Part 25 (U&Z)

7.2K 1.1K 19
                                    

မြေအောက်နေရာသို့ အားလက်စ် ပြန်ရောက်သည်နှင့် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသော ဂေါဒနတ်ဆိုးကို မြင်လိုက်ရသည်။ နေ့အလင်းရောင်ရောက်လာပြီဖြစ်သောကြောင့် အခြားနတ်ဆိုးများမရှိတော့။ နက်နဲမှောင်မိုက်သော နေရာများတွင် ပုန်းအောင်းနေကြပြီဖြစ်သည်။ ဂေါဒနတ်ဆိုးမှာမူ မှောင်ရိပ်ထဲမှာ ဖြစ်သော်လည်း သွားရောက်ပုန်းအောင်းဖို့ စိတ်ကူးရှိဟန်မတူ။

"သခင်လေး.. ပြန်လာပြီလား။ ဟဲ ဟဲ.. ဟိုလေ.. ဟိုကောင်ဒန်နရယ် အားနည်းနေပြီမဟုတ်လား။ သခင်လေးတို့အချင်းချင်း တွေ့ကြတဲ့ အချိန်တွေလည်း မနည်းတော့ဘူး။ သေချာတယ်။ ဒီကောင် အစွမ်းတွေ သိပ်မရှိတော့ဘူး။ ဟုတ်တယ် မဟုတ်လား သခင်လေး။ ကျုပ်ကိုပြောပါဦး။"

ပုပ်သိုးနေသော လူသေကောင်များကို စားမြိုထားသဖြင့် ပုပ်အဲ့အဲ့အနံ့အသက်များသည် ခါးတွင်းပေါက်သုံးခုမှ လှိုင်ထွက်နေသည်။ မျက်လုံးနီများသည် ဂနာမငြိမ်စွာ ပြူးကျယ်နေသည်။ အားလက်စ် မျက်မှောင်ကြုတ်ရင်း မိမိနေရာသို့ ဆက်လျှောက်လာသည်။ ဂေါဒနတ်ဆိုး၏ အမေးများကို ဖြေချင်စိတ်မရှိ။ ယနေ့ညတွေ့ဆုံမှုသည် ယခင်အချိန်များလို မဟုတ်ခဲ့။ ဒန်နရယ်သည် သူ မထင်မှတ်ထားလောက်အောင် အားနည်းနေပြီဖြစ်သည်။ ရင်ဘတ်မှဒဏ်ရာကိုပင် ပျောက်အောင် မလုပ်နိုင်။ သို့ပေမယ့် ဒီအကြောင်းကို ဂေါဒနတ်ဆိုးကို အားလက်စ် မသိစေချင်သလို ဖြစ်နေသည်။ ဘာ့ကြောင့်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် နားမလည်။

"နတ်ဘုရားမရဲ့ ရွှေဓါးမြှောင်ကို ဒီကောင်ဘယ်မှာ ၀ှက်ထားလဲဆိုတာရော သိခဲ့ပြီလား သခင်လေး။ ဒါက အရေးကြီးတယ်။ သိပ်အရေးကြီးတယ်။"

ဂေါဒနတ်ဆိုးသည် အားလက်စ်နောက်မှ တောက်လျှောက်လိုက်လာသည်။ သွားရည်တတောက်တောက်ကျနေသော ပါးစပ်ကြီးကိုဖြဲကာ ဖြဲကာနှင့်ဖြစ်သည်။ မည်းနက်နေသော ကျောက်ဂူလှိုဏ်ခေါင်းနေရာများသည် သင်္ချိုင်းနေရာများလို အေးစက်ငြိမ်သက်နေသည်။ လှိုဏ်ဂူမြေပြင်သည် မီးလောင်ခံထားရသလို မည်းနက်နေသည်။ အခေါင်းပေါက်များမှ တိုး၀င်တိုက်ခတ်နေသော လေပူကြီးသည် ဆိုး၀ါးသောအနံ့အသက်များကို ဟိုမှဒီမှ သယ်ပို့ပေးနေသလိုပင်။

Dark AngelWhere stories live. Discover now