Qizhen သက္ကရာဇ်၂၀နှစ်မြောက်၊ Beiliang နိုင်ငံ၊ Jinjiang မြို့တော်။
အပြောင်းအလဲမြန်တဲ့ ရာသီဥတု က တိမ်တွေကင်းစင်ရာကနေ ချက်ချင်းကြီး မိုးတွေချိန်းပြီး သဲသဲမဲမဲ မရွာခင်ချိန်အထိတော့ ဇန်န၀ါရီလရဲ့ သာယာတဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့တယ်။ ကျယ်လောင်လှတဲ့ မိုးချိန်သံတွေက လေထုထဲမှာ ပျံ့နှံ့နေသလို ကောင်းကင်မှာလဲ လျှပ်စီးတွေက တစ်ခါတစ်ရံ လျှပ်လို့နေတယ်။ ကျဉ်းမြောင်းပြီး ချောနေတဲ့ လမ်းလေးထဲမှာ ရေပြင်က ငွေရောင်အလွှာထုကြီးလို ဖြစ်နေတယ်။
သေသပ်လှပစွာပြုလုပ်ထားတဲ့ စန္ဒကူး သေတ္တာလေးကို တစ်ဖက်ကကိုင်ထားရင်း Ji Yunshu ရဲ့ အခြားတစ်ဖက်က ထီးကို ကိုင်ထားတယ်။ သူမဟာ Ji မိသားစုအိမ်ကနေ ကျောက်အိမ်တော်ကြီးဝင်ပေါက်ရောက်တဲ့အထိ ထီးနဲ့ သေတ္တာလေးကို ကိုင်ရင်း တစ်လျှောက်လုံး လမ်းပဲလျှောက်လာခဲ့တယ်။
နှစ်တစ်နှစ်ရဲ့ ပထမဆုံး လမှာ အိမ်တိုင်းအိမ်တိုင်းဟာ ပျော်ရွှင်မှုတွေ နဲ့ ပြည့်နေခဲ့တယ်။ ဒါပေမယ့်လည်း ကျောက်အိမ်တော်ကြီးကတော့ အ၀င်ဝမှာ အဖြူရောင်ဖဲကြိုးတွေ နဲ့ အဖြူရောင်မီးအိမ်အများအပြားကိုသာ ချိတ်ဆွဲထားတယ်။
အဲ့ဖြစ်ရပ်က မနေ့က ဖြစ်ခဲ့တာပါ။ကျောက်အိမ်တော်ကြီးရဲ့ သခင်မလေးဟာ မတော်တမှုတစ်ခုဖြစ်ခဲ့ပြီး သေဆုံးသွားခဲ့တယ်။
Ji Yunshu ဟာ သူမလက်ထဲမှာ ကိုင်ထားတဲ့ သေတ္တာလေးကို သေသေချာချာပြန်မစစ်ဆေးသေးခင် ထီးကို နေသားတကျဖြစ်အောင် လုပ်ပြီး ပခုံးပေါ်က မိုးရေစက်တွေကို ခါချလိုက်တယ်။
ဒီသေတ္တာလေးက သူမတန်ဖိုးထားရတဲ့ ပစ္စည်းဖြစ်သလို သူမကို အသက်ဆက်လက်ရှင်သန်နိုင်အောင် ပြုလုပ်ပေးခဲ့တဲ့ အရာတစ်ခုဆိုလဲ ဟုတ်တယ်။ ဒါကြောင့်မို့ ရေလေး နည်းနည်းစိုသွားမှာကိုတောင် သူမ လုံးဝခွင့်ပြုမှာမဟုတ်ဘူး။
နိုင်ငံတော် ရာဇ၀တ်တရားသူကြီးကသာ သူမကို သွားရောက် စစ်ဆေးကြည့်ပေးဖို့ မတောင်းဆိုခဲ့ရင် သူမက လုံးဝလာချင်ခဲ့တာမဟုတ်ဘူး။
နှစ်တစ်နှစ်ရဲ့ အစမှာ အလုပ်လုပ်ရတယ်ဆိုတာ တကယ်ကိုကံမကောင်းတဲ့ လက္ခဏာပဲလေ။
" ဆရာ .....၀င်လာခဲ့နိုင်ပါတယ်ခင်ဗျာ " အိမ်တော်ကြီးထဲက အစောင့်ကောင်လေးက အမောတကောနဲ့ ပြေးလာပြီး သူမကို ပြောတယ်။ တော်တော်လေးမောနေပုံရတဲ့ သူ့ကိုယ်သူကို ထိန်းရင်း သူမအရှေ့ မချောကျသွားအောင် အချိန်မှီရပ်လိုက်တယ်။
သခင်မလေးလို့ ခေါ်ရမယ့် အစား ဆရာ လို့ သူ သုံးနှုန်းလိုက်တာကို သူမအနေနဲ့ မအံ့သြပေ။ ဘာလို့ဆို ရိုးရှင်းပေမယ့် ကျော့မော့တင့်တယ်တဲ့ ယောက်ျားလေးအ၀တ်အစားတွေကို သူမ ၀တ်စားထားတာမို့ပဲ။
Ji Yunshu ခေါင်းညှိမ့်လိုက်တယ်။ ၀မ်းနည်းကြေကွဲခြင်း (သေသူတွေအတွက်) ခန်းမရှိရာ နောက်ဘက်အဆောင်ထဲသို့ အစောင့်ကောင်လေးနောက်ကနေ သူမ လိုက်သွားခဲ့တယ်။ အိမ်တော်ကြီးထဲမှာ ရှိတဲ့ အစေခံတွေ အားလုံးဟာ ဒူးထောက်ထားပြီး သူတို့ ခေါင်းကိုငုံ့ထားကြတယ်။ လူတိုင်းဟာ ငိုကြွေးနေကြပြီး မျက်ရည်တွေကို သုတ်နေကြတယ်။
ဝမ်းနည်းကြေကွဲခြင်း ခန်းမအတွင်း မှာတော့ ကျောက်အရှင်သခင်ကြီးဟာ ဆံထုံးမြင့်မြင့်ထုံးထားပြီး ခရမ်းရောင်နဲ့ အနက်ရောင် ဖဲသားဝတ်ရုံကို ၀တ်ဆင်ထားတယ်။ သူ့ရဲ့ မျက်နှာဟာ သုသာန်တစပြင်လိုမျိုး အသက်ကင်းမဲ့ပုံပေါ်နေတယ်ဆိုတာ ပြောစရာမလိုအောင်ကို အပ်ချည်မျှင်လိုဖြစ်နေတဲ့ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းက ပေါ်လွင်နေတယ်။ အရမ်းပင်ပန်းနေပုံပေါ်တယ်ဆိုတာကို သူ့ရဲ့ နီရဲနေတဲ့ မျက်လုံးတွေကတစ်ဆင့် ဖော်ပြနေတယ်။
.................................................................
ဒီနေ့တော့ ဒီလောက်ပဲ ..
စကားလုံးထောင်ကျော်အောင်ရေးနိုင်တဲ့သူတွေကို တကယ်ချီးကျူးတယ်။
ကိုယ်တွေမှာ ရာဂဏန်းလောက်ကို မနည်းရေးနေရတယ် xD
YOU ARE READING
Bone Painting Coroner (Myanmar Translation)
Mystery / Thriller၂၁ ရာစုခေတ်မှာ သူမဟာ လူ့ခန္ဓာကိုယ် ရုပ်ကြွင်းက အချက်အလက်တွေပေါ်မူတည်ပြီး ရှေးဟောင်းယဉ်ကျေးမှုကို ဖော်ထုတ်လေ့လာတဲ့နယ်ပယ်မှာ ပြိုင်ဖက်ကင်း၊ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တယ်လို့ သတ်မှတ်ခံထားရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ခုတော့ အာဟာရချို့တဲ့ပြီး သေမယ့်ရက်...