အရှိန်အဟုန်ဖြင့်ထိုးကိုက်နေသော ခေါင်းကို လက်ဖြင့် တစ်ချက်ဖိရင်း စိတ်ညစ်ညူးစွာ ထထိုင်လိုက်သည် ။ ယမန်ည သူငယ်ချင်းများတွေ့ဆုံချိန်၌ မိမိ၏ သောက်စားအမှုပြုခြင်းမှာ များသွားသည်ထင် ။ ယခုတော့ ကိုယ်လက်များပါ ကိုက်ခဲလာပြီဖြစ်သည် ။ ဘေးဘီဝဲယာကို ကြည့်မိတော့ မြင်ကွင်းထဲရှိနေသည့် ရင်းနှီးနေသော အခန်းငယ် ။ ဝေဝါးနေသော အမြင်ပင်ဖြစ်လင့်ကစား ရင်းနှီးနေသော နှင်းဆီရနံ့နှင့် ညာလက်တစ်ကမ်းအလို စာကြည့်စားပွဲမှ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့်ပုံပါ မှန်ဘောင်လေးက မိမိအခန်းဖြစ်ကြောင်းသက်သေပြနေသည် ။ မိမိအိပ်ခန်းမှလွဲ မည်သည့်နေရာ၌မျှ ကျောမချတတ်ကြောင်း ၊ ကျောမချနိုင်ကြောင်း သိသည့် သောက်ဖော်သောက်ဖက်များသာဖြစ်ရာ အိမ်သို့အရောက်ပြန်ပို့သွားကြပုံပေါ်သည် ။
Ting ~~~
အချက်ပေးသံသာကြားပြီး ပျောက်နေသည့်ဖုန်းကို နေရာအနှံ့ရှာကြည့်ရာ နောက်ဆုံး၌ ခေါင်းအုံးအောက်မှပြန်တွေ့သည် ။ ဖုန်းမျက်နှာပြင်ကို ထိမိသည်နှင့် 1001 daysဟူသည့်စာတန်းငယ်ကို မြင်ရသည် ။ Been Togetherဟူသည့် စာတန်းနှင့်ဖြစ်သော်ငြား တကယ့်လက်တွေ့၌မူ Been Brokenရက်များသာဖြစ်သည် ။
"လွမ်းတယ် မောင် ။ "
တင်းကြပ်တွေဝေလာသော စိတ်တို့ကို ဖြေလျော့အနားပေးရန် အိပ်ယာထက်သို့ ပြန်လှဲချဖြစ်သည် ။ လက်တွင်းဆုပ်ကိုင်ထားသော ဖုန်းပေါ် လက်ဗွေနှိပ်မိတော့ 7:30 a.m. ဟူ၍ ကိန်းဂဏန်းအချို့က အချက်ပြနေသည် ။ 15မိနစ်ပဲ ။ 15မိနစ်တည်းဟူ၍ မျက်စိအစုံကိုပြန်မှိတ်ချလိုက်သည် ။
Ting~~~~~~~~
စာတို၀င်ရောက်မှုထက်ပိုရှည်ကြာသော သံရှည်အချက်ပေးသံက မှေးခနဲကျခါစ အိပ်ရေးကို အနှောင့်ယှက်ပေးပြန်သည် ။ ဟိုဟိုသည်သည် ဖုန်းကိုပြန်စမ်းတော့ အလုပ်သရဲဟူသည့် အမည်နှင့် ဖုန်းအ၀င်မှတ်တမ်းက ဆီးကြိုနေပြန်သည် ။ လက်မကို ဖုန်းမျက်နှာပြင်ပေါ် အားစိုက်တင်ရင်း အစိမ်းတန်းလေးဖြစ်အောင်ဆွဲလိုက်မိပြီးသည်နှင့်တပြိုင်နက် အိပ်ရေးမ၀နေသောအသံဖြင့်ပင်
"ဘာလဲကွာ" ဟု စကားစလိုက်သည် ။
"ဟျောင့် မင်းဘယ်အချိန်ရှိနေပြီလဲ "
စူးခနဲ၀င်လာသော အသံသည်ကား အရက်နာကျခြင်းမှ လွတ်မြောက်နိုင်သည့်ဆေးပမာ ။
"ဟမ် ... "
"ဘယ်အချိန်ရှိပြီလဲလို့ ... မင်း ဒီနေ့ အလုပ်လက်ခံဖို့ချိန်းထားတာ မမေ့ပါဘူးနော် "
တဖက်မှ စကားသံများမဆုံးခင် ဖုန်းကို နားမှခွာပြီး နာရီကိုကြည့်မိသည်နှင့်တပြိုင်နက်
"Oh God . ငါအခုလာပြီ ထွက်လာပြီ ဟျောင့် " ဟု ပါးစပ်မှအော်ရင်း လက်ကလည်းတပြိုင်နက် ဖုန်းကိုချခါ ရေချိုးခန်းဆီသို့ ခြေစုံပြေးရတော့သည် ။
၁၅မိနစ်ဟူ၍ မှေးလိုက်မိခြင်းမှာ ၁၁:၃၅ နာရီအထိဖြစ်သွားသည် ။ စင်စစ်သော်ငြား ၁၁:၀၀တိတိတွင် အလုပ်လက်ခံရန် ချိန်းဆိုထားသည် မဟုတ်ပါလား ။ ရေကိုပင်ဇိမ်ခံမချိုးနိုင်ပဲ အရက်နံ့ပျောက်ရုံ အလျင်အမြန်ချိုးကာ ချိန်းထားသော ကော်ဖီဆိုင်သို့ အသည်းအသန်ပြေးရပြန်သည် ။ မနေ့ညက TGIF မိသည်ဖြစ်ရာ ယနေ့အလုပ်လက်ခံထားသည်ကို သတိမမူမိလိုက်ခြင်းပင် ။ ဗိသုကာနှင့် ကျောင်းပြီးသည့်နောက် မိမိအားသန်ရာဖြစ်သည့် အဆောက်အဦး အတွင်းပိုင်းအပြင်ဆင်ဖြင့် အသက်မွေး၀မ်းကျောင်းပြုနေလေရာ ကုမ္ပဏီသို့ ရုံးဖွင့်ရက်အတွင်း မလာနိုင်သော အလုပ်ရှင်များအဖို့ တစ်ခါတစ်ရံ၌ ရုံးပိတ်ရက်များတွင် သီးသန့်အချိန်ပေးရပြန်သည် ။
ကော်ဖီဆိုင်သို့ရောက်သော် အပေါက်၀မှရပ်ကာ အမြင်အာရုံအား တစ်ချက်ဖြန့်ကျက်ရုံနှင့်တင် စနေနေ့ဖြစ်လင့်ကစား ရုံး၀တ်စုံနှင့် စံပြလုပ်သားကြီးကို မြင်လိုက်ရသည် ။ ခပ်သွက်သွက်လေးပြေးသွားမိတော့ စာရွက်စာတမ်းနှင့် အသေအကြေရှင်းပြနေသော ကျိုးချန်ထံမှ အံကြိတ်ပြသည့် အမူအရာကို ဦးစွာပဏာမ လက်ခံရရှိသည် ။
"မင်္ဂလာပါ ကျွန်တော် ရှောင်းကျန့်ပါ ။ X ကုမ္ပဏီရဲ့ အတွင်းဒီဇိုင်းတာ၀န်ခံပါခင်ဗျ ။ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် ။ "
မိမိ၏နောက်ကျမှုအတွက် အကြေအလည်တောင်းပန်ကာ ခါးမတ်ပြီး တဖက်လူဘက်သို့ကြည့်လိုက်မိသည်နှင့်
"အမြဲပဲ ......" ဟူသည့် အသံလှိုင်းကလေးက နားစည်တွင်းသို့ဖြတ်ကာ ရိုက်ခတ်၍ သွားလေသည် ။
** ကျေးဇူးတင်ပါတယ် **