးက အထီးကျန် ခြင်း၊ ငြီးငွေ့ခြင်းနဲ့ တဖြည်းဖြည်း ဘ၀ကို အဆုံးသတ်ဖို့ စဉ်းစားနေမိတယ်ဆိုတာ အထိတ်တလန့် ကျွန်တော် တွေ့လိုက်ရတယ်။ ကျွန်တော် နားလည်တယ်။ ယုံကြည်မှုချိုးဖောက်ခံရခြင်း၊ ကိုယ်သိပ်ချစ်၊ သိပ်လေးစားတဲ့ သူရဲ့ သစ္စာဖောက်ခံရတာ၊ ကိုယ့်ကို မိသားစုကတောင် မလိုလားဘူးလို့ စိတ်ထဲ ထင်လာတာတွေ၊ ကိုယ့်ကို နားလည်ပေးတဲ့၊ ချစ်ခြင်းရဲ့လှပမှုတွေကို နောက်တစ်ခါ ထိတွေ့စေတဲ့သူရဲ့ စွန့်ပစ်ထားမှုတွေက ကလေးလေးကို ဟိုးအောက်ဆုံးထိ ကျဆင်းသွားစေတယ်လို့ ကျွန်တော်ထင်တယ်။

လူတွေက ပေါ့ပေါ့ပဲပြောကြမယ်။ နှစ်ယောက် ခံစားချက်တူလို့ ချစ်ကြတယ်။ ရေစက်ကုန်လို့ လူကြီးလူကောင်း ဆန်ဆန် လက်ဆွဲနူတ်ဆက်ပြီး လမ်းခွဲကြတယ်။ မိတ်ဆွေကောင်းလိုပဲ ဆက်ပြီးနေသွားကြတယ်ပေါ့။ ဒါက Mature ဖြစ်နေတဲ့ လူနှစ်ယောက်ရဲ့ဆက်ဆံေ၇းပေါ့။ အဲ့လိုပြောတတ်ကြပါတယ်။

ဒါပေမယ့် တကယ်ချစ်တဲ့သူက ရင်ကွဲအောင် ခံစားရတာကိုရော ထည့်မတွက်တော့ဘူးလား။ ချစ်တဲ့သူနှစ်ယောက် ရေစက်ကုန်လို့ တပြိုင်တည်း ချစ်စိတ်တွေကုန်သွားရင် ကံကောင်းတာပေါ့။ ဒါပေမယ့် လက်တွေ့မှာ တစ်ဖက်က အသစ်တွေ့လို့ အဟောင်းကို ကန်ထုတ်တဲ့အဖြစ်မျိုးမှာ တကယ်ချစ်တဲ့ တစ်ယောက်က ကိုယ့်ချစ်သူပျော်ပါစေ ဆိုပြီး လမ်းခွဲပေးလိုက်တဲ့ အဖြစ်မျိုးကို တွေးမိကြ၇ဲ့လား။

လူတစ်ယောက်ကို ကာကွယ်ပေးထားတဲ့ အခွံတွေကို တစ်ခုခြင်းခွာချထားပြီး တကယ့်အစစ်မှန်ကို သိသွားတဲ့သူ၊ စည်းတားထားတဲ့ အတွင်းပိုင်းထိကို ထိုးဖောက်ဝင်ရောက်သွားပြီး လူတစ်ယောက်ရဲ့ စိတ်ကို လွှမ်းမိုးပြီး စိတ်တိုင်းကျ ပုံဖော်နိုင်တဲ့သူ၊ မင်းအကြောင်း ငါ အကုန်သိပါတယ်ကွာ ဆိုပြီး အစ၊ အဆုံး program ပြန်ပြီး ရေးဆွဲပေးတဲ့သူ ကိုယ်တိုင်က ရက်စက်ချင်လာတဲ့အခါ သူ အသစ်ဖန်တီးပေးထားတဲ့ ကောင်လေးကို အရုပ်လေးလို အလွယ်တကူ စွန့်ပစ်လိုက်တယ်။ စက်ရုပ်လေး မဟုတ်တဲ့ ခံစားတတ်တဲ့ ကောင်လေးက ရပါတယ် ဆိုပြီး ဆုပ်ကိုင်ထားတဲ့ လက်ကို ဖြေလျော့ပေးလိုက်တယ်။

သူက အမှောင်ထဲမှာ လက်သီးကို တင်းတင်းဆုပ်ပြီး မျက်လုံးကို မှိတ်ပြီး ရပ်ကျန်ရစ်ခဲ့တယ်။ ရင်ထဲမှ အေးစက်ခြင်း၊ အထီးကျန်ခြင်းတွေနဲ့ပေါ့။ အဲ့ဒါ ကျွန်တော် ချစ်တဲ့ ၇ှိန်းပဲဖြစ်တယ်။ ကျွန်တော် ဘ၀တစ်ခုလုံးနဲ့ စက်ပြီးချစ်သွားမိတဲ့ ကလေးလေး တစ်ယောက်ဖြစ်တယ်။ ကျွန်တော် သိတာ တစ်ခုပဲရှိတယ်။ ရှိန်းကို ပျော်စေချင်တယ်။ ရှိန်းကို စိတ်လုံခြုံစေချင်တယ်။ ရှိန်းကို အေးချမ်းတဲ့ နေ့ရက်လေးပဲ ဖန်တီးပေးချင်တယ်။ တစ်သက်လုံးလို့ မပြောရဲဘူး။ ကံတရားကို ကျွန်တော်လည်း မယုံဘူး။ တစ်ရက်ချင်းပဲ။ တရက်ချင်း ရှိန်း စိတ်အေးချမ်းအောင် လုပ်ပေးရင်း ဖြတ်သန်းသွားချင်တယ်။

ဆက်ရန်
May King

ကျွန်တော်ချစ်သော ရှိန်းحيث تعيش القصص. اكتشف الآن