ဘဝဆိုတာ.... အလွမ်းပြေ ပြဇာတ်တစ်ပုဒ်ပါပဲ~~
-ရစ်ချဲလျူ
✳✳✳✳✳✳✳✳✳✳✳
ပြင်သစ်နိုင်ငံ၊ ပါရီမြို့...
City of Love ဟူသောအမည်နာမဖြင့် လူသိများကာ ထင်ရှားလှသော ထိုမြို့လေးသည် စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု အစားစားသော အနုပညာလက်ရာမျိုးစုံတို့၏ အငွေ့အသက်ဖြင့် လွှမ်းခြုံနေပေသည်။
ထိုမျှမကသေး ကမ္ဘာပေါ်ရှိ Museums ပေါင်းများစွာတို့ထဲမှ အကျော်ကြားဆုံးသော အလှပဆုံးသော ထိပ်တန်းဖြစ်သည့် ကမ္ဘာ့နံပါတ်တစ် Louvre Museum သည်ပင် ထိုမြို့လေး၌ ရှိနေသေးသည်။ Louvre Palace အတွင်း ဖွင့်လှစ်ထားသည့် ထို အနုပညာပြတိုက်သည် နာမည်ကျော်ပန်းချီဆရာကြီးများ၏ အဖိုးအနဂ္ဂထိုက်လှသော ပန်းချီလက်ရာပေါင်း များစွာ ရာနှင့်ချီ တည်ရှိနေခြင်းကြောင့် သာ၍ ဂုဏ်သတင်းမွေးပျံ့ပေလေသည်။
"မိုနာလီဆာ" ပန်းချီကားတည်ရှိနေခြင်းသည်လည်း ထိုအနုပညာပြတိုက်၏ တန်ဖိုးကို ပို၍ပို၍ မြင့်တက်စေခြင်းဖြစ်သည်။
"မေရယ် ကူညီပေးပါကွယ် နော်... ကိုယ် ဒီည လီဗာပူးလ်ကို တကယ် မဖြစ်မနေ သွားရမှာမို့ပါကွာနော်~"
အလွန်အရေးကြီးသော တာဝန်တစ်ရပ်အား လွှဲပြောင်းရယူရန် ခယစွာတောင်းဆိုနေသော သမုဒ္ဓရာကဲ့သို့ ကြည်ပြာသော မျက်ဝန်းပိုင်ရှင် ပြင်သစ်မလေး အန်နီဂေါ့စတီးယား...
အရေးကြီးလှသော လေလံပွဲတစ်ခုကို ကိုယ်စားတာဝန်ပေးခံရခြင်းအပေါ် မေ ဂုဏ်ယူသင့်သော်လည်း မလုပ်ပေးချင်မိပါ။ တစ်စုံတစ်ရာလွဲချော်သွားသည်ရှိသော် မေ့ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်ပေသည်။
"မေရယ် ကျေးဇူးပြုပြီး... လီဗာပူးလ်က ပြန်လာတာနဲ့ ကိုယ်ချက်ခြင်း ဝိုင်းကူပေးမယ်လေ~ IC က တာဝန်ခံနေရာမှာလည်း မေ့နာမည်ကိုရေးပေးပါ့မယ်။ ဒီလေလံတစ်ခုလုံး မေ ဦးစီးပြီးလုပ်တယ်ဆိုတဲ့ ဂုဏ်ရစေ, ရပါ့မယ်ကွာ..."
မျက်ရည်များဝဲလျက် အသနားခံကာပြောနေသော ထိုပြင်သစ်မ ချောချောလေးကိုကြည့်ကာ မေရင်ထဲ သနားလာမိသည်။ တစ်ချိန်တည်းမှာပဲ မေနားမလည်နိုင်ခဲ့ပါ။ လေလံပွဲသည်သာ အစစအရာရာ အောင်မြင်မည်ဆိုပါက နေ့ချင်းညချင်းပင် ပြင်သစ်ပန်းပညာရှင်များကြား၌ ဂုဏ်သတင်းတလူလူ မွှေးပျံ့နေမည်ဖြစ်သည်။ ထို့အတူ နိုင်ငံတကာ ပန်းချီပြခန်းတာဝန်ခံများ အဖွဲ့အစည်း၌ပင် နာမည်ရလာနိုင်ပေတည့်။