ခွင့်ပြုပါ
အပိုင်း (၄)
#ခွင့်ပြုပါ"ဟမ်…"
"ဟဲ့..ဘယ်လို ဖြစ်တာလည်း.."
"အရီးလည်း သိသားပဲ….ကိုလှထွေး က…"
"အို…မိုးကလည်း…တို့ကို မသနားဘူးလားကွယ်…"
မေမေ ပြန်ဖို့ ပြောလိုက်တာနဲ့ အရီးလေး ကလည်း ဆူသလို အန်တီဝါ၀ါကလည်း မျက်နှာမကောင်းပဲ အနားမှာ ထိုင်ရင်း ဆက်နေဖို့ ပြောတော့မည်..။
ဒီလိုနဲ့ သုံးလေးရက်တောင် နေပြီးပြီပဲလေ..။
ထွေးလည်း ဒီမှာ မပျော်တော့ပါ..။
သုသု နဲ့ ပန်ပန် တို့က တရိုတသေ စကားပြောရင်းနှီးပေမဲ့ နိုနို ကိုတော့ ညစာ ထမင်းစားချိန်မှ တွေ့ရသည်…။
စကားပြောဖို့လည်း အဆင်မပြေသလို သူ့ကို တွေ့နေ မြင်နေ ရင်ကို ထွေးမှာ စိတ်ရှုပ်ရသည်..။
ဆေးလိပ် သောက်တာ မကောင်းဘူး ပြောချင်ပေမဲ့ ခပ်ရိုင်းရိုင်းတွေ ပြန်ပြောရင် ထွေးနဲ့ တစ်သက်စာ ရင်းနှီးမှုတွေ ပြတ်တောက်ကုန်မှာ စိုးလို့ နှုတ်ဆိတ်နေရသည်…။
ညတုန်းကဆိုရင် လူကြီးတွေ ထမင်းစားစောင့်နေပေမဲ့ ဆင်းမလာတော့ အန်တီဝါ၀ါ ကိုယ်တိုင် သွားခေါ်ရသည်..။
ဆင်းလာပြီး ထမင်းစားပြန်တော့လည်း ထမင်း ပန်းကန် အရာမယွင်းပဲ ထားခဲ့ပြန်သည်..။
တစ်ခါတလေ အန်တီဝါ၀ါ ကို ရိုက်ပြီး ဆုံးမ စေချင်သည်..။
ရွာမှာဆိုရင် လူကြီးတွေက သားသမီး မလိမ်မာရင် ဘယ်အရွယ်ဖြစ်ဖြစ် ရိုက်ဆုံးမကြသည်..။
ဟိုတလောကပဲ ဦးကျော် ကို သူ့အမေ အသက်၈၀ကျော်က တံမြတ်စည်းနဲ့ လိုက်ရိုက်လို့ အရက်ပုလင်းကိုင်ပြီး ပြေးရသေးသည်လေ…။
မိန်းမသား တစ်ယောက်တည်း အိမ်မှုကိစ္စ မိဘတာဝန် သားသမီး တာဝန် အိမ် ပြဿနာ အ၀၀ ကို တာ၀န်ယူထားတဲ့ အန်တီဝါ၀ါကိုလည်း သနားပါသည်..။
ဒါပေမဲ့ ဘယ်တက်နိုင်မလည်း…သူတို့ မိသားစုကိစ္စလေ..။
"တို့ ဆိုင်မသွားရတာ ဆယ်ရက်ကျော်ပြီ မိုးရယ်…မိုးတို့ ရှိတုန်းလေး တစ်ခေါက်လောက် သွားကြည့်ချင်တာ…မေမေ့ အနားက ခွာလို့ မရဘူးလေ…သမီး ရှိလို့ စိတ်ချရတာပါ…"
"ဟင်း…ငါလည်း မပြန်ချင်ပါဘူးဟယ်…ဒါပေမဲ့ ကားလက်မှတ်လည်း ဖြတ်ပြီးပြီ…ရွာက လူကြုံစျေး၀ယ်ရောက်တုန်း ပြန်လိုက်သွားချင်တယ်…အဖော်ပါတော့ ကောင်းတာပေါ့လေ….ဒီလိုလုပ်…သမီးကို ထားခဲ့မယ်လေ…"
"ရှင်…"
ထွေး မျက်လုံးပြူးဖြင့် မေမေ့ကို လှည့်ကြည့်ပေမဲ့ မေမေ ကတော့ အန်တီ ဝါ၀ါ နဲ့အရီးလေး ကို ကရုဏာသက်စွာ ကြည့်ရင်း တောင်းပန်နေသည်..။
"ဟယ်…တကယ်လား..ကျေးဇူးတင်လိုက်တာ ခင်မိုးရယ်.."
"မေမေ…ထွေးကျန်ခဲ့ရင်.."
"သမီး ဒေါ်ကြီးကို စိတ်ချပါ…ဒီမှာ အရီးလေး ကလည်း နေမကောင်း အန်တီကလည်း အလုပ်များနေတာဆိုတော့ နည်းနည်း ကူပေးလိုက်ပါ…."
မေမေ က ထွေး မျက်လုံးထဲက စကားတွေကို နားမလည်တာတော့ မဖြစ်နိုင်…။
မသိချင်ယောင်ဆောင်နေတာ သေချာသည်..။
ဘာဖြစ်လို့သူစိမ်းအိမ်မှာ ထွေးကို တစ်ယောက်တည်း ထားခဲ့ချင်တာလည်း မေမေရယ်..။
ထွေး မနေချင်ဘူး…အိုး..ဒီအိမ်သားတွေက ထွေး ဆွေမျိုးလည်း မဟုတ်ဘူး..။
"နောက် တစ်ပတ်နှစ်ပတ်ကြာရင် မေမေ တစ်ခေါက်ထပ်လာမယ် …အဲတော့မှ ပြန်နော်…"
အန်တီ ဝါ၀ါ က တောင်းဆိုသလို ကြည့်တော့ ထွေး မျက်လွှာချရင်း ခေါင်းညိတ်လိုက်ရတော့သည်..။
အရီးလေး ရေတောင်းတော့ ထွေးပဲ ရေထည့်တိုက်သည်..။
"မေမေ….ထွေး မနေခဲ့ချင်ဘူး…ဒါ သူစိမ်း အိမ်လေ…"
"အို…ညည်း က ကျောင်းတက်တုန်းက တစ်ယောက်တည်း သွားနေသေးတာပဲ…ငါအတွက်တော့ အခုအခြေအနေ က ပိုပြီး စိတ်ချရပါတယ်အေ…"
"မေမေကလည်း…"
"အရီးလေး နေမကောင်းတာ သမီးသိတာပဲ…သူတို့ တကယ် အကူအညီလိုနေတာ တွေ့နေရတာပဲ သမီးရယ်…"
"ဟင်း.."
မေမေ ပြန်ကာနီး အချိန်အထိ ထွေး လက်မလျော့ပဲ ပြောပေမဲ့ အကြောင်းပြချက် ကောင်းကောင်း ဖြင့် ထားခဲ့သည်..။
အန်တီ ဝါ၀ါ ကိုယ်တိုင် လိုက်ပို့ပေးတော့ ထွေးက အရီးလေး အနားမှာ စောင့်ကျန်ခဲ့ရသည်..။
"စိုးစိုးရေ…"
"ရှင်…"
"အ၀တ်တွေကို လျှော်စက်ထဲ ထည့်ဦးလေ..မနက်ကတည်းက လျှော်ထားတာ မလား.."
"ဟိဟိ..မေ့နေတာ မမ ရဲ့.."
စိုးစိုးက ကလေး ပီပီ အလုပ်ကို စိတ်မ၀င်စား..ခိုင်းတာလုပ်ပြီးတာနဲ့ တီဗွီရှေ့ကို ရောက်နေတက်သည်..။
သူများအိမ်က လူ ကို ခိုင်းတာ ပိုင်စိုးပိုင်နင်းများ ဖြစ်နေမလား..။
သူဌေးအိမ်ပေါ်တက်ပြီးတောင် အိမ်ရှင်မ စိတ်ကူးယဉ်ခဲ့သေးတာပါပဲ…။
အရီးလေးကတော့ထွေးကို ထောက်ခံပြီး စိုးစိုးကို မပြီးနိုင်အောင် အပြစ်တင်နေတော့သည်..။
"သူလည်း ကလေး ဆိုတော့မေ့တာပေါ့ အရီးလေးရယ်…"
"ဒီကောင်မလေး အနေအထိုင်ကလည်း မတက်…နိုနို တစ်ကောင်က တည့်တံလို့ တော်ပါသေးရဲ့…"
မြေးဘက်လိုက်ပြီး ပြောနေတဲ့ အရီးလေး ကို ဘာမှ မပြောတော့ပဲ သနပ်ခါးပဲ သွေးနေမိသည်..။
အရီးလေး က လူသာ နေမကောင်းလို့ ခုတင်ပေါ်ရောက်နေပေမဲ့ တစ်ကိုယ်လုံး သနပ်ခါးလိမ်းရမှ ကျေနပ်တက်သည်..။
.
"ဟေး….မမထွေး မပြန်သေးဘူးကွ…"
"ဟုတ်တယ်..မမထွေးက လိမ်မာလိုက်တာ..ပန်ပန် တစ်လမ်းလုံး ဆုတောင်းလာတာ…"
"ရှူး…ဖွားလေး အိပ်နေတယ်လေ…လာ..လာ…"
အိမ်တံခါး ဖွင့်ပေးလိုက်တာ ထွေးကို ဖက်ပြီး ခုန်နေတဲ့ ကလေး နှစ်ယောက်ကို သတိပေးလိုက်ကာ မီးဖိုခန်းဘက်ကို ခေါ်ခဲ့ရသည်..။
သုသု က လွယ်အိတ်ကို နေရာချချိတ်ပြီး ထွေးအနားမှာပဲ ဝဲလည်ကာ ပျော်နေတော့ စိတ်ထဲ နည်းနည်း သက်သာသွားသည်..။
"ပန်ပန် …ကလေး ရေချိုးတော့လေ…"
"ဟုတ်…"
"သုသု က ရေမချိုးခင်…စာအုပ်တွေ ထုတ်ထားဦး.."
"ဟုတ်ကဲ့…"
ကျောင်းဆင်းရင် ဗိုက်ဆာလာတဲ့ ကလေး နှစ်ယောက် အတွက် ထွေး ထမင်းပွဲ ပြင်ပေးနေချိန် စိုးစိုး ကို ကြမ်းတိုက်ခိုင်းထားရသည်..။
ပန်ပန် တို့ သုသု တို့ ကျောင်းဆင်းပြီဆိုရင် စိုးစိုးတို့လည်း အလုပ်မလုပ်ချင်တော့…။
ပန်ပန် နဲ့ သုသု ကို စာသင်ရင် သူကလည်း တစ်တန်းစာတွေ ပြန်သင်ပေးဖို့ တောင်းဆိုထားသည်လေ..။
"မမထွေး….မာမီကော.."
"မေမေ့ ကို ကားဂိတ် ပြန်ပို့နေတယ် ကလေး.."
"ဟုတ်လား….မမထွေး ပြန်မသွားတာ ပန်ပန် ပျော်လိုက်တာ…"
"မယ်…စာမရရင် မမ က ရိုက်မှာပဲနော်…"
"ရိုက်ပါ မမထွေးရဲ့ ပန်ပန် စိတ် မဆိုးပါဘူး…"
"ဟုတ်ပါပြီ….ထမင်းကို ဖြည်းဖြည်းစားလေ…သုသု ကျတော့ ကြာလို့..ပန်ပန် ကျတော့ မြန်လို့ ညည်းတို့ နှစ်ယောက်က ပြောင်းပြန်ချည်းပါပဲလား…"
"ဟိဟိ…. မြန်မြန်ပြီး မြန်မြန် အေးရောပေါ့.."
"ဖြည်းဖြည်း မှန်မှန် စားမှ အစာကြေမှာပေါ့ ကလေး ရဲ့.."
"ဟုတ်ကဲ့…"
ကလေး တွေ ထမင်းစားနေတုန်း အိမ်ရှေ့တံခါး ဖွင့်သံ ကြားရတော့ အိမ်ရဲ့ အရှင်သခင်လေး ပြန်လာပြီ ဆိုတာ သိလိုက်သည်.။
သူ့ကို အိမ်သော့ ခွဲပေးထား ရလောက်အောင်ကို သြဇာ အာဏာရှိတဲ့ ကျောင်းသားကြီးလေ..။
ထွေး စိတ်ထဲ အမြင်ကပ်ကပ် ဖြင့် ဝေဖန်ရင်း သုသု ပန်းကန်ထဲကို ဟင်းထပ်ထည့်ပေးလိုက်သည်..။
"စိုးစိုး…ထမင်း အပေါ်လာပို့…"
"ဟုတ်ကဲ့…"
စိုးစိုးက ကြမ်းတိုက်နေရင်း မျက်နှာ ရှုံ့မဲ့သွားကာ မီးဖိုခန်းကနေ ဟုတ်ကဲ့ ပြန်အော်သည်..။
ထွေး ထိုင်နေရာက ထပြီး ပန်းကန်နှစ်ချပ် ယူကာ ထမင်း နဲ့ဟင်း ကို သပ်သပ်ထည့်ပေးရသည်..။
ဆယ်တန်းကျောင်းသား ဖြစ်တာနဲ့ သြဇာအာဏာ ညောင်းနေလိုက်တာနော်..။
ထွေးတို့ရွာက ဆယ်တန်းတွေကတော့ အလုပ်လည်းလုပ် ကလေးလည်း ထိန်း ကျူရှင်တောင် မရှိပဲ ဂုဏ်ထူးထွက်နိုင်သေးသည်..။
ဒီဆယ်တန်းကျောင်းသားကြီးကတော့ ဂုဏ်ထူးဆယ်ဘာသာများထွက်လေမလား မသိ…။
"မမထွေး…သွားပို့ပေးနော်…"
"ဟယ်..နင့်ကို ပြောတာလေ…"
"သွားလိုက်ပါ…မမထွေးရယ်..စိုးစိုး ကြမ်းတိုက်ပြီး ပန်းကန်ဆေးပါ့မယ်…"
စိုးစိုး က အကြောက်တလန့်ဖြင့် စျေးညှိ နေတော့ သက်ပြင်းချကာ လှေကားလေး ဆီကို ရောက်လာခဲ့ရသည်..။
ဒီလှေကားတွေကို မတက်ချင်ပါဘူး ဆိုကာမှပဲ..။
အပေါ်စီးကနေ မျက်နှာထား တည်တည် ငုံ့ကြည့်တာလည်း မခံချင်ပါဘူး…။
ထွေး ပြန်ဆင်းဖို့ စဉ်းစားမိပေမဲ့ တံခါးကို လက်မအားလို့ ခြေတစ်ဖက်နဲ့ ဖွဖွ ကန်လိုက်ရသည်..။
"ဟင်…အထွေး…"
ထွေးကို တွေ့တာနဲ့ မျက်လုံးပြူးဖြင့် အံသြနေတာ ကို မသိချင်ယောင်ဆောင်ကာ ပန်းကန်နှစ်ခု ကို လှမ်းပေးလိုက်သည်..။
ထွေး ဒိအိမ်ရောက်နေတာဖြင့် ကြာလှပြီ…အခုမှ တွေ့သလို အပြုံးဖြင့် ကြိုဆိုပုံက မကျေနပ်ချင်စရာ…။
"ကျွန်တော် က အထွေး ပြန်သွားပြီ ထင်နေတာ….ယူခဲ့ပါလား…ကျွန်တော့် လက်မှာ မှင်ပေနေလို့…"
အခန်းထဲကို ဖိတ်ခေါ်နေတော့ ထွေး နားမလည်စွာဖြင့် သူ့အခန်းထဲ ဒုတိယ အကြိမ်ရောက်ခဲ့သည်..။
မှင်ဘူး တစ်ခုတွေ့တော့ စားပွဲပေါ်မှာပဲ ထမင်းပန်းကန်တွေ ချပေးလိုက်သည်..။
"ရေယူဦးမလား.."
"ဟင်…ရှိတယ်…မာမီ ပြောတော့ အထွေးတို့ ဒီနေ့ ပြန်မှာဆို…"
"ဘာလည်း…မပြန်လို့ ရန်တွေ့နေတာလား…"
"ဟာ…မဟုတ်ပါဘူး…အံသြသွားလို့ပါ….ချက်ချင်းတော့ မပြန်သေးဘူးမလား…"
"မေမေ ကတော့ နှစ်ပတ်လောက်ကြာရင် လာခေါ်မယ် ပြောတာပါပဲ…"
"ဟား..ဟား…ကောင်းတယ်…"
ဟောတော့..။
ထွေး မျက်နှာမှာ အံသြရိပ်ဖြင့် သူ့ကို ငေးကြောင် ကြည့်မိတော့မှ ရှက်သွားသလို မျက်နှာလွဲ၍ မှင်ဘူးကို အဖုံးပိတ်နေသည်..။
အခုကျပြန်တော့လည်း ငယ်ငယ်တုန်း က နိုနို ပြန်ဖြစ်သွားပြန်ပြီ..။
နင့်ကို ဘယ်လို နားလည် ရမလည်း နိုနိုရယ်…။
မဟုတ်မှ မေမေ့ ကို မကျေနပ်တာ တစ်ခုခု ရှိနေတာလား…။
"မနက်ဖြန် ကျောင်းပိတ်တော့ ကျွန်တော့်ကို စာ နည်းနည်း စစ်ပေးပါလား အထွေး.."
"အင်း…ရတယ်လေ…ငါ အောက်ထပ် ဆင်းတော့မယ် နင် ဘာယူဦးမလည်း…"
ထွေး နှုတ်က မရည်ရွယ်ပါပဲ မောင်လေး ကလေး နိုနိုလေး မထွက်တော့ပဲ နင် ငါ လို့ ခပ်စိမ်းစိမ်းသုံးမိသွားသည်..။
ဒါကို သူကလည်း သတိထားမိသွားကာ ထွေးကို တစ်ချက်လှမ်းကြည့်သည်..။
မတက်နိင်ဘူး…နိုနို ရေ…မင်းလို ချာတိတ်ကတောင် အကြောင်းအရင်းမရှိပဲ အိမ်လည်လာတဲ့ ဧည့်သည် ကို စော်ကားသေးတာပဲ..။
တို့လို တောသူမှာလည်း မိန်းမ မာန ဘယ်လောက် ရှိကြောင်း ပြရသေးတာပေါ့လေ…။
YOU ARE READING
ခွင့်ပြုပါ
Romance" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော" "အရာရာတိုင်း ကွဲပြားခြားနားနေတယ်...ငါ့ဘဝကို နားမလည်နိုင်တဲ့ ယောက်ျားမျိုးနဲ့ လက်မတွဲချင်ဘူး...အစိုးရ၀န်ထမ်း တစ်ယောက် ၊ ကျောင...