#သမုဒ္ဒရာကို ဖြတ်သန်းလာတဲ့
အနမ်းတစ်ခုဟာ ကျွန်တော်ပေါ့......။
နှင်းထက်လေးတဲ့ အလွမ်း
ပန်းထက်မွှေးတဲ့ လိပ်ပြာ
ကဗျာထက်ဖွဲ့တဲ့ ညနေ
အားလုံးကိုရွှေဖြစ်အောင် ဘယ်သူချစ်ဖူးလဲ....။
- မောင်သိန်းဇော်
◽◽◽◽◽◽
ပါရီမြို့၏ မနက်ခင်းနေရောင်ခြည်သည် ငွေရောင်နှင်းမှုန်များအောက်တွင် မသဲမကွဲပေါ်ထွက်လျက်ရှိသည်။
အလင်းရောင်ပျပျအောက်၌ နှင်းမှုန်များဝန်းရံနေသည့် မေသည် ကားဘေးတံခါးကိုမှီ၍ လက်ပိုက်လျက် ဟိုတယ်အတွင်းမှ ထွက်လာမည့် သန့်စင်ကို စိတ်ပါလက်ပါ ရပ်စောင့်လျက်ရှိသည်။
ကိုးနာရီထိုးလုပြီဖြစ်သော်လည်း ဆီးနှင်းများထူထပ်နေမှုကြောင့် နေအလင်းရောင်အား အပြည့်အဝ မခံစားရသေးပေ။
သန့်စင်ဟိုတယ် lobby မှထွက်ထွက်ချင်းပင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ၏ မှိုင်းပျနေသော နံနက်ခင်းသည် တမဟုတ်ချင်း လှပလျက် လင်းလက်သည်ဟု ထင်မိသွားသယောင်....။
"မောနင်း မေ.. စောင့်ရတာ ကြာသွားတယ်ထင်တယ်။"
"မောနင်း... တကယ်တော့ မေကစောထွက်လာတာပါ။"
မေ နှင့် သန့်စင်ကြားတွင် ပြောစရာစကားလုံးများသည် တစ်ခွန်း၊ နှစ်ခွန်းထက် ပိုမရှိပါ။ ယခုလည်း မေးတစ်ခွန်း၊ ဖြေတစ်ခွန်းသာ...။ ကားပေါ်တွင် အာရုံစိုက်ကာ ကားမောင်းနေသည့်မေ့ကို ကြည့်ရင်း အေးစက်နေသည့် လေထုကို မည်ကဲ့သို့သော ဝေါဟာရဖြင့် စတင်၍ ဖြိုခွင်းကာ စကားစရှာရမည်ကိုသာ စဉ်းစားနေမိသည်။
"မေ့ကို ပြောစရာများရှိလို့လား အစ်ကို။စမြင်တည်းက ခဏခဏလှည့်ကြည့်နေသလားလို့?"
သန့်စင် တအံ့တသြဖြင့်သာ မေ့ကိုလှည့်ကြည့်မိသည်။မေ့နှုတ်ခမ်းထက်တွင် အပြုံးယောင်ယောင်လေးတစ်ခု ချိတ်ဆွဲထားမြဲ...။