သန်းခေါင်ယံချစ်သူ Season - 2 - Chapter (38)

2.5K 293 21
                                    

သန်းခေါင်ယံချစ်သူ
Season – 2 - Chapter (38)

"နွေဦး.....ကိုယ့်ကို မထားခဲ့ပါနဲ့ နွေဦး"
မင်းသတိုးသည် သူရနောက်ကို လိုက်ပါသွားသည့် နွေဦးကို အသံကုန်လှမ်းအော် ဟစ်လိုက်သော်လည်း မြင်ကွင်း ထဲကနေ သူတို့ ပျောက်ကွယ်သွားသည်ကို မတားလိုက်နိုင်တော့ပေ။ သူတို့ပျောက်ကွယ်သွား သည့်တိုင် မင်းသတိုးက ပြင်းထန်သည့် စိတ်ခံစားချက်ကို မထိန်းနိုင်သလို မျက်နှာပျက်နေသဖြင့် ပုလဲဒေဝီက အရှင့်ကို တိတ်တဆိတ်လှမ်းမေးလိုက်သည်။

"အရှင် ဘာကြောင့် သူရလက်ထဲကို အရှင့်ချစ်သူကို ပြန်လိုက်သွားခွင့်ပြုလိုက်တာလဲ...."

"မင်း မျက်လုံးကို ဘာနဲ့မှ ဖုံးလို့မရပါလား ပုလဲ..... ဒါဆို ကိုယ် သရုပ်ဆောင်တာ မပီပြင်ဘူးဆိုတဲ့ သဘောပေါ့...သူရ ရိပ်မိနိုင်လောက်မယ် ထင်တယ်"
မင်းသတိုးက ပုလဲဒေဝီကို စိုက်ကြည့်ကာ သက်ပြင်းချရင်း ပူပန်စွာပြောလိုက်သည်။ ပုလဲဒေဝီက ပြာပြာသလဲ ပြန်ဖြေလိုက်သည်။

"မရိပ်မိပါဘူး အရှင်၊ ကျွန်မသာ အရှင့်ရဲ့ စွမ်းအင်အမှန်ကို သိနေသူမို့ အရှင် ခွင့်မပြုရင် သူရက အရှင့်ရှေ့မှောက်မှာ ဘယ်လိုလုပ် လူတစ်ယောက်ကို ခေါ်ပြီး ပျောက်ကွယ်သွားနိုင်မှာလဲ...."

"မင်း ထင်တာထက် သူရက ပိုစွမ်းတယ်။ သူ့အင်အားက ကိုယ့်ထက်ကို အားကောင်းချင်နေပြီ။ တကယ်တမ်း တိုက်ခိုက်ရင် သူရကို ကိုယ် နိုင်ပါ့မလား မသိတော့ဘူး"
ပုလဲဒေဝီ၏ သူ့စွမ်းရည်အပေါ် ယုံကြည်ချက်မြင့်နေသဖြင့် မင်းသတိုး အမှန်တိုင်းပြောလိုက်သည်။ ရန်သူကို လျှော့တွက်မိလျှင် မိမိနောက်လိုက် အရှုံးနှင့်ရင်ဆိုင်ရမည်ကို ဆိုးလှသည်။ မင်းသတိုး၏ စကားကြောင့် ပုလဲဒေဝီ မျက်လုံးပြူးသွားတော့သည်။ သူရလို မနေ့တနေ့မှ မှော်ပညာဆိုတာကို သိဖူးသည့် လူက ဘယ်လိုလုပ် ဒီလောက်စွမ်းနိုင်မှာလဲ။ အရှင်မင်းသတိုးလို မှော်လောက အကြီးကဲအဖြစ် သုံးကြိမ်တိတိလုပ်ခဲ့သူကို ဘယ်လိုယှဉ်နိုင်မှာလဲ။

"အရှင်....ဘယ်လိုဖြစ်နိုင်မှာလဲ။ သူရက အရှင်သုပညာ နောက်ဆုံးမှ လက်ခံပြီး မှော်ပညာသင်ပေးတာ တစ်လတောင် မရှိသေးဘူး။ သူ့ကိုယ်ထဲက လနတ်သမီးရဲ့ မူလစွမ်းအင် နိုးထလာတယ်ဆိုရင်တောင်မှ ဒီလောက်ထိအစွမ်းထက်စရာနိုင်စရာ အကြောင်းမရှိဘူး...... သူရက ထင်သလောက် မရိုးရှင်းဘူးထင်တယ် အရှင်...."

"ဒါပေါ့....သူရက သူတို့ အရှေ့တောင်တန်းမျိုးနွယ်စုက မျှော်နေတဲ့ ကယ်တင်ရှင် မင်း တစ်ပါးပဲ။ သူ့ကို ထောက်ခံပေးသူတွေက သူ့အတွက် အများကြီး ကြိုတင်စီစဉ်ပေးထားပြီးသား။ ဒါကြောင့် အခုလို အဖြစ်ပျက်တွေ တောက်လျှောက်ဖြစ်ပျက်လာတာပဲ..."
မင်းသတိုးက ခေါင်းငြိမ့်ကာ ပုလဲဒေဝီ စိုး၇ိမ်နေသည့် အကြောင်းကို အတည်ပြုပေးလိုက်သည်။ တကယ်တော့ သူရရဲ့ ဇစ်မြစ်နဲ့ နောက်ခံက ထူးခြားသည်။ သူ့ကို ရွေးချယ်ထားတဲ့ အဖွဲ့က သူ မမွေးဖွားခင်ကတည်းက ဒါတွေကို ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။ ပြီးတော့ သူရက စစ်မှန်သည့် လနတ်သမီး၏ မျိုးဆက် ဆိုသည့် အချက်က ထူးဆန်းသည့် တိုက်ဆိုင်ချက်ပဲ ဆိုရမည်။ ရှမ်းပြည်တစ်ခုလုံးက မည်သူမဆိုဖြစ်နိုင်သည့်အထဲ ဒီလူ သူရမှဖြစ်ရသည်။ ပြီးတော့ သူရဆိုတာ မိမိချစ်သူ နွေဦးလေး၏ အချစ်ဦး။ သူရလိုကောင်က ဒီအချက်ကို အသုံးမချပဲ နေမည်မဟုတ်ပေ။ ဒါ့အပြင် သူရကို ထောက်ပံ့ပေးနေသည့် လနတ်သမီးကိုးကွယ်သည့် မျိုးနွယ်စု၏ အကြီးကဲသားအဖလည်း ဒီအခွင့်ရေးကို အရယူမှာသေချာသည်။
သူရ၏ လနတ်သမီးမျိုးဆက်ဆိုတာ ပေါ်လာပြီးနောက် ရှမ်းအရှေ့မှ လှိုဏ်ဂူကြီးထဲက သဘာဝလွန်ဖြစ်ရပ်၊ အအေးစွမ်းအင်ရဲ့ မူလဇစ်မြစ်၊ လကြေးမုံကို အခြေတည်ပြီး လစွမ်းအင်နှင့် ထောင်ချောက်ဆင်ပြီး မိမိကို အသေ လုပ်ကြံသည့်ဖြစ်ရပ်။ ဒါတွေကို စီစဉ်ထားသူက တစ်ယောက်တည်းသမားတော့ မဟုတ်ပေ။ အင်အားကြီးနောက်ခံရှိသည့် နယ်ခံကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်ပေ။
"အရှင်ဆိုလိုတာက.... သူ....ဒါကို ကြိုတင်စီစဉ်ထားတာ...."

"ဟုတ်တယ်။ သူ တင်မကဘူး။ သူတို့ မျိုးဆက်တလျှောက်လုံး ကြိုတင်စီစဉ်ထားတာ..... "
ပုလဲဒေဝီက မင်းသတိုးပြောသည့် လူကို ချက်ချင်းသိလိုက်ပြီး သူလုပ်သမျှ အားလုံးကို ဆက်စပ်မိပြီး အောက်နူတ်ခမ်းကို သွားနှင့်ကိုက်ကာ နာကျင်စွာပြောလိုက်သည်။

"အရှင်.... ကျွန်မကို ခိုင်းချင်ရာခိုင်းပါ။ ဒီမှော်လောကကို ကံဆိုးမိုးမှောင်မကျအောင် အရှင်                   ကယ်တင်ပေးတော်မူပါ...ပြီးတော့ ကျွန်မ ခမည်းတော်ကို သတ်သွားတဲ့ တရားခံကို တရားနည်းလမ်းနဲ့ အပြစ်ပေးနိုင်အောင် ကူညီပေးပါ။"

"ကျုပ် ဒီထက် အစွမ်းထက်မှဖြစ်မယ်...ပုလဲ...ကျုပ်ရဲ့ စွမ်းအင်တွေ မလုံလောက်သေးဘူး.... ကျုပ်တောင်ပိုင်း ပင်လယ်အစွန်းက မီးတောင်မှာ အချိန်ခဏ သွားလေ့ကျင့်မှဖြစ်မယ်ထင်တယ်... "

မင်းသတိုးသည် ပုလဲဒေဝီကို စိုက်ကြည့်ကာ အမှန်တိုင်းပြောလိုက်သည်။ လက်ရှိ သူရ၏ အားအင်က တရိပ်ရိပ်တိုးနေသည်။ မိမိကိုယ်ထဲက ပင်မ မီးစွမ်းအားကို ရလိုက်သည့်တိုင် သူ့ကို ရင်ဆိုင်နိုင်ရုံသာရှိဦးမည်။ တကယ်လို့ ဟိုသားအဖကသာ နောက်က အားဖြည့်လာမည်ဆိုလျှင် မိမိသေချာပေါက် ရှုံးနိုင်သည်။ မိမိအဆင့်ကို ထပ်မမြှင့်မလို့ မရတော့ပေ။

"အရှင့်စွမ်းအင်ကို ဒီထက်တိုးမြှင့်ရင် အရှင့်ကို ထိခိုက်နိုင်မလား..."
"တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ရမှာပဲလေ။ နည်းနည်းတော့ ထိခိုက်မှာပေါ့။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကိုယ် လက်ခံနိုင်တဲ့ အတိုင်းတာတွင်းကပါ....ကိုယ် အချိန် ခုနှစ်ရက်လိုမယ်.... အခုကစပြီး ဘယ်နည်းနဲ့ဖြစ်ဖြစ် သူရ လာတိုက်တာကို တောင့်ခံထားပါ။ မဟာမြိုင်ဘက်က တိုက်စစ်ဆင်လာတာကို သေချာ တားဆီးထားပါ။ ဒါပေမယ့် သူတို့ စစ်မြူရာကို ပါမသွားစေနဲ့။ ကိုယ် လုပ်ပေးထားတဲ့ အတားအဆီးကို ဖြတ်ပြီး သူရလို အဆင့်ကလွဲရင် ဘယ်သူမှ ဝင်မလာနိုင်ဘူး။"

မင်းသတိုးသည် ပုလဲဒေဝီ စိတ်ပူနေမည်စိုးသဖြင့် ခပ်ဖော့ဖော့ပြောကာ လုံခြုံရေးကို အားလုံး ဆက်စီစဉ်ကာ တာဝန်ချထားလိုက်သည်။ ပုလဲဒေဝီလည်း မင်းသတိုး၏အမိန့်ကို နာခံကြောင်း ရိုသေစွာပြန်ဖြေလိုက်သည်။

"ပုလဲ သိပါပြီ။ အရှင့် အမိန့်အတိုင်း ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်..."
"အဇိုင်းနဲ့ အာနန်ဒိုင်ကို တိုက်ပွဲမှာ ကမာတွေကို ထိန်းချုပ်ပြီး နန်းတော်ကို ကာကွယ်ဖို့ အမိန့်ပေးလိုက်ပါ..."
ကမာကို တိုက်ခိုက်ရန် အမိန့်ပေးသည့်အတွက် ပုလဲ အံ့အားသင့်သွားသည်။ အရှင်မင်းသတိုးက ဘယ်လိုများ စီစဉ်ထားတာပါလိမ့်။

"အရှင်..ကမာတွေက ဘာစွမ်းအင်မှ မရှိတော့ဘူး မဟုတ်လား။"
"သူတို့ကိုယ်ထဲက အမှောင်စွမ်းအင်နေရာမှာ  ကျုပ်ပိုင်တဲ့ စွမ်းအင်တွေကို ထည့်သွင်းပေးထားတယ်။ အဇိုင်းအမိန့်နဲ့ သူတို့ ကောင်းကောင်းတိုက်ခိုက်နိုင်တယ်။ ဒါက နောက်ဆုံး ခံတပ်ပါ...."
ထင်ထားသည့်အတိုင်း အရှင်မင်းသတိုးက လာမည့်အနာဂါတ်အတွက် ကြိုတွေးကာ ကမာများကို မီးစွမ်းအင် ထည့်သွင်းပေးထားသည်။ အရှင်က မဟာမြိုင်ကို သုံးကြိမ်တိုင်တိုင် အုပ်ချုပ်ဖို့ ထိုက်တန်ပါပေသည်ဟု တွေးနေမိသည်။

"စိတ်ချတော်မူပါအရှင်။ ကျွန်မ ဒါတွေကို သေချာကိုင်တွယ်ပါ့မယ်.."
ပုလဲဒေဝီထံမှ ကတိကိုရတော့ မင်းသတိုး တောင်ပိုင်းပင်လယ်ဘက်ကို ပျံသန်းလာပြီး စိတ်ထဲမှ နွေဦးလေးကို လှမ်းပြီး တောင်းပန်လိုက်သည်။

"နွေဦးလေး.... မင်းကို ရန်သူတွေလက်ထဲမှာ ဆက်နေခိုင်းတဲ့အတွက် ကိုယ့်ကို ခွင့်လွှတ်ပါ။ ရောဂါတစ်ခုဆိုတာ အမြစ်ကနေ တူးထုတ်မှ၊ ရောဂါအရင်းမြစ်ကို သိအောင် လုပ်မှ မင်း ဒီအရာတွေကနေ တစ်ဘဝလုံးလွှတ်မြောက်မှာမို့...ကိုယ်စီစဉ်တဲ့အတိုင်း ခဏ သည်းခံနေပေးပါ... နွေဦးလေး။ မင်းအတွက် အကောင်းဆုံး ဖြစ်အောင် ကိုယ်ကြိုးစားနေတယ် ကလေးရေ...."
=======================
နွေဦးသည် မဟာမြိုင်ကို ပြန်ရောက်တော့ အကို့ရင်ခွင်က ရုန်းထွက်ပြီး ဘယ်လိုမှ မအောင့်အီးနိုင်တော့ပဲ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားကာ မျက်နှာကို လက်ဝါးနှင့် ကွယ်ထားပြီး ကဝေကြီးကို ခေါ်ညည်းနေမိတော့သည်။ ရင်ထဲမှာ နာကျင်လွန်းလို့ သေမလိုတောင် ခံစားနေရသည်။ မိမိ တောင်းပန်နေသည်ကို ငြင်းပယ်လိုက်သည်က မိမိကို သူ့ဘဝထဲက တစ်ခါတည်း တွန်းထုတ်လိုက်ပြီလားဟု တွေးကာ နွေဦးအသက်ရှုလို့ပင် မရနိုင်အောင်ခံစားနေရသည်။ ချစ်သည့်သူ၏ လျစ်လျူရှုခြင်းက သေသည်ထက် ဆိုးသည့် ဝေဒနာကို ပေးနိုင်ကြောင်း မိမိလက်တွေ့သိသွားလေပြီ။

"ကဝေကြီး....ကဝေကြီး...."

"နွေဦး.....ဝမ်းမနည်းပါနဲ့...ကိုယ် တစ်ယောက်လုံးရှိပါတယ်..."
သူရက နွေဦး၏ ပုခုံးလေးကို အသာဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။ နွေဦးက တွန့်သွားပြီး သူ့ကို မော့ကြည့်ကာ တောင်းပန်ဟန်ဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကို။ ကျွန်တော် တစ်ယောက်တည်း နေပါရစေ..."
နွေဦး၏နီရဲနေသည့် မျက်လုံးနှင့် ကြေကွဲနေသည့် နှလုံးသားကို တွေ့လိုက်ရသဖြင့် သူရ သက်ပြင်းရှိုက်ကာ လက်ကို ရုပ်လိုက်ပြီး အသာပြောလိုက်သည်။ နာကျင်နေသည့် နှလုံးသားကို အပိုင်သိမ်းချင်လျှင် အတင်းကျပ်မလုပ်ပဲ ဒီအချိန် သူတောင်ကောင်းလုပ်ပေးရမည် မဟုတ်လား။ သူရက နားလည်ပြီး သဘောထားကြီးသည့် အကိုတစ်ယောက်ဒီဇိုင်းဖမ်းလိုက်ကာ ငြင်သာစွာပြောလိုက်သည်။ သူ့လေသံက ချော့တစ်ဝက်၊ အမိန့်ပေးခြင်းတစ်ဝက်ဖြစ်သည်။

"ကောင်းပြီ။ ဒီတစ်ညတော့ ကိုယ်ခွင့်ပြုပေးလိုက်မယ်။ ဒါပေမယ့် နောက်နေ့မှာ ခုလို ကလေး တစ်ယောက်တည်း ဆက်ကြေကွဲနေတာကို အကို ခွင့်မပြုဘူးနော်..."

"ဟုတ်ကဲ့.... ကျွန်တော့်ကို ကူညီပေးတာ ကျေးဇူးတင်ပါတယ် အကိုသူရ..."
နွေဦး ခပ်ယဲ့ယဲ့ပြုံးကာ သူ့ကို ပြန်ဖြေလိုက်သည်။ သူရ ကျေနပ်သွားပြီး နွေဦး၏ ခေါင်းလေးကို အသာပွတ်ပေးကာ အားပေးလိုက်သည်။

"နားလိုက်ဦး နွေဦးလေး။ ဘာမှ မတွေးနဲ့။ အားလုံး အဆင်ပြေအောင် ကိုယ်လုပ်ပေးမယ်..."
"ဟုတ်ကဲ့... Good Night အကိုသူရ..."
နွေဦးက သူ့အထိတွေ့ကို မပယ်ရှားပဲ နူတ်ဆက်စကားသာပြောလိုက်သည်။ လောလောဆည် မိမိကို အားပေးသည့် အကိုသူရ၏ အထိတွေ့ကြောင့် ရင်ထဲက နည်းနည်းသက်သာသလို ခံစားရပေမယ့် နွေဦး တစ်ယောက်တည်း နေချင်သဖြင့် ရိုင်းရာကျပေမယ့် အကို့ကို နူတ်ဆက်ပြီး နှင်လိုက်ခြင်းဖြစ်သည်။
=============================
အခန်းပြင်ကို ထွက်ပြီး မိမိအခန်းကိုလာရင်း သူရ အားရစွာ ကြုံးဝါးလိုက်သည်။ မိမိမျက်လုံးအောက်တွင် မင်းသတိုးနှင့် နွေဦးကြား သပ်လျှိုပေးနိုင်သဖြင့် ကျေနပ်နေသည်။ နွေဦးလေးကို မင်းသတိုး လက်ခံလျှင် သူ့ကို လုပ်ကြံနိုင်မည်။ ခုလို လက်မခံပဲ စကားများတော့ မိမိကို အချိန်ကိုက် နွေဦးကို ပြန်ခေါ်လာပြီး ဒီထက်ပြင်းတဲ့ ၇ိုက်ချက်ကို ပြင်ဆင်ဖို့ နွေဦးကို တည်ကြက်အဖြစ်ထားနိုင်မည်။ ဘယ်လိုဖြစ်ဖြစ် မင်းသတိုး မိမိလက်ထဲက ဘယ်လိုမှ မလွတ်နိုင်တော့ပေ။

"မင်းသတိုး.... ငါ ဆင်ထားတဲ့ ထောင်ချောက်ကို မင်း ရှောင်နိုင်တယ်တဲ့လား။ မင်းက ငါထင်တာထက် ပိုထက်မြက်တဲ့ မျက်လုံးကို ပိုင်ထားတာပဲ။ မင်း ချစ်သူ ငါ့လက်ထဲ ရှိနေတာ။ မင်း ဘယ်လောက်ရှောင်နိုင်မလဲ။ ကြည့်ကြသေးတာပေါ့။ မင်း ကိုယ်တိုင် အသတ်ခံရအောင် ငါ့ ခြေရင်းကို ရောက်လာစေရမယ်...."

သူရ အခန်းထဲ ဝင်လိုက်သည်နှင့် မိမိကို ဒူးထောက်ခစားနေသည့် ရူပကလျာဏီဆိုသည့် မှော်ဆရာမကို တွေ့လိုက်ရသည်။ သူရက ပြုံးကာ သူမကို စိုက်ကြည့်လိုက်သည်။ နောက်ဆုံး သူမရဲ့ သခင်ကို သေချာသိသွားပြီထင်သည်။

"အရှင်....."
"ရူပကလျာဏီ.... မင်း အခု ကျုပ်ကို ဆန့်ကျင်ဦးမှာလား..."
ရူပကလျာဏီက ကြောက်ရွံ့စွာပြန်ဖြေလိုက်သဖြင့် သူရ ကျေနပ်သွားသည်။

"ကျွန်တော်မျိုးမ မသိလို့ပါ အရှင်။ အရှင်မှန်းသိရင် မဆန့်ကျင်ဝံ့ပါဘူး"
"ကောင်းပြီ။ စဝ်ဟုန်ဖကို ခေါ်လိုက်။ မဟာမြိုင်ကို သိမ်းပိုက်မယ်"
သူရ၏ ပြတ်သားသည့် အမိန့်အောက်တွင် ရူပကလျာဏီ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နံရံတွင် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုပေါ်လာပြီး ချက်ချင်း လူရွယ်တစ်ယောက်ထွက်လာခဲ့သည်။
ဒီလူငယ်က စဝ်ဟုန်ဖ ခေါ် ပါရှားမှော်ဆရာဟု မဟာမြိုင်က သိနေသည့် လူပင်ဖြစ်သည်။

"ကျွန်တော်မျိုးရောက်ပါပြီ အရှင်..."
စဝ်ဟုန်ဖက ရောက်ရောက်ခြင်း သူရရှေ့တွင် ဒူးထောက် အရိုသေပေးကာ အမိန့်ကို နာခံနေသည်။ သူရက ပြတ်သားသည့် အမိန့်ကို ချက်ချင်း ချမှတ်လိုက်သည်။ မှော်လောကကို သိမ်းပိုက်ချိန်တန်ပြီ။

"သုပညာကို မသတ်နဲ့။ သူ့ကိုယ် ငါ ချုပ်ကိုင်ထားပြီးပြီ။ နာယက သုံးဦးကို အကျဉ်းထောင်မှ ချုပ်ထား။ ကျန်တဲ့သူတွေကို ခန်းမထဲ စုထား။ ပြီးရင် ငါ လာခဲ့မယ်..."
"အမိန့်တိုင်းပါ အရှင်..."
မကြာခင် မဟာမြိုင်တစ်ခုလုံး သူရတို့နောက်လိုက်များ တဖွဲဖွဲဝင်ရောက်လာပြီး နောက်ကွယ်မှ အလစ်ဝင်တိုက်ခိုက်ကာ မဟာမြိုင်ကို သိမ်းပိုက်လိုက်တော့သည်။ ထိုအချိန်တွင် နွေဦးသည် သူရ၏ အိပ်မွေ့ချထားခြင်းကြောင့် ပျော်စရာ အတိတ်ဖြစ်ရပ်ကို ပြန်လည်မွမ်းမံထားသည့် အိပ်မက်ထဲ နစ်မြှုပ်နေတော့သည်။

နွေဦးသည် အကို သင်ပေးသည့် စိတ်ပညာအကြောင်းတရားများကို နားထောင်ရင်း ငိုက်ခနဲဖြစ်သွားစဉ် နားနားကပ်ကာ နားရွက်ထဲ လေမှုတ်ပြီး မေးလိုက်သည့် အကိုကြောင့် လန့်နိုးလာခဲ့သည်။

"နွေဦး.... မင်း အိပ်ငိုက်နေပြန်ပြီလား...."
"မငိုက်ပါဘူး အကို...."
နွေဦး ပြုံးကာ ဖြေလိုက်စဉ် အကိုက မိမိ ပါးစပ်ထောင့်မှ စီးကျနေသည့်သွားရည်ကို လက်နှင့် သုတ်ပေးသဖြင့် ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်သည်။ ရင်ကတော့ တထိတ်ထိတ်ခုန်နေသည်။

"ကြည့်စမ်း.... ကိုယ့်ချစ်သူကို ညာနေပြန်ပြီ။ သွားရည်တွေတောင်စီးကျနေတာ... အိပ်ငိုက်တာ မဟုတ်ရင် ဘယ်က စီးကျလာတာလဲ ပြောစမ်း..."
"အာ.... အကိုကလည်း။ ကျွန်တော့် ဖာသာ သုတ်ပါ့မယ်..."
"ငြိမ်ငြိမ်နေ..ကိုယ့်ချစ်သူလေးကို ကိုယ်တိုင် လုပ်ပေးချင်တာ...."
ဒါပေမယ့် အကိုက လက်ကိုင်ပုဝါဖြင့် ထပ်သုတ်ပေးနေသဖြင့် နွေဦး ငြိမ်သက်သွားသည်။ အကို့အကြင်နာများက ဖေဖေ့လို နူးညံ့လှသည်။

"အကို...."
"ဗျာ..."
"အကို ဘာကြောင့် ကျွန်တော့်ကို ချစ်တာလဲ...."
နွေဦး ဘယ်လိုမှ မအောင့်နိုင်တော့ပဲ အကို့ကို မေးလိုက်မိသည်။

"တကယ်မသိတာလား ချာတိတ်လေး... သိလျက်နဲ့ ကြားချင်လို့ ထပ်မေးတာလား"
"ဟာ..အကိုကလည်း။ မသိလို့ပေါ့.... ကျွန်တော့်လို ဆပ်ပလီထိထားတဲ့ ဆေးကျောင်းသားတစ်ယောက်ကို စိတ်ရှည်လက်ရှည် အင်္ဂလိပ်စာ သင်ပေးတဲ့အပြင် သိသင့်တဲ့ လူ့သဘာဝတွေကိုလည်း သင်ပေးတယ်။ ကျွန်တော်က ပေါင်းသင်ဆက်ဆံရေးလည်း မကောင်းဘူး။ သူများလို အကို့ကို တီတီတာတာလည်း မပြောတတ်ဘူး။ ဒါတောင် အကိုက ဘာကြောင့် ကျွန်တော့်ကို ချစ်တာလဲ..."
နွေဦး တကယ်သိချင်လို့ အကို့ကို မေးလိုက်ခြင်းဖြစ်သည်။ အကို့ဘေးမှာ အင်ဂျင်နီယာမလေးများ၊ တီတီတာတာပြောတတ်သည့် စီးတီးမတ်မှ ဝန်ထမ်းများ၊ စာရေးနေသည့်သူများ စသဖြင့် မိမိထက် သူ့ကို ဖူးဖူးမှုတ်နေသည့် ကျားကျားမမ များကြားက မိမိကို သူ ဘယ်လိုကြောင့် ချစ်မိသည်ကို ဘယ်လိုမှ မနားမလည်တော့ပေ။
အကိုသူရက နွေဦးဘေးတွင် ဝင်ထိုင်ရင်း ငြင်သာစွာ ပြောလိုက်သည်။ ဗွီရှိတ်လည်ပင်းနှင့် စွယ်တာမီးခိုးရောင်ကို အနက်ရောင် စတိုင်ပင်နှင့် တွဲဝတ်ထားသည့် အကိုက ရှင်းသန့်ကာ ကြည့်ကောင်းလှသည်။ ချောသည်ဆိုတာထက် တဖက်သားကို ယုံကြည်အားကိုးစိတ်ဝင်လာစေသည်။

"ရိုးသားလို့ပေါ့.... မင်းက ဟန်ဆောင်တာ မရှိဘူး။ စိတ်ထဲ မပါတဲ့ စကား မပြောဘူး။ ပြီးတော့ မင်းက အသိဥာဏ်ရင့်သန်တယ်။ အထူးသဖြင့်တော့ မင်းက စိတ်ထားအရမ်းဖြူတယ်။ ဒီအချက်တွေက မင်းကို မချစ်ပဲ မနေနိုင်အောင် ညှို့ငင်နေတာပဲ ချာတိတ်လေး။ ကဲ ဒီတစ်ခါ ကိုယ့်အလှည့်။ မင်း ထက် အသက် 10 လောက်ကြီးတဲ့သူကို ဘာကြောင့် ချစ်သွားတာလဲ...."
အကို့ကို ငေးကြည့်နေရင်း မိမိကို မေးလာတော့ အမှန်တိုင်းပဲ ဖြေလိုက်သည်။

"အကိုက ကျွန်တော့်အဖေနဲ့တူလို့....."
"အာ...."
မိမိအဖြေကြောင့် အကို ကိုးယို့ကားယားဖြစ်သွားပုံက ဘယ်လောက်တောင် ချစ်ဖို့ကောင်းသည်ကို သူ့ဖာသာတောင် သိပါလေစ။ အကို့ကို ပြုံးကြည့်ကာ နွေဦး အမှန်တိုင်း ရှင်းပြလိုက်သည်။ တတိယနှစ်မှာ ဆုံးသွားသည့် ဖေဖေ့နေရာမှာ အကိုရောက်လာခြင်းက မိမိကို ရှေ့ဆက်ဖို့ ဘယ်လောက် ခွန်အားဖြစ်လိုက်သလဲဆိုတာ အကို ဘယ်တော့မှ မသိနိုင်ပေ။ အကိုက မိမိချစ်သူဆိုတာထက် မိမိ ရဲ့ အားကိုးရာ အဖေလို။ အကိုလို လူမျိုးဖြစ်သည်။ ချစ်သည်ဆိုတာထက် အကို့ကို မိမိတွယ်တာသည်။

"အကိုက ကျွန်တော့်ကို ဆုံးမစကားပြောတဲ့ပုံတို့.... စာသင်ပေးရုံသာမကဘူး။ လူ့သဘောသဘာဝတွေကို ပြောပြတဲ့ပုံက ဆုံးသွားတဲ့ အဖေ့ကို သတိရစေတယ်။ ဘယ်တော့မှ မကြားရတော့ဘူးလို့ ထင်တဲ့ ဆုံးမစကားတွေကြောင့်.... အကို့ကို ချစ်သွားတာ...."
"ပေါက်ပေါက်ရှာရှာကောင်လေး...ကိုယ့်ကို အဖေ့ကိုယ်ပွားနေရာထားလိုက်တာပေါ့...ဟုတ်လား..."
"ဟုတ်ကဲ့"
အကိုသူရက မိမိစကားကြောင့် စိတ်ညစ်သလို ရယ်မောကာ ခေါင်းကို သူ့လက်သီးကြီးနှင့် မနာအောင် ထုပြီး ပြောလိုက်သည်။

"ထားစရာလားကွာ။ အဖေလို အားကိုးတာထားတော့။ အဖေလိုတော့ မချစ်နဲ့ ဟုတ်ပြီလား။ ကိုယ်က ချစ်သူလေ။ ကိုယ့်ကို ချစ်သူလိုပဲ ချစ်နော် ကလေးလေး..."

"အာ...အကို နားရွက်ကို မနမ်းပါနဲ့...ယားလို့..."
အကို့ ငုံ့ကိုင်းပြောရင်း မထင်မှတ်ပဲ နားရွက်ကို နမ်းလိုက်သဖြင့် နွေဦး ရင်ခုန်ကာ လန့်လည်းလန့်သွားသည်။ နားရွက်က မိမိအထိမခံသည့်နေရာဆိုတာ အကို ဘယ်လိုသိသွားတာပါလိမ့်။
 
"ချာတိတ် နားရွက်လေးက ချစ်စရာလေး။ နမ်းရုံမကဘူး။ ကိုက်စားချင်တယ်..."
"ဟာ...အကို...."
အကိုက တကယ်ပဲ နမ်းရုံမက နားရွက်ဖျားကို ကိုက်လိုက်သဖြင့် နွေဦး တကိုယ်လုံးကြက်သီး ထောင်ထသွားလေတော့သည်။ ရင်ထဲမှာလည်း ကုလားဘုရားပွဲလှည့်နေသလိုပင်။ အကိုက အဖေနဲ့ မတူချင်၊ ချစ်သူနှင့်တူချင်သည်ကို ဒီလိုများ လက်တွေ့ပြနေရော့သလားဟု တွေးလိုက်မိသည်။

"ဟား..ဟား...ကြည့်စမ်း....ကြက်သီးမွှေးညှင်းတွေတောင် ထောင်နေပြီ။ ကိုယ့်ချစ်သူက တကယ့် အဖြူထည်လေးပဲ... ကိုယ် လူရွေးမမှားဘူး"
"ကျွန်တော်လည်း အကို့ကိုချစ်တာ မမှားပါဘူးဗျာ....အချစ်တွေအပြင် အဖေတစ်ယောက်ရလိုက်သလို စိတ်လုံခြုံမှုကို ပေးခဲ့တယ်။"
အကိုရယ်မောနေသည်ကို ငေးကြည့်ရင်း မိမိလက်ဖျံမှ ထောင်ထနေသည့် ကြက်သီးနွေးများကို ပွတ်သပ်ရင်း နွေဦး ပြုံးကာ ပြောလိုက်မိသည်။ အကို အရမ်းကဲတာပဲဟု စိတ်ထဲမှ ကြိတ်တွေးနေမိသည်။
=====================



သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Tempat cerita menjadi hidup. Temukan sekarang