Chapter (40) ( Zawgyi+Unicode)

2.5K 274 22
                                    

Chapter (40) ( Zawgyi+Unicode)

နွေဦးသည် ဥယျာဉ်ထဲတွင်ထိုင်ကာ ကြည်လင်သောမိုးသားကောင်းကင်ကြီးကို ငေးရင်း ကဝေကြီးကို သတိရနေသည်။ ညက အိပ်မက် ဘာကြောင့်မက်သည်ကို မသိသော်လည်း ထိုသို့ မဖွယ်မရာမက်မိသည့်အတွက် ကဝေကြီးကိုအားနာနေမိသည်။ လောလောဆယ် လူသားတို့နေရာဒေသကို ပြန်ချင်တာပဲသိသည်။ မိမိကြောင့် အစ်ကိုသူရကိုတောင် မှော်လောကအရှုပ်အထွေးထဲ ဆွဲသွင်းမိပြီဖြစ်လို့ ဒီနေရာကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတာ တွေးရင်း ခေါင်းမူးလာသလို ဖြစ်လာသဖြင့် မျက်လုံးမှိတ်ကာ ခုံတန်းကိုမှီပြီးနားနေစဉ် မိမိရှေ့သို့ရောက်လာသည့် လူရိပ်ကို သတိမထားလိုက်မိပေ။

"နွေဦး.."

မေဘရဏီသည် နွေဦးကိုစိုက်ကြည့်နေရင်း လိုရင်းကိုပြောလိုက်သည်။

"အရှင်မင်းသတိုးကို ယုံကြည်ပေးပါ နွေဦး.. နွေဦးကို အရှင် ဘယ်လောက်ချစ်တယ်ဆိုတာ နွေဦးသိတယ်မဟုတ်လား.. အခုလက်ရှိအခက်အခဲကနေ အရှင့်ကို ကယ်တင်ပေးပါ.."

"ကျွန်တော် သူ့ကို ယုံချင်ပါတယ်.. ဒါပေမယ့် သူက ကျွန်တော့်ထက် ပုလဲဒေ၀ီကို ရွေးချယ်လိုက်တယ်.. သူ ဘာဖြစ်နေသလဲဆိုတာ မေးပေမယ့် ကျွန်တော့်ကိုပြောဖို့ ငြင်းဆိုခဲ့တာ ခင်ဗျားရဲ့သခင် မင်းသတိုးပါ.. ကျွန်တော့်ဘက်က တမင်သက်သက် မယုံပေးတာမဟုတ်ပါဘူး.."

နွေဦးသည် မိမိကို အပြစ်တင်ပြောဆိုသည်ဟု ခံစားလိုက်မိသောကြောင့် မေဘရဏီကို ခပ်တည်တည်တုံ့ပြန်လိုက်သည်။

"နွေဦးက အရှင့်ကို နားလည်မှုလွဲနေတာ ဖြစ်မှာပါ.. ကျွန်မ တောင်းပန်ပါတယ်.. နွေဦး အရှင့်ကို ကယ်တင်ပေးပါ.."

နွေဦးသည် မေဘရဏီ၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ့အတွက်စိတ်ပူသောကြောင့် စိတ်ကိုထိန်းကာ မေးလိုက်သည်။

"သူ့ကို ဘယ်လိုကူပေးရမှာလဲ.. သူ ဘယ်မှာလဲ.."

"အရှင်က နောက်လပြည့်ကျရင် မဟာမြိုင်ကိုလာခဲ့မယ်လို့ နွေဦးကို အကြောင်းကြားခိုင်းလိုက်တာပါ.."

"သူ ပြန်လာလို့ ဖြစ်ပါ့မလား.. မဟာမြိုင်က သူ့ကို ၀ိုင်းဖမ်းထားမှာပေါ့.."

နွေဦး စိုးရိမ်စွာမေးလိုက်တော့ မေဘရဏီက သက်ပြင်းရှိုက်ကာ ဆက်ပြောလိုက်သည်။

"ဒီလိုတိုက်ခိုက်ကြရင် မှော်လောကသားတွေ ထိခိုက်မှာစိုးလို့ သူရနဲ့ နှစ်ယောက်တည်းတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာပဲ.. တိုက်ပွဲရလဒ်နဲ့ပဲ အရာအားလုံးကို ဆုံးဖြတ်ကြတော့မယ်တဲ့.."

နွေဦး စိုးရိမ်သွားခဲ့သည်။ ကဝေကြီးမင်းသတိုး အခုလက်ရှိ ဘယ်လောက်စွမ်းသည်ကို မသိသော်လည်း သေချာတာကတော့ အစ်ကိုသူရ၏စွမ်းအားက အရင်မင်းသတိုးထက်တော့ အင်အားကြီးသည်ကို ခန့်မှန်းမိလိုက်သည်။

"သူ နိုင်ပါ့မလား.."

မေဘရဏီက နွေဦးဆီက စိုးရိမ်စကားကြောင့် ကျေနပ်သွားသည်။

"ဒါကြောင့် အရှင်မင်းသတိုးရဲ့ လုပ်ရပ်နဲ့ နွေဦးအပေါ်ထားတဲ့အချစ်ကို ယုံကြည်ပေးပါလို့ တောင်းပန်နေတာပါ.."

"ယုံကြည်ပေးရုံနဲ့ ဒီတိုက်ပွဲမှာ ကဝေကြီးက နိုင်မှာတဲ့လား.."

နွေဦးက မယုံကြည်စွာမေးလိုက်စဉ် မေဘရဏီက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ.. ကျွန်တော်က သူ့ကို အရင်ကတည်းက ယုံကြည်ပြီးသားပါ.."

ထိုသို့ပြောနေစဉ် မေဘရဏီ၏ မျက်နှာအမူအယာပြောင်းသွားပြီး ကပျာကယာ ထွက်ခွာသွားတော့သည်။ နွေဦးသည် လေအလျင်လို ပျောက်ကွယ်သွားသည့် မေဘရဏီကိုကြည့်ကာ သက်ပြင်းသာ ရှိုက်လိုက်မိတော့သည်။

"ကဝေကြီး.. ခင်ဗျား ဘာတွေလုပ်နေတာလဲ.. ဘာမှမပြောပြဘဲ မျက်စိစုံမှိတ်ယုံခိုင်းချင်တာတဲ့လား ခင်ဗျားက.. ခင်ဗျားလုပ်တာ နည်းနည်းလွန်နေတယ်လို့ မထင်ဘူးလား.. ကျွန်တော့်ဘက်ကိုလည်း တစ်ချက်လောက် ပြန်စဉ်းစားကြည့်ပါဦး.. သစ္စာရှိတယ်၊ ယုံကြည်တယ်ဆိုတာ တစ်ဖက်သတ်တည်ဆောက်ရတာ မဟုတ်ဘူးဗျ.. ခင်ဗျားဗျာ.. ခက်လိုက်တာ.."

နွေဦး သက်ပြင်းမောကိုသာ ရှိုက်ထုတ်လိုက်တော့သည်။

သူရသည် ညီလာခံခန်းမတွင် ရှေ့ဆက်လုပ်ရမည်ကို အမိန့်ချနေစဉ် မေဘရဏီနှင့် နွေဦး တွေ့ဆုံပြောဆိုသည်ကို ကြားသိရပြီးတော့ ခပ်လှောင်လှောင်ပြုံးလိုက်သည်။

"နွေဦးရဲ့ယုံကြည်မှုက မင်းရဲ့ခွန်အားအရင်းအမြစ်လား မင်းသတိုး.. ဒါဆိုရင် မင်း ကံဆိုးပြီသာမှတ်လိုက်တော့.."

သူရက မင်းသတိုးကို ရိုက်ချနိုင်မည့်အကွက်ကို တွေ့သွားသောကြောင့် ကျေနပ်စွာရယ်မောလိုက်သည်။
နွေဦးတစ်ယောက် မကြာခင် ယုတ်မာကောက်ကျစ်သည့်အရာများ မိမိကိုယ်ပေါ် ကျရောက်လာတော့မည်ကို မသိဘဲ ဥယျာဉ်ထဲ အေးဆေးစွာထိုင်ရင်း မင်းသတိုးအကြောင်းကို တွေးနေတော့သည်။

••••••••••••••••••••••••••••••

မင်းသတိုးသည် ပင်လယ်ရေအောက်ကြမ်းပြင်မှ မီးတောင်တစ်ခုအောက်ကို သက်ဆင်းပြီး မိမိတစ်ကိုယ်လုံးကို လောင်ကျွမ်းစေပြီး ခန္ဓာနှင့်စွမ်းအင်ကို သန့်စင်လိုက်သည်။ အရိုး၊ အကြော၊ အရွတ်၊ အရေပြား အားလုံးလောင်ကျွမ်းမှုကြောင့် သေသည်ထက်ဆိုးသည့်ဝေဒနာကို လက်တွေ့ခံစားနေရသည်။

မှော်ဆရာဘ၀ကို ရောက်ကတည်းက ဒီလောက်ကြမ်းတမ်းရက်စက်လှသည့် နာကျင်မှုကို မခံစားခဲ့ရတာ နှစ်ပေါင်းသုံးရာနီးပါး ရှိခဲ့လေပြီ။

အသစ်ဖြစ်လာလိုက်၊ မီးဖြင့်လောင်ကျွမ်းသွားလိုက်ဖြင့် ငရဲတွင် ဝေဒနာခံရသည်ဆိုတာ ဒီလိုလားဟုတောင် ထင်လာမိသည်အထိပင်။ ဒါပေမယ့် မင်းသတိုး၏စိတ်က နွေဦးကိုကယ်တင်ရန်၊ ကာကွယ်ရန်ဆိုသည့် ခိုင်မာသည့်စိတ်တစ်ခုကြောင့် ဒီဝေဒနာကို ညည်းညူနေရင်းပင် တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်သန်းလာခဲ့သည်။

နွေဦးက မိမိကို နာကြည်းစွာစိုက်ကြည့်ခဲ့သည့် မျက်ဝန်းကို ပြန်လည်မြင်ယောင်ရင်း မင်းသတိုး၏မျက်ဝန်းမှ သွေးမျက်ရည်တို့ စီးကျလာခဲ့သည်။ ဒါပေမယ့် ဒီလိုမှမလုပ်လျှင်လည်း သူရကို မိမိလိုချင်သည့်လမ်းကြောင်းပေါ်ကို ဆွဲတင်နိုင်မည်မဟုတ်ပေ။

သူရဆိုတာ လနတ်သမီး၏စွမ်းအင်ကို ဆက်ခံရရှိသည့် မျိုးဆက်ဖြစ်ရုံသာမက မူလစွမ်းအင်၏ ပင်ရင်းတစ်ခုဖြစ်သောကြောင့် သူရ၏မှော်ပညာ အရမ်းရင့်သန်ကာ သူ့ကိုယ်မှာ အခြေတည်မသွားခင် မိမိစွမ်းအင်တက်မှဖြစ်မည်။ မိမိစွမ်းအားတစ်ခုတည်းနှင့်တော့ သူရ၏စွမ်းအားကို ဖျက်ဆီးလို့မရနိုင်ပေ။

အဓိကကတော့ နွေဦး၏ယုံကြည်မှုနှင့် ချစ်ခြင်းကသာ သူရ၏လစွမ်းအင်ကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။ ဒီလိုဖြစ်အောင် သူရ၏မူလရုပ်ကို နွေဦး မျက်မြင်ကြုံပြီး သူ့ကိုရွံရှာသွားမှသာလျှင် မိမိအပေါ်ကို အကြွင်းမဲ့ယုံကြည်ခြင်း ဖြစ်တည်လာလိမ့်မယ်။ သူရ၏မူလရုပ်ပေါ်အောင် သူရကိုယ်တိုင် သူ့ဖန်တီးမှုထဲ နွေဦးကိုဆွဲသွင်းကာ ပြသမှသာ ဒီအမှန်တရားကို နွေဦး မြင်နိုင်မည်ဖြစ်သည်။
မင်းသတိုးသည် ငရဲတမျှ နာကျင်မှုကို တင်းခံပြီးနောက် ပထမအဆင့် အောင်မြင်သွားလေပြီ။ အသစ်ပြန်လည်ဖြစ်ပေါ်လာသော ခြေလက်များက အင်အားမရှိသေးသလို တုန်ယင်ချိနဲ့နေသဖြင့် ကျောက်နံရံကို မှီရင်း မင်းသတိုး ရင်ဘတ်ကို ဖိထားမိသည်။ နာသည်။ အရမ်းကို နာသည်။ နွေဦးလေးကို ကြောင်သူတော်ကောင်နှင့် အတူထားရှိရသည့် ဘဝ၊ ထိုကောင်လှည့်သမျှကို ခံနေရင်း စိတ်တို့ရှုပ်ထွေးနေမည်ကို သိကာ မင်းသတိုး သက်ပြင်းသာရှိုက်လိုက်မိတော့သည်။ သူရ၏ စရိုက်အရ အခွင့်ရေးရတုန်း နွေဦးကို ပုံရိပ်ယောင်လောကများကို ဖန်တီးကာ ဟိုးယခင်က သူနှင့်နွေဦးကြားကရှိခဲ့ဖူးသည့် အတိတ်ဖြစ်ရပ်မှန်ကြား သူဖြစ်ချင်သည်ကို ထည့်သွင်းကာ နွေဦးကို သိမ်းသွင်းပေလိမ့်မည်။ မိမိချစ်သော ဆရာဝန်လေးက အမှန်တရားကို ထိုးထွင်းသိအောင် ဥာဏ်ရည်ထက်မြက်သည်ဆိုသော်လည်း ကြင်နာတတ်သူဖြစ်သည့်အပြင် ရိုးသားသူဖြစ်သောကြောင့် သူရကို ဒီလိုလုပ်လိမ့်မည်ဟု ဘယ်လိုမှ ထင်ထားမည်မဟုတ်ပေ။ ပုံရိပ်ယောင်များကြား နွေဦးလေး စိတ်တို့လွန်ဆွဲကာ ပင်ပန်းနေရမည်ကို တွေးမိတိုင်း မင်းသတိုး၏ရင်မှာ တဆစ်ဆစ်နာကျင်မိတော့သည်။

"တောင်းပန်ပါတယ် နွေဦးလေး...ကိုယ် မင်းကို မကာကွယ်နိုင်ခဲ့ဘူး။ စကတည်းက သူရက လနတ်သမီးရဲ့ ဆက်ခံသူဆိုတာကို ကိုယ်ကြိုတင်သိသင့်တယ်။ စဝ်ဟုန်ဖတို့ သူ့ကို အရင်တွေ့ပြီး အားလုံးထောင်ချောက်ဆင်ထားအောင် ကိုယ် လူတွေကို ယုံကြည်ခဲ့မိတယ်။ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့။ ကိုယ့်ကို မင်း စိတ်တိုင်းကျ အပြစ်ပေးလို့ရတယ်။ ဒါပေမယ့် ကိုယ့်ကို မမုန်းလိုက်ပါနဲ့။ ကိုယ်တို့ အချစ်ကို ကျေးဇူးပြုပြီး သတိရပေးပါ။ မင်းနဲ့ကိုယ့်ရဲ့အချစ်တစ်ခုကပဲ ဒီအရာတွေကို ကျော်လွှားနိုင်မှာမို့ပါ နွေဦးလေး"

မင်းသတိုးတစ်ယောက်တည်း ပင်လယ်ကြမ်းပြင်အောက်မှ မီးတောင်အလည်တည့်တည်းလှိုဏ်ဂူတွင် အားနည်းစွာမှီထိုင်ရင်း တစ်ကိုယ်တည်းရေရွတ်နေမိတော့သည်။

"ကဝေကြီး...ကဝေကြီး..."
"နွေဦးလေး...အိပ်မက်ဆိုးတွေမက်နေတယ်ထင်ပါရဲ့....ရော့... ရေအေးအေးလေး သောက်လိုက်ဦးနော်..."
သူရသည် ညီလာခံပြီးသည်နှင့် အိပ်မောကျနေသည့် နွေဦးလေး၏ထိုင်ခုံအနားကို ထိုင်ကာ ငေးကြည့်နေစဉ် မျက်ခုံးလေးက တွန့်ချိုးလာပြီး မင်းသတိုးကို တမ်းတကာ ကယောက်ကတမ်းရေရွတ်နေသည်ကို ကြားလိုက်ရစဉ် သူရ၏ကိုယ်ထဲမှ လူသတ်ချင်စိတ်တို့ကြောင့် ပတ်ဝန်းကျင်ကို အအေးလှိုင်းတို့ ရုတ်တရက်လွှမ်းခြုံလာကာ ပန်းပင်အားလုံး ချက်ချင်း အေးခဲကာ ညှိုးကျသွားတော့သည်။ သူရသည် နွေဦးထိတ်လန့်သွားမည်စိုးသဖြင့် မိမိစိတ်ကို ထိန်းကာ ရေအေးတစ်ခွက်ကို ဖန်ဆင်းလိုက်ပြီး နွေဦး၏ ပုခုံးလေကို အသာယာပုတ်ကာ နိုးကာ ရေခွက်ကို ကမ်းပေးလိုက်သည်။

"အကို...သူရ.... ညီလာခံပြီးပြီလား..."

"အင်း...ရေသောက်လိုက်ဦး"

နွေဦးသည် ကဝေကြီးအကြောင်းကိုမြင်မက်ပြီး ရင်တလှပ်လှပ်တုန်နေသဖြင့် ရေခွက်ကိုလှမ်းယူကာ တကျိုက်တည်းမော့ချလိုက်တော့သည်။ မိမိယောင်နေသည်ကို အကိုသူရကြားသွားသလားဟုတွေးကာ မလုံမလဲကြည့်လိုက်မိစဉ် အကိုသူရက သက်ပြင်းရှိုက်ကာ နားလည်စွာဖြင့်ပြောခဲ့သည်။

"မင်းရဲ့အချစ်ကို မင်းသတိုး တနေ့နားလည်လာမယ်ထင်ပါရဲ့။ သူ့အမှားကို ဝန်ခံပြီး အညံ့ခံလာရင် အပြစ်ဒဏ်လျော့အောင် ကိုယ် ကြိုးစားပေးလို့ရတယ်။ မင်းသိတဲ့အတိုင်း လောလောဆည် အကိုက အရှင်သုပညာကိုယ်စား မဟာမြိုင်ကို အုပ်ချုပ်နေရတယ်ဆိုတော့....."

ထိုစကားကိုကြားသော် နွေဦးအားတက်သွားသည်။ ကဝေကြီးကို ကယ်တင်နိုင်မည့် လမ်းစ တကယ်ပေါ်လာပြီထင်ပါရဲ့။ နွေဦးသည် အကိုသူရကို အားမနာနို်င်တော့ပဲ အစောတလျှင်မေးလိုက်တော့သည်။

"ကျွန်တော် ဘယ်လိုလုပ်ရမလဲ အကို....."

"ကိုယ်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်မယ်လို့ မင်းသတိုးက ကြေငြာလိုက်တယ်။ ဒါကို ကြည့်ပြီး တချို့မှော်လောကသားတွေက မင်းသတိုးက မှန်ကန်တယ်လို့ ထင်နေကြတယ်။ သူက မီးနတ်ဆိုးရဲ့စွမ်းအင်လွှမ်းမိုးတာ ခံလိုက်ရတော့ ကြာလေလေ သူ့ပင်ကိုယ်စိတ်ပျောက်ပြီး နတ်ဆိုးလုံးလုံးဖြစ်သွားတော့မှာကို ဘယ်သူမှ မသိကြဘူး။ သူ့ကို မင်း တစ်ယောက်ပဲ ဖြောင့်ဖြပေးနိုင်ရင် သူလည်း အပြစ်ကင်းစင်ကြောင်း သက်သေပြလို့ရမယ်။ ပြီးတော့ မင်းနဲ့ အတူ တစ်သက်လုံး အေးအေးချမ်းချမ်းနေသွားလို့ရမယ်..."

"သူ့မှော်ပညာကို ဘယ်လိုလုပ်မလဲ...."

"မီးနတ်စွမ်းအားကိုတော့ ဖျက်ဆီးပြစ်ရမှာပေါ့...."

"ဒါဆို သူသေသွားမှာလား အကို.... သူ သာမန်လူ တစ်ယောက်ဖြစ်ပြီး အသက်သေသွားမှာလား..."

ညီလာခံမှ ပြောတာကို တစ်ခါကြားထားဖူးသဖြင့် နွေဦး စိတ်မကောင်းဖြစ်စွာမေးလိုက်သည်။ သူက မှော်ဆရာ အဆင့်မှ လျောကျကာ သာမန်လူဘဝဖြင့် သေဆုံးသွားရမည်ကို တွေးပြီး နွေဦး မခံစားနိုင်ပါ။ ကဝေကြီးက အသက် 80 လောက်နေရပြီး အိုမင်းပြီး သေဆုံးသွားမည်ကို တွေးရုံနှင့် နွေဦး ဝမ်းနည်းမိသည်။

သူရက နွေဦး၏ ပုခုံးကို ဖြစ်ညစ်ကာ အားယူပြုံးပြီး ပြောလိုက်သည်။

"ကိုယ့်စိတ်နဲ့နှိုင်းပြောရမယ်ဆိုရင်.... ကိုယ်ချစ်တဲ့သူနဲ့သာ အတူအေးအေးချမ်းချမ်းနေရမယ်ဆိုရင် သာမန်လူဘဝနဲ့ သက်တမ်းစေ့ပြီး သေသွားရတဲ့ဘဝကို ပျော်ပျော်ကြီးရွေးလိုက်မှာပဲ...နွေဦးလေး။ မင်းဆိုရင်ကော...ဘယ်လိုလဲ။ ကိုယ်က အသက်ရှင်ကျန်ရစ်ပြီး ကိုယ့်ချစ်သူ သေဆုံးသွားတာကို ကြည့်နေရတဲ့ ဘဝကို လိုချင်လား..."

နွေဦး၏ မျက်လုံးထဲမှ နာကျင်မှုကြောင့် သွေးကြောနီတို့ယှက်သမ်းလာသလိုပင်။ နွေဦး သည် အကိုသူရကို မော့ကြည့်ကာ ပြတ်သားစွာဖြေလိုက်သည်။

"ကျွန်တော် သေချင်သေသွားပါစေ... ကဝေကြီး အရင်သေသွားတာကို မမြင်ရက်ဘူး။ ပြီးတော့ သူက ကျွန်တော့်ကြောင့် သေမျိုးတစ်ယောက်ဖြစ်သွားတာကို မမြင်ရက်ဘူး။ ကျွန်တော့်ကို ချစ်မိလို့ သူ တစ်စုံတစ်ခု နစ်နာသွားတာ ကျွန်တော် ဘယ်လိုမှ မလုပ်နိုင်ဘူး အကို..."

"ဒါဆိုရင် မင်း သူ့ကို ရာဇဝတ်ကောင်အနေနဲ့ လူတစ်ကာရွံမုန်းတဲ့ ဘဝနဲ့ပဲ အသက်ဆုံးရှုံးစေမှာလား..."

နွေဦး၏ မျက်ဝန်းထဲမှ မျက်ရည်တို့ စီးကျလာပြီး ကူကယ်ရာမဲ့ ပြောလိုက်သည်။

"ကျွန်တော် မသိဘူး အကို။  ကျွန်တော် ကဝေကြီးကို နစ်နာအောင် မလုပ်ရက်ဘူး။။ သူ့ကို ကျွန်တော် နစ်နာအောင် မလုပ်ရက်ဘူး အကို...."

သူရသည် နွေဦး၏ စကားကိုကြားသော် ရင်ထဲအသည်းထဲမှ ခါးသက်သည့် ခံစားချက်တို့ အရှိန်ဟုန်ပြင်းပြင်းနှင့် ပေါ်ထွက်လာခဲ့သည်။ မိမိက လနတ်သမီး၏ မျိုးဆက်ဖြစ်ပြီး မူလစွမ်းအင်ကို ဆက်ခံရရှိသူဖြစ်သည့်တိုင်အောင် လူသားတစ်ယောက်ဘဝမှ မှော်ပညာကို သင်ယူတတ်မြောက်တာ မကြာသေးသည့်အပြင် အရင် မိမိရင်ထဲ စွဲနေသည့် စိတ်နေစိတ်ထားအရ ဒီကောင်လေး နွေဦးကို မိမိ ပိုင်ဆိုင်ချင်သည်။ မိမိတစ်ယောက်ကိုပဲ ချစ်စေချင်သည်။ မိမိတစ်ယောက်ကိုပဲ တွယ်တာစေချင်သည်။ ယခု မင်းသတိုးကို ကာကွယ်သလို မိမိကိုပဲ ကာကွယ်စေချင်သည်။

"အကို နားလည်ပါတယ် နွေဦးရာ... အကို မင်းရဲ့စိတ်ထားကို သဘောပေါက်တယ်။ နွေဦးရာ... မင်း ဘာကြောင့် ဒီ မှော်ဆရာကို ဒီလောက်ချစ်သွား၇တာလဲကွာ။ ဒါတွေအားလုံးက အကို့ကြောင့်၊ အကို့အပြစ်တွေပါ....အကို မကောင်းလို့ အခုလိုတွေဖြစ် လာတာ.."

သူရက ပြောလိုက်ပြီး နွေဦးကို ရုတ်တရက်ဆွဲဖက်ကာ ရင်ခွင်ထဲ တင်းနေအောင်ဖက်ထား လိုက်တော့သည်။ နွေဦးသည် ရုတ်တရက် အကို့စကားနှင့် အပြုအမှုကြောင့် ကြောင်အမ်းအမ်းဖြစ်သွားသည်။ ဘယ်လိုဖြစ်ပြီး အကိုသူရက သူ့အပြစ်ဟု ဆိုနေသည်ကို နွေဦး နားမလည်တော့ပေ။

"မဟုတ်ပါဘူး။ အကိုနဲ့ မဆိုင်ပါဘူးဗျာ။ ဒါက ကျွန်တော်ဖန်တီးခဲ့တဲ့ အရာတွေပါ..."

"မင်းကို အကို အရင်ကတည်းက လက်မလွှတ်ခဲ့ဘူးဆိုရင် အကို့နွေဦးလေး မင်းသတိုးကို ချစ်မိသွားမှာမဟုတ်ဘူး။ အခုလို မှော်လောကရဲ့ အရှုပ်ထွေးကြားထဲ ကြားညှပ်နေမှာမဟုတ်သလို အကို့နွေဦးလေး ရင်ထဲ ပူလောင်တဲ့ဝေဒနာကို ခံစားနေရမှာမဟုတ်ဘူး။ အကိုတို့ရဲ့လှပတဲ့ အတိတ်ကို အကိုကိုယ်တိုင်ပဲ ဖျက်ဆီးပြစ်ခဲ့မိတာ။ နွေဦးလေး... အကို့ကိုနောက်ထပ် အခွင့်ရေးလေးများ မပေးချင်ဘူးလား။ အကို အရာအားလုံးကို ပြန်အလျော်ပေးပါရစေ..."

နွေဦးသည် အကိုသူရပြောလိုက်သည့် စကားများကြောင့် ပါးစပ်အဟောင်းသားဖြင့် ပြောစရာစကားမရှိအောင် ဆွံ့အသွားတော့သည်။ အကိုသူရ ဘာကြောင့် ဒီစကားကို ဒီအချိန်မှာ ဖွင့်ပြောလာသလဲဟု တွေးနေစဉ် မထင်မှတ်ထားသော အပြုအမှုကြောင့် နွေဦးတကိုယ်လုံး ဓါတ်လိုက်သလို ခံစားလိုက်ရသည်။

သူရ နွေဦး၏ ဦးခေါင်းနောက်ကို လက်နှင့်ထိန်းထားပြီး နူတ်ခမ်းလေးကို နမ်းလိုက်သည်။ နူတ်ခမ်းကို ဖိအပ်နမ်းနေရာမှာ အောက်နူတ်ခမ်းကို ဖွဖွကိုက်ပြီး မိမိအာခံတွင်းထဲ အကို ကျူးကျော်လာသည်ကို သိလိုက်ရစဉ် နွေဦး ခါးခါးသီးသီးငြင်းဆန်လိုက်သည်။ အကို့ရင်ဘတ်ကို အားကုန်တွန်းထုတ်ကာ ရုန်းကန်သော်လည်း ပိန်ပါးသော အကိုသူရ ဘယ်ကနေ အားတွေရှိလာသလဲ မသိအောင်ပင် သန်မာလွန်းလှသည်။ မိမိအာခံတွင်းတစ်ခုလုံး နူးညံ့သောလျှာက ထိုးဖောက်ဝင်ရောက်လာပြီး မိမိလျှာကို ရစ်ပတ်ကစားနေသဖြင့် နွေဦးဘယ်လိုမှ သည်းမခံနိုင်တော့ပဲ သူ့လျှာကို ကိုက်လိုက်တော့သည်။

"အ...နွေဦးလေး...ကိုယ့်ကိုခွင့်လွှတ်ပါကွာ... အကို နွေဦးရဲ့မျက်ရည်ကိုတွေ့တော့  စိတ်တွေလွှတ်ထွက်သွားမိတယ်။ နွေဦး စိတ်ဆင်းရဲနေချိန် အကို အခွင့်ရေးယူမိသွားတယ်။ အကို့ကိုခွင့်လွှတ်ပေးပါကွာ..."

သူရက နွေဦး ဘာမှ မပြောခင် အရင်တောင်းပန်ပြီး လွှတ်ပေးကာ အပြစ်ရှိသည့်မျက်နှာထားဖြင့် ခေါင်းငုံ့ထားလိုက်သည်။ နွေဦးသည် ပထမ အကို့ကို စိတ်ဆိုးပြီး အပြစ်ပြောချင်သော်လည်း အကိုသူရ၏ ပုံစံကိုတွေ့တော့ အပြစ်မတင်ရက်တော့ပေ။ အကိုသူရက မိမိအပေါ် ခံစားချက်တို့ ဘယ်လောက်ရှိသည်ကို ရိပ်မိကာ စိတ်မကောင်းဖြစ်သွားသည်။ မိမိနှလုံးသားက ကဝေကြီးကို ပေးပြီးသားဖြစ်လို့ အကိုသူရကို ပေးစရာမရှိသဖြင့် အားနာသွားသည်။

"ရပါတယ် အကို။ ကျွန်တော်ကသာ အကို့ကို အားနာရမှာပါ။ ကျွန်တော် ကဝေကြီးတစ်ယောက်ကို အချစ်တွေ အားလုံးပေးထားပြီးဖြစ်လို့ အခြား ဘယ်သူ့ကိုမှ ထပ်ချစ်ဖို့ မဖြစ်နိုင်တော့ပါဘူး အကို။ ကျွန်တော့်ကို နားလည်ပေးပါ။ "

ထိုစကားကိုကြားသော် သူရ၏ မျက်နှာက ထိန်းမရအောင် ပျက်ယွင်းသွားခဲ့သည်။ သို့သော် မျက်နှာထားကို အတတ်နိုင်ဆုံးပြန်ပြင်ကာ ခပ်အက်အက်ရယ်မောလိုက်ပြီး ပေါ့ပေါ့ပါးပါးလေး လှမ်းပြောလိုက်သည်။

"ကိုယ်...နားလည်ပါတယ်။ အကိုခုနက စိတ်လွှတ်သွားတာ ကျေးဇူးပြုပြီး မေ့ပစ်လိုက်ပါ ညီလေး။ အကို့ကို ညီအစ်ကိုလို သဘောထားသေးတယ် မဟုတ်လား နွေဦး။"

"ဟုတ်ကဲ့။"
"ကောင်းတယ်။ ငါ့ညီ ကြုံနေရတဲ့ အဖြစ်ကို အကို အတတ်နိုင်ဆုံး အဖြေရအောင်ရှာပေးမယ်။ အခုတော့ နေ့လည်စာ သွားစားရအောင်။ အကို ညီလာခံပြီးပြီးချင်း လာခဲ့တာ ဆာနေပြီ။ "

နွေဦးသည်  အကို့စကားကြောင့် အားတုန့်အားနာဖြစ်သွားပြီး အကို့ကို တီးတိုးတောင်းပန်လိုက်သည်။ အကိုက ဘာဖြစ်ဖြစ် မိမိအတွက် ဒီမှော်လောကမှာ တစ်ဦးတည်းသော အားကိုးရာ မဟုတ်လား။ အကို မိမိကို ချစ်တာ မုန်းသည်ထက် တော်သေးသည်။ ကဝေကြီး မင်းသတိုးအတွက် ကူညီပေးမယ့် လူတော့ ၇ှိသေးသည်ဟုတွေးလိုက်မိသည်။ တကယ်တော့ နွေဦးက လူတွေကို နားမလည်တာလား။ သူရကို အရမ်းယုံသွားတာလား မသိတော့။ အခုချိန်ထိ အကိုသူရကို ဘယ်လိုမှ သံသယမဝင်ခဲ့မိပါ။
=============================

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now