လေပြင်းမုန်တိုင်းထန်လည်း ပန်းရဲ့ရနံ့ဟာ လွင့်ပြယ်မသွား သတိရစိတ်ဟာ ကိုယ့်ရင်ကနေ မင်းပတ်ဝန်းကျင်အထိ မိုင်ပေါင်းများစွာ ဖြတ်ကျော်လာခဲ့တယ်...။
- ကျော်ညိုသွေး
♢
ကျောင်းသား၊ ကျောင်းသူများ၏ ဆူညံစွာစကားပြောသံများဖြင့် သက်ဝင်လှုပ်ရှားနေသည့် စာသင်ခန်းတစ်ခန်း...။
ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် စကားပြောဆို၊ ဆော့ကစားနေကြသည့် ကျောင်းသား၊ ကျောင်းသူများ အလည်တွင် အများနှင့်မသက်ဆိုင်သူတစ်ယောက်ကဲ့သို့ ရှေ့ဆုံးထိုင်ခုံအစွန်တစ်နေရာတွင် စာကျက်နေခဲ့သည့် ကျောင်းသူတစ်ယောက်...။
ညီညာဝိုင်းစက်သောလက်ရေးလှ စာလုံးလေးများသည်ကား အနှီကလေးမဖွင့်ထားသည့် စာမျက်နှာထက်တွင် ကြွရွသေသပ်စွာ နေရာယူထားလျက်ရှိသည်။
သူမ တစ်ကိုယ်တည်း ကမ္ဘာလေးတွင် ငြိမ်သက်အေးချမ်းနေစဥ် တစ်ခဏ၌ ရုတ်ချည်း ဦးခေါင်းနှင့် စာရွက်မျက်နှာပြင်ထက် ကျရောက်လာသည့် ခပ်အေးအေး လိမ္မော်ရောင် အရည်များ...။
"နင်များ အအေးသောက်ချင်နေမလားလို့! ဒီတိုင်းတိုက်ရင် မာနခဲလေးက မသောက်လောက်ဖူးထင်လို့ စေတနာနဲ့ နင့်ပါးစပ်ထဲ တန်း.....ဝင်အောင်~"
ခပ်လှောင်လှောင်အပြုံးနှင့် စကားဆိုလာခဲ့သည့် ရွယ်တူအတန်းဖော် ကလေးမ။
တမင်ရန်ရှာမှန်း သိသော်ငြားလည်း ထိုကလေးမအား အသာမော့ကြည့်လျက်ပင် သူမ၏ ရင်ထဲမှ လှိုက်ခနဲ တက်လာသည့် ဒေါသနှင့် ပြိုကျလုဆဲ မျက်ရည်ပင်လယ်ကို ခဏချင်းပင် ပြန်လည် မျိုသိပ်ထားလိုက်မိသည်။
(မိမိ၏ မျိုသိပ်သည်းခံမှုသည် မလိုလားအပ်သည့် မီးစတစ်ချို့အား ကြိုတင်ငြိမ်းသတ်နိုင်မည့် ရေကြည်တစ်ပေါက် ကဲ့သို့ဖြစ်ပေသည်မို့...။)
တပ်မတော် စစ်ဦးစီးချုပ် အရာရှိကြီးတစ်ဦး၏ မြေးဖြစ်သည့် ထိုကလေးမသည် ဆရာမများ၏ ပစားပေးခြင်းခံရသူ တစ်ဦးလည်း ဖြစ်ပေသောကြောင့် အရာမထင်နိုင်မည့် တစ်ချို့သောကိစ္စရပ်များအတွက် သူမ၏ အားအင်များ အကုန်မခံချင်တော့ပါ။