တော်ချင် ဟန်ဆောင်

8 0 0
                                    

ခရစ်စမတ်ကာလအတွင်း ခွင့်ရက်ရှည် ယူကာ အေမီ တစ်ယောက် ရွာပြန်လာခဲ့သည်။ အေမီက သူ့ရွာကို သူသိပ်ချစ်သည်။ ဟိုး မွေးစမှ အပျိုပေါက်လေး ဖြစ်သည့် အချိန်ထိ ၁၇ နှစ်တိုင်တိုင် နေလာခဲ့သော ရွာလေးဖြစ်သည်မို့ တွယ်တာမှု အတိမ်အနက်က မသေးပေ။

အေမီ ယခုတော့ အသက်ကြီးလာပြီ။ အချိန်ပိုင်း အလုပ်သမားလေး မဟုတ်တော့ချေ။ ကျေးဇူးတော်ကြောင့် ကုမ္ပဏီကောင်း တစ်ခု၌ အချိန်ပြည့် တာဝန်ထမ်းထောင်နေသော လုပ်သက်နုနု ဝန်ထမ်းလေးတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ကျောင်းသူ မဟုတ်တော့၍ ကျောင်းပိတ်ရက်ရှည်ဆိုသည်မှာ ယခုတော့ ဖမ်းဆုပ်ပိုင်ဆိုင်ခွင့်မရှိတော့သည့်၊တသသ အောက်မေ့ရသော အမှတ်တရ တစ်ခုလို ဖြစ်နေသည်။ သို့သော်ငြားလည်း မျက်နှာရိပ်မျက်နှာကဲ ကြည့်ပြီး တိုက်ယူထားသော ခွင့်ရက်ရှည် နှစ်ပတ်လေး ရရှိထား၍ တော်သေးပါသည်။

အေမီကား ရွာပြန်တိုင်း အမြဲပျော်သည်။ ပျော်ရွှင်မှုကား စာဖွဲ့၍ပင် မရချေ။ လအတော်ကြာ ခွဲခွါထားရသော ချစ်ခင်ရသည့် သူများနှင့် ပြန်လည်ဆုံဆည်းရမည့် ကိစ္စ ဘယ်လူသားက မပျော်ပဲ နေအံ့ပါမည်နည်း? တီဗွီ သိပ်...ကြိုက်၍ သင်္ဘောခရာသံကျယ်ကြီးလို ဘူးဘူးဘော်ဘော်နှင့် အိပ်တိုင်း ဟောက်တတ်သည့် ဖွားမြကို ပြန်တွေ့ရမည်။
ကမ္ဘာ့အကောင်းဆုံး တံတောင်ဆစ်ပိုင်ရှင် တနည်း အေမီအား တံခါးမရှိ ဓားမရှိ လွတ်လပ်စွာ ကုတ်ခွင့်ပေးသော ဖေကြီးကို ပြန်တွေ့ရမည်။ ဗျစ်တောက်ဗျစ်တောက် ပြောသော်လည်း အေမီအား အလိုလိုက်အကြိုက်ဆောင်ပေးသော မေကြီးကို ပြန်တွေ့ရမည်။ အေမီ့ မောင်နှမများနှင့် ပြန်လည် ဆုံဆည်းရမည်။ နောက် အေမီချစ်ရသော၊အေမီက သတ်မှတ်ထားသော သူငယ်ချင်းကောင်းများနှင့် တွေ့ရတော့မည်။ ပျော်ရွှင်မှုက တော်တော်ကြီးသည်။ ထိုကြောင့် ထို ပျော်ရွှင်မှုကြီးကြီး ဖြစ်ကိုဖြစ်လာမည်ဟူ၍ အစွဲထားသော မျှော်လင့်ချက်ကလည်း လေးလွန်းလှသည်။

မျှော်လင့်ချက် လေးလေးကို မနိုင်မနင်း ရင်တွင်းထမ်းပြီး ရွာပြန်လာရသည်မှာ အေမီအတွက် မထူးဆန်းတော့ပေ။
အေမီက အပေါင်းအသင်းမက်သည်။ ရွာပြန်လာတိုင်း ဖုန်းနှင့် ပါးစပ်က တဖွဖွ လွမ်းသည်ဟူ၍ ပြောဖူးသော ဖွားမြတို့၊ ဖေကြီးတို့ မေကြီးတို့အနားတွင် အချိန်ပြည့်မနေနိုင်ပေ။ အားအားရှိ သူငယ်ချင်းများကို သာ တွေ့ချင်နေသည်။ မိတုတ်တို့ ဖိုးကျော်တို့ မစိန်လှတို့၊ တစ်ဖက်ရွာက စိမ်းမြ တို့နှင့်သာ စကားတွေ အများကြီး ပြောချင်သည်။ အတူတူရှိချင်သည်။ မိသားစုများက သူတို့အား အာပလာပလာတာ ပုံပြောပြီး အိမ်ပြင်သာ ထွက်ချင်နေသော အေမီ့ကို နားလည်ပေးရှာပါသည်။

Chanbee Lives and Chanbee Writes Where stories live. Discover now