ပျော်ရွှင်မှု အခိုးခံနေရပါသလား?

0 0 0
                                    


ညဘက် ၂-၃ နာရီမှ အိပ်တဲ့ အကျင့်ဆိုးဟာ တစ်နှစ်ကျော်လာပြီဖြစ်တယ်။ အမှန်တော့ အလုပ်စလုပ်တည်းက ဒီအကျင့်ဆိုး ရှိနေပါပြီ။ အဲ့ဒီအကျင့်ဆိုး အရမ်း ချိူမကြွခဲ့တာက ဒီလို။ အရင်က အခန်းဖော်နဲ့ နေရတော့ သူ့ကို အားနာလို့ သူအိပ်ချိန် ကိုယ်လိုက်အိပ်တယ်။ အိပ်ချိန် ရှည်ခဲ့တာပေါ့။ အခုက တစ်ယောက်တည်း အခန်းတည်းမှာ နေချင်သလိုနေရင်း အိပ်ချိန်တိုလာတယ်။ အကျင့်ဆိုးကတော့  ချိူ ရှည်လာတယ်။

ပြန်ဆက်ရရင် ၂-၃ နာရီမှ အိပ်တယ်ပေါ့။ အကြောင်းအရင်းကတော့ နောက်နေ့ မြန်မြန် မရောက်ချင်လို့။ ဟုတ်တယ် နောက်တစ်နေ့ မြန်မြန်မရောက်ချင်ဘူး။ ရှည်ရှည်ဝေးဝေးပြောရရင် ကျွန်မစောစောအိပ်ပြီး မျက်စိဖွင့်တာနဲ့ နောက်နေ့ရောက်သွားတဲ့ feeling ကြီး ကျွန်မ မကြိုက်ဘူး။ နောက်နေ့ ရောက်ရင် အလုပ်လုပ်ရပြီကိုး။ အလုပ်ရဲ့ stress တွေ စခံရတော့မယ်။ အဲ့တော့ ကျွန်မရဲ့ အဖိုးတန်အချိန်တွေကို အိပ်ပစ်မဲ့အစား ပေပြီးတော့ မအိပ်ပဲ ဖုန်းသုံးတယ်။ အမလေး ကောင်းလိုက်တဲ့ အချိန် အသုံးချမှု။ :333 ကျွန်မ ခန္ဓာကိုယ် ကျွန်မ သနားလိုက်တာ။

အိပ်ချိန်တိုတာနဲ့ ပျော်ရွှင်မှုအခိုးခံရတာနဲ့ ဘာဆိုင်လို့တုန်း ဆို ဆိုင်တာမှ သိပ်ကို ဆိုင်ပါတယ်။ တိုက်ရိုက်ကြီးကို ဆိုင်နေပါတယ်။ ဘာလို့ဆို ကျွန်မက မဖြစ်လာသေးတဲ့ နေ့သစ်တစ်နေ့မှာ ဖြစ်လာမဲ့ အဆိုးတွေ ကြိုတွေးရင်း ကျွန်မပျော်ရွှင်မှုတွေကို ကြိုတင် အဆုံးရှုံးခံနေလို့ ကျွန်မ အိပ်ချိန်တိုနေတာပဲ။

ရှုံးခြင်း၊ တိုခြင်း နှစ်ခုလုံး အနူတ်ဘက်ရောက်နေတယ်။ ဘဝက ဒါမျိူးကြီး လည်ပတ်နေတာ အသက်ရှင်ရတာ မတန်လိုက်တာ။ ကျွန်မက ကိုယ်ဘယ်အချိန်သေမလဲ လည်း မသိပဲ ရှင်နေတဲ့ အချိန်မှာ တန်အောင် မရှင်သန်နေဘူး။ ကျွန်မရဲ့ manufacturer ကတော့ ကျွန်မကို ကြည့်ရင်း တော်တော်ဝမ်းနည်းနေမယ်။

အမြဲတမ်းက အကောင်းတွေမလာပေမဲ့ ဘဝကြီးက နေတတ်ရင် ကျေနပ်စရာပါပဲ။ ကျွန်မ ပေါ်လီယာနာလိုအကောင်းမြင်တိုင်းကစားနည်း အမြဲတမ်းဆော့နေမှ ဖြစ်မယ်။ အစမ်းဆော့ရရင် အင်း.... အခု ကျွန်မ မအိပ်ပဲ တောင့်ခံနေလို့ အိပ်ချိန် ၆နာရီခွဲပဲ ကျန်မယ်။ ဒီအခြေအနေမှာ ကျွန်မအတွက် ဘာကောင်းကျိူး စဉ်းစားစရာရှိမလဲ။ အိုကေ ရေးနေရင်း စဉ်းစာမိတာ တစ်ခုထွက်လာပြီ။ ကျွန်မ မအိပ်ပဲ လျှောက်တွေးနေလို့ ကျွန်မ ပျော်ရွှင်မှု အခိုးခံနေရတာ ကျွန်မ ကွက်ကွက်ကွင်းကွင်း ပိုမြင်လာပြီ။ အခိုးမခံရအောင် နေဖို့ပဲ လိုတော့တယ်။

အိပ်ရေးဝတဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။ စိတ်ညစ်စရာတွေ အတွေးပူဖောင်းထဲ ထည့်မထားချင်ဘူး။ လူဖြစ်မရှုံးချင်ဘူး။ ရှင်သန်နေတုန်းမှာ တန်အောင်ရှင်သန်သွားချင်တယ်။ အဓိက ကတော့ သူ့လင်ထဲ အပ်ထားရင် ကျွန်မ ပျော်ရွှင်မှု ဘယ်မှ ပြေးမှာမဟုတ်ဘူး။ သူ့လက်ထဲ အလုံးစုံမအပ်ပဲ ဦးနှောက်သေးသေးလေးနဲ့ ဟိုတွေးပူ ဒီတွေးပူနေလို့ ကျွန်မ ဒုက္ခတော်တော် များနေတာ။ ငယ်ငယ်က ညီပုလေး လား ဘာလား သူ သရုပ်ဖော်ဆွဲတဲ့ ကာတွန်းသွား သတိရတယ်။

"ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်" ဆိုတဲ့ ကျမ်းပိုဒ်လေး သရုပ်ဖော်ထားတာ။

Truck ကားကြီး မောင်းတဲ့သူက လမ်းမှာ အထုတ်အပိုးအများကြီးနဲ့ မနိုင်မနင်း လျှောက်နေတဲ့ခရီးသွားကို  သနားလို့ သူ့ကားပေါ် လမ်းကြုံတင်တာ ဟိုလူက ဝမ်းသာအားရ ကားပေါ်တက် ဝင်ထိုင်ပါရဲ့။ သူ့ကျောကုန်းမှာ အထုတ်တွေ ကျောပိုးထားတုန်း။ လက်က အထုတ်တွေ မချပဲ ကိုင်ထားတုန်း။ အေး ကျွန်မလည်း အဲ့ ခရီးသွားလို ဖြစ်နေပြီ။ ရွေ့တော့ ရွေ့နေတယ်။ ဒါပေမဲ့ မပေါ့နေဘူး။

ခင်ဗျားတို့ရော ပျော်ရွှင်ခြင်းတွေ အခိုးခံနေရလား ?

Chanbee Lives and Chanbee Writes Where stories live. Discover now