The Fault In Our Stars ထဲက Bone cancer ရောဂါသည်လေး Augustus Waters က သူသေသွားလို့ လူတွေသူ့ကို သတိမရတော့မှာ၊မေ့ပျောက်သွားမှာကို အရမ်းကြောက်တယ်တဲ့။
မိုးရေ မိုးက အစတည်းက ခံစားချက်တွေ ဘာတွေ ထုတ်ပြလေ့မရှိ၊ လူတွေနဲ့လည်း သိပ်အရောအနှောမရှိ ခပ်အေးအေးသာ နေသူဆိုတော့ Augustus Waters လို တူညီတဲ့ ကြောက်ရွံ့ခြင်းမျိူး ရှိမလား၊ မရှိမလား မသိပေမဲ့ ငယ်ငယ်တုန်းက အသားကုန်ဗြင်းခံခဲ့ရပြီး၊ မိုမိုးရဲ့ အလုပ်ကြောင့် တစ်ရက်ခြားမှ တစ်ခါတွေ့ရလို့၊ အရယ်အပြုံးနည်းတဲ့ မိုးရဲ့ မျက်နှာနဲ့ပဲ ရင်းနှီးခဲ့တဲ့ သမီးက မိုမိုးကို အချိန်ကြာလာတာနဲ့အမျှ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာကို သိပ်ကြောက်နေတာ။
၁၆ နှစ်လောက်အထိပဲ အတူတူရှိခဲ့ရပြီး ပါပါးလိုမျိူး အလိုလိုက်၊ပွတ်သီးပွတ်သပ် မချစ်ပြခဲ့တော့ အတူတူ ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရတွေကလည်း နည်းတာကိုး။
မိုးရေ သမီးလေ ငယ်ငယ်က မိုးကို သိပ်ကြောက်ခဲ့တာ ဟီးဟီး 😅😁။ ၂၄နာရီ shift မှာ ပေါင် ၂၀၀ ကျော်ကိုယ်လုံးကြီးနဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတဲ့ မိုမိုး အိမ်ပြန်လာပြီး သမီးဂျီကျတာကို ဘယ်စိတ်ရှည်နိုင်ပါ့မလဲ။ တွယ်ချင်မှာပဲပေါ့။ ငယ်ငယ်တုန်းကတော့ နားမလည်ခဲ့ဘူးကွယ်။ အရိုက်ကြမ်းတဲ့ မိုမိုးကို အရမ်းကြောက်တာနဲ့ ဒီအရွယ်ထိ လက်နဲ့တောင် မရွယ်ဖူးတဲ့ပါပါးလောက် အရမ်းမချစ်ခဲ့တာတော့ သေချာတယ်။
သမီး မိုမိုးကိုနောက်ဆုံးတွေ့ခဲ့ရတာ လွန်ခဲ့တဲ့ တစ်နှစ်နဲ့၆လတုန်းက ရန်ကုန်လေဆိပ်မှာပေါ့။ passport ပြပြီး ထွက်သွားရတဲ့ နေရာကို တက်ရတဲ့ စက်လှေကားနားမှာလေ။ မိုမိုးက သမီးကို လိုက်ပို့တိုင်း တစ်ခါမှ အဲ့ဒီစက်လှေကားနဲ့ အပေါ်ကို အတူတူ မလိုက်ပေးဖူးဘူး။ပါပါးပဲ အပေါ်ထိ အတူတူတက်ပေးပြီး လေယာဉ်လက်မှတ်ပြပြီး အထဲဝင်တဲ့ထိ ကြည့်ပြီး နူတ်ဆက်လေ့ရှိတယ်။ မိုမိုးကတော့ ကိုယ်လုံးကြီးတော့ မတက်နိုင်လို့ထင်ပါရဲ့။
သမီးမိုမိုးကို နောက်ဆုံးအနမ်း အဲ့ဒီစက်လှေကားအောက်နားမှာ ပေးခဲ့သလား။ ခုံတွေရှိတဲ့ နေရာမှာထိုင်နေရင်း ပေးခဲ့သလားတောင် မမှတ်မိတော့ပါဘူး။ သမီး ဒီတစ်ခေါက်ပြန်လာရင် ပါပါးကို ဖက်ပြီးမှ အဖက်ခံရမဲ့ ဝမ်းဆက်အင်္ကျီ ဝတ်လို့ အထည်စနဲ့ ချူပ်ထားတဲ့ အိတ်ကလေးကိုင်ရင်း မိန့်မိန့်ကြီးကြီးပြုံးပြီး Arrival မှာ စောင့်နေမဲ့ မိုမိုးကို မတွေ့ရတော့ဘူး။
YOU ARE READING
Chanbee Lives and Chanbee Writes
ContoStories based on the words I wish I could say out loud but in reality I don't manage to do. Yeah, I am a coward.