အဘယ်သို့သော သတ္တိမျိုးနှင့် ရှောင်းကျန့်တစ်ယောက် ရိပေါ်အရှေ့မှ ထွက်လာခဲ့သည်မသိ ။ သတိပြန်၀င်လာချိန်၌ အိမ်သို့ပင်ရောက်နေကာ မတ်မတ်ရပ်နေနိုင်လောက်အောင်လည်း ဒူးများ၌ အားမရှိခဲ့။ ရှောင်းကျန့်ဟူသည်ကား နှစ်နှစ် ၊ လေးလနှင့် ခြောက်ရက်ကြာ ရိပေါ်၏ တရား၀င် အသုံးတော်ခံ ၊ အနိုင်ကျင့်ရာ ဌာနေဖြစ်ခဲ့သည်မဟုတ်ပါလား ။
စစတွေ့ကာစ၌ ပြေးဖက်ချင်သော စိတ်များ တဖွားဖွားပေါ်လာသော်လည်း ကြောက်စိတ်များက အနိုင်ယူသွားပြန်သည်။ ရှောင်းကျန့်တစ်ဖန်ထပ်ပြီး မနာကျင်လိုပါ။ အချစ်သည် နာကျင်ရမည်ဖြစ်သော် ထိုအချစ်ကို ဖယ်ကျဉ်ပါမည် ။ ရှောင်းကျန့်သည် သာမန်ခပ်အေးအေး လူသားငယ်တစ်ယောက်ဖြစ်သော်ငြား စင်စစ် မာနတရားနှင့်ပြည့်သော အမျိုးသားတစ်ယောက်ဖြစ်သည် ။ ထို့အပြင် အကြောက်တရားရှိသော မိမိကိုယ်ကို ငဲ့ညာတတ်သော အမျိုးသားလည်းဖြစ်ပါသေးသည် ။ အမှားတစ်ခုကို တစ်ခါကျူးလွန်မိသည်မှာ ဖြစ်တန်သော်လည်း နှစ်ခါကျူးလွန်မည့် လူစားတွင်ရှောင်းကျန့်မပါ ။ ငတုံးတစ်ယောက်ဟူသော အကြည့်များနှင့် တစ်ပါးသူများ၏ လှောင်ရယ်ခြင်းကို ကြည့်နေရမည့်အစား သေခြင်းကိုသာ ပြေးရွေးမည့်သူလည်းဖြစ်ပြန်သေးသည် ။ ရိုးရှင်း၍ ခက်ခဲသော သူဖြစ်သည် ။ ပွင့်လင်း၍လည်း သိုသိပ်တတ်ပြန်သေးသည် ။ ရှောင်းကျန့်သည် သူ့ကိုယ်တိုင်ပင် သူ့ကိုယ်သူ မည်သည့်အခါမှနားလည်မည်မဟုတ်ပါ ။ တပါးသူနားလည်ရန်သည်ကား မတွေးတောအပ်သည့်ကိစ္စပင် ။
ရှောင်းကျန့်မှတ်မိပါသေးသည် ။ ငယ်စဉ်က စက်ဘီးစီးသင်ရာ ဒဏ်ရာရမှ စက်ဘီးစီးတတ်မည်ဟု လူကြီးများက ပြောကြသည် ။ သို့ဖြစ်ရာ ထိုစက်ဘီးစီးခြင်းအတတ်ဆီ ရှောင်းကျန့်လှည့်ရဲ့ပင်မကြည့်ခဲ့ ။ ရှောင်းကျန့် အဖို့ မီးကိုပူသည်ဟု ကြားရုံဝေးဝေးရှောင်တတ်သည် ။ ထိုအပူကိုမြည်းစမ်းရန်မကြိုးစားမိ ။ ထိုသို့သော ရှောင်းကျန့်သည် ဂြိုလ်ဆိုး၀င်ကာ ကြမ္မာငင်သည်ပေလားမပြောတတ် ။ ၀မ်ရိပေါ်ဟူသော လူသားလေးနှင့်ချစ်ကျွမ်း၀င်ခဲ့သည် ။
တောင့်တင်းသော မိသားစုမှ ဆင်းသက်လာသူ ၀မ်ရိပေါ်သည် လေးနက်သည့် မျက်နှာထားပိုင်ရှင်ဖြစ်သော်ငြား အရာရာကို ပေါ့ပေါ့လေးတွေးသည်။ အချစ်တစ်ခု ၊ ဘ၀တစ်ခုကို ခပ်ပေါ့ပေါ့လေးတွေးတတ်သည့်လူစား ။ အရာရာကို အလွယ်တကူရနိုင်သည့်မိသားစုမှ လူ့စိတ်၊ လူ့ခန္ဓာကိုပါ အလွယ်တကူရနိုင်မည်ဟုထင်မှတ်ထားသည့် လူသားဖြစ်သည် ။
ရိပေါ်သည် ရှောင်းကျန့်အဖို့ အဝေးမှနေ၍ တငွေ့ငွေ့လွမ်းစရာကောင်းသော်ငြား အနားနီးလာပါက မုန်းချင် နာချင်စရာကောင်းသည့် ကောင်ငယ်လေးဖြစ်သည် ။ သို့သော် ရှောင်းကျန့်၀န်ခံပါသည် ။ ကောင်လေးသည် ရှောင်းကျန့်အဖို့ တစ်ဘ၀တွင် တစ်ယောက်သာဖြစ်သည် ။
အိပ်ခန်းတွင်း၀င်မိတော့ စားပွဲပုလေးပေါ်မှ ကောင်လေး၏ ပုံရိပ်မှာ ငြိမ်းအေးလျက်ပင် ။
"ငါတို့ပျော်ရွှင်ခဲ့ကြတာက ငါတို့ပျော်ရွှင်နေဆဲလို့မဆိုလိုဘူးလားမလား... ဟင်? "
ရှောင်းကျန့် ခပ်လေးလေးပင်ပင်ရေရွတ်မိသည် ။
"မင်းကိုငါ့ဘ၀ထဲ နောက်တစ်ခါ မ၀င်စေချင်တော့တဲ့အထိကို ချစ်မိနေတယ် ။ တကယ်ပါ ရိပေါ်ရယ် "
အခန်းတွင်း၀ယ် ရှိုက်သံတိုးများနှင့် ပြောစကားများပျံ့နှံ့နေသကဲ့သို့ ကော်ဖီဆိုင်တွင်း၀ယ် စိုးရိမ်စိတ်များနှင့် ကြောက်ရွံ့ထိတ်လန့်နေသော ကောင်လေးတစ်ယောက် ည်းရှိသည်။
"မုန်းသွားတာကမှ ကောကောဥပက္ခာပြုတာထက်ပိုကောင်းအုံးမယ် "
ပုံမှန် ရန်ဖြစ်စကားများခြင်းများ၌ ကတ်ကတ်လန်အောင်ပြန်ပြောတတ်သော ရှောင်းကျန့်သည် တစ်ခုသော ရန်ပွဲ၌ သူ့အသံများတိတ်ဆိတ်သွားသည် ။ ထို့နောက် ရိပေါ်၌ ဝေးသွားကြသည် ။ တိတ်ဆိတ်ခြင်းကို ရိပေါ်တကယ်ကြောက်မိသည် ။ ထို့ကြောင့် ဆိုင်ကယ်စီးခြင်း ၊ စကိတ်စီးခြင်း စသည့် အသံတစ်ခုခုမြည်နေသော အရာများကို ရိပေါ်နှစ်သက်သည် ။ ပျော်ရွှင်၍ အေးချမ်းသော ရိပေါ်တို့မိသားစုလေးသည် ရိပေါ် လေးတန်းနှစ်တွင် ရုတ်ချည်းတိတ်ဆိတ်သွားသည် ။ တဆက်တည်းတွင်ပင် ရိပေါ်အိမ်၌ အဖေနှင့် အမေကို ယှဉ်တွဲမြင်နေရပါသော်ငြား ၊ လိုချင်တာဟူသမျှရနေပါသော်ငြား ရိပေါ်ပျော်ရွှင်မှုများပျောက်ဆုံးခဲ့ရသည် ။ ကောကောနှင့်တွေ့ချိန်၌ ရိပေါ်ဘ၀လေး တဖန်ဆူလာပြန်သည် ။ ပျော်ရွှင်ခဲ့ရသည် ။ တဖန်ကောကောက တိတ်ဆိတ်သွားပြန်သည် ။
"မတိတ်ဆိတ်ပါနဲ့လား ကျွန်တော်ကြောက်လို့ပါဗျာ "
**ကျေးဇူးတင်ပါတယ်**