#6

713 69 11
                                    

{Zawgyi}

ညနေရောက်တော့ ကိုစိုင်းက ...

"နေအေးပြီဆိုတော့ ...ဘယ်သွားချင်လဲ"

"အင်း ...ကိုစိုင်းသဘောလေ ...ပြီးတော့ကိုစိုင်းအားမှ ကျွန်တော့်ကိုလိုက်ပို့နော်၊ ကျွန်တော့်အတွက် မလောပါနဲ့၊ ကိုစိုင်း ကျွန်တော့ကိုလိုက်ပို့ရမယ်ဆိုပြီးဝန်မကြီးပါနဲ့ ...ဝန်ထုပ်ဝန်ပိုးကြီးလို့ဖြစ်နေမှာလဲ စိုးရိမ်တယ်၊ အားလည်းနာတယ်"

"အေးပါ ...ပြောတတ်ဆိုတတ်လိုက်တာ ...လူကြီးလေးကျနေတာပဲ"

"ကျွန်တော် လူကြီးပဲဟာ၊ ၁၈ပြည့်ပြီးပြီနော် ..ဟဲဟဲ"

"လူကြီးပေါ့ ..." သူကျွန်တော့ကို ပြုံးပြီးကြည့်နေသည်၊ ကျွန်တော့ဘောင်းဘီကိုလည်း မျက်စတစ်ချက်ပစ်လိုက်သေးသည်။ ဟား ...ဒီကိုစိုင်း တော်တော်မလွယ်ပါလား ...လူကိုနေရခက်အောင်၊ ဆွံ့အသွားအောင်တော်တော်လုပ်နိုင်သည်။ ကျွန်တော်လည်း ပြုံးပြီးမျက်နှာလွှဲလိုက်ရသည်။

"ဦးပိန်တံတား သွားမလား"

"အင်း ...သွားမယ်လေ ကိုစိုင်း၊ အေးအေးဆေးဆေး လမ်းလျှောက်ချင်တယ် ...လေညှင်းလဲ ခံချင်တယ်" ........သူနဲ့ပေါ့။

ဦးပိန်တံတားသို့ကျွန်တော်တို့ ရောက်သွားချိန်မှာ ညနေ၅နာရီခွဲလောက်ဖြစ်သည်။ နေမင်းကြီးမှာလည်း အနောက်အရပ်သို့ တဖြည်းဖြည်းနိမ့်ဆင်းသွားပြီး မိုးကုပ်စက်ဝိုင်းအောက်သို့ပျောက်ကွယ်သွားတော့မည်။ ကျွန်တော်တို့အမြင်တွင် နေမင်းကြီးသည် အရှေ့မှအနောက်သို့နေ့စဉ် ဝင်လာလိုက်ပျောက်သွားလိုက်ဖြင့် ရွေ့လျားနေသည်၊ နေ့ဘက်တွင် အလင်းရောင်နှင့် အနွေးဓာတ်ကိုပေးစွမ်းသွားသည်။ ညဘက်တွင်တော့ အလင်းမှိတ်၍အအေးဓာတ်ကို ဆောင်ကျဉ်းပေးသည်။ ငယ်ငယ်တုန်းကဆို ကျောင်းမှာသင်ရသည်၊ နေသည် အရှေ့မှထွက်၍အနောက်သို့ဝင်သည်။ ဤအရာသည် ငယ်ငယ်တုန်းကမှန်သည်၊ ယခုလည်းမှန်သည်၊ နောင်ဘယ်တော့အထိ မှန်နေမည်လည်းတော့မသိ၊​ အသက်ကြီးလာတော့ ပထဝီအရဆိုလျှင်တော့ နေကရွေ့လျားလှည့်ပတ်နေခြင်းမဟုတ်၊ ကမ္ဘာကသာ နေကို လှည့်ပတ်ရွေ့လျားနေခြင်းဖြစ်သည်။ ကမ္ဘာကိုယ်တိုင် ဝင်ရိုးတွင်လှည့်ပတ်နေခြင်း ကြောင့်လည်း နေဝင်ခြင်းနေထွက်ခြင်းတို့ဖြစ်ပေါ်လာရသည်။ ထို့ကြောင့်အမှန်တရားသည်လည်း ရှုထောင့်မတူလျှင်ပြောင်းလဲသွားတတ်သည်၊ အချိန်အတိုင်းအတာတစ်ခုရောက်လျှင်လည်းပြောင်းလဲသွားနိုင်သည်။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့လည်း ကြီးကျယ်မြင့်မြတ်လှပြီဟုထင်မှတ်ထားကြသည်၊ တကယ်တော့ ကျွန်တော်တို့သည် ကမ္ဘာနှင့်ယှဉ်လိုက်လျင် မပြောပလောက်အောင်သေးငယ်လှပြီး စကြာဝဋာထဲတွင်တော့ ကျွန်တော်တို့၏ဖြစ်တည်မှုသည် ဆိုဖွယ်ရာပင်မရှိလောက်။ နှစ်ပေါင်းကုဋေကုဌာဖြင့် ဖြစ်တည်နေသော ကမ္ဘာနှင့်ဂြုဟ်များနှင့်ယှဉ်လျှင် ကျွန်တော်တို့၏နှစ်တစ်ရာသက်တမ်းသည် ခဏသာဖြစ်သည်။ထိုသို့ယှဉ်လိုက်လျှင် ကျွန်တော်တို့၏ဘဝသည် ဘာမျှအဓိပ္ပာယ်မရှိတော့။ အစထဲက ကိုယ်ရွေးချယ်၍မရ၊ မည်သည့်ဝမ်းတွင်သန္ဓေတည်မည်လည်း မသိ၊ လှည့်ကွက်များသော လောကဒဏ်များကလည်းရှိသေးသည်။ ဘယ်အချိန်သေမည်လည်းမသိ။ တချို့အကြာကြီးနေရတော့မလို မရပ်မနားရှာဖွေစုဆောင်းနေကြသည်။ တချို့ မနက်ဖြန်သဘက်ခါ သေတော့မလို အရက်သောက်၊ ဘိန်းရှူ၊ လောင်းကစားအပျော်အပါးလိုက်စားနေကြသည်။ သို့ဆိုလျှင်မည်သို့နေထိုင်ရမည်နည်း ...တစ်ယောက်နှင့်တစ်ယောက်တော့ သဘောထားအယူအဆ မတူကြ။ ကျွန်တော်ကတော့ ကျွန်တော်အသက်ရှင်ရသည့်အချိန်များတွင် လူသားအကျိုးပြုသောလုပ်ငန်းများ အတွက်သာရည်ရွယ်ချက်ပန်းတိုင်ထားချင်သည်၊ ပန်းတိုင်ရောက်ချင်ရောက်ပစေ၊ မရောက်ရင်လဲနေပစေ ...သူတစ်ပါးထိခိုက်နစ်နာစေမည့် အလုပ်မျိုးတော့မလုပ်မိအောင် ရွေးချယ်သွားပါမည်။ အတတ်နိုင်ဆုံးပျော်ရွှင်စွာဖြတ်သန်းသွားချင်ပါသည်။ ....အမှန်တရားတစ်ခုဟုဆိုပါက ယခုကျွန်တော် ကိုစိုင်းနားရှိနေချိန်တွင် ကျွန်တော်ပျော်ရွှင်နေမိပါသည်။ ...

A Travel Love Story {Complete!!!}Where stories live. Discover now