အပိုင်း-၇

17.3K 1.4K 7
                                    


(Unicode)

ဧည့်ခန်းထဲမှာ ခခ ရောက်နေသည်ဟုသော အသိက ခံ့ညားစိတ်ထဲကို ဒီရေလှိုင်းပုတ်လိုက်သလို ဝရုန်းသုန်းကားဖြစ်သွားစေသည်။

ခခအမေ အန်တီချိုအား အထုပ်မှားသည့်ကိစ္စနှင့် ပတ်သက်ပြီး 'တစ်စိတ်ကိုတစ်အိတ်'လုပ်ပြောထား၍ ကိုယ့်ကိုကိုယ်လည်း လိပ်ပြာမလုံ ။

လူလည်ကလေးခခက ဒီကိစ္စကို ရိပ်မိနေရင် ဘယ့်နှယ်များလုပ်ရပါ့။

နေ့လည်ကလူပေါင်းများစွာရှေ့ ဖြေရှင်းချက်ထွက်ပေးတုန်းကတောင် သူ သည်လောက်ထိ ရင်မခုန်ခဲ့ ။

စိတ်ငြိမ်သွားအောင် ကွမ်းတစ်ရာညက်စာလောက် ဟိုလျှောက်သည်လျှောက် လုပ်လိုက်ပြီးမှ ခံ့ညားမှာ ခခ ရှေ့ကို သွားနိုင်တော့သည်။

" ကိုခံ့ ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော့်ကြောင့် အလုပ်ကိစ္စတွေအားလုံး နှောင့်နှေးရပြီ "

ခံ့ညားကို မြင်သည်နှင့် ပြာပြာသလဲ တောင်းပန်စကားဆိုလာသော ကောင်ကလေး။

ဘယ်လောက်တောင် စိုးရိမ်သွားလို့များလဲ ။

သူ့လုပ်ဇာတ်စကားကြောင့် အန်တီချိုများ ကလေးကို အရမ်းကာရော ဆူခဲ့လိုက်သလား ။

ခံ့ညားစိတ်ထဲ ထိတ်ခနဲ ။

သို့သော် သရုပ်မဆောင်လို့ကလည်း မရတာကြောင့်

" အင်း တကယ်တော့ ဒီကိစ္စက အတိမ်းအစောင်းခံလို့မရတဲ့ ပရောဂျက်ပဲ... ကိုယ်တို့အလုပ်က timetable နဲ့ ဘယ်အချိန်ဘာလုပ် ဆိုပြီး တိတိကျကျ လုပ်ကြရတာ... အခုပရောဂျက်ဆို ညနေထဲက ပစ္စည်းစုံရင် လုပ်စရာရှိတာလုပ်ပြီး အပြတ်ဖြတ်ရမယ့်ကိစ္စဆိုတော့လေ..."

ခံ့ညား၏ လောင်စာထိုးလိုက်သလို စကားကြောင့် ခခ မျက်နှာလေးမှာ ပြိုတော့မည့် မိုးလို... ။

ထို့နောက် ခံ့ညား အင်္ကျီလက်ကို ဆတ်ခနဲ အမှုမဲ့အမှတ်မဲ့ ဆွဲလိုက်ကာ

" ကိုခံ့ ကျွန်တော်တကယ်ကို တောင်းပန်ပါတယ်... ကျွန်တော်ပေါ့လျော့လို့ဖြစ်ရတာပါ...အခု ပစ္စည်းလာလဲပေးရတာအပြင် လုပ်ပေးနိုင်တာလည်း ဘာမှမရှိလို့ တကယ်အားနာရပါတယ်... ကျွန်တော် ကိုခံ့ ကျေနပ်အောင် ဘယ်လိုတောင်းပန်ရမလဲဟင်..."

အပိုဆု Where stories live. Discover now