သုံးနှစ်သား အရွယ်က မှတ်ဉာဏ်တွေက ကိုယ့်အတွက်တော့ ဝေဝေဝါးဝါးပါပဲ။
သုံးနှစ်ဆိုတဲ့ အသက်က အဖြစ်အပျက် အကုန်လုံးကို လုံးစေ့ပတ်စေ့ မှတ်မိဖို့ သိပ်ကို ငယ်သေးတယ် မဟုတ်လား။
ဒါမှမဟုတ် ကိုယ်က ဉာဏ်မကောင်းတဲ့သူ ဖြစ်တာကြောင့်လဲ ဖြစ်နိုင်တယ်..
ထားပါတော့လေ
ဒါပေမဲ့ ကိုယ့်ဘ၀ရဲ့ အရေးကြီးဆုံး မှတ်ဉာဏ်တစ်ခု၊ ဒါမှမဟုတ် ကိုယ့်ဘ၀ရဲ့ အရေးပါတဲ့ လူတစ်ယောက်အကြောင်း ဆိုရင် ပိုပြီး မှန်လိမ့်မယ် ထင်တယ်၊
သုံးနှစ်သား ကိုယ့်ရဲ့ မှတ်ဉာဏ်ထဲမှာတောင် ထင်ထင်ရှားရှား နေရာယူနိုင်ခဲ့တဲ့ လူတစ်ယောက် အကြောင်းပေါ့။
တွေ့ဆုံမှုတိုင်းက ရိုးရှင်းကြပါတယ်၊ ဒါပေမဲ့ သေချာ ပြန်တွေးကြည့်ရင် သိပ်ကို အံ့အားသင့်စရာ ကောင်းတယ်၊
ကမ္ဘာပေါ်မှာ တစ်ယောက်ရှိမှန်းတောင် နောက်တယောက်က မသိခဲ့တဲ့ လူနှစ်ယောက်ရဲ့ တွေ့ဆုံခြင်းက သိပ်ကို မဆန်းပြားဘူးလား။
သေချာပြန်တွေးကြည့်လေလေ ကိုယ့်အတွက် စိတ်လှုပ်ရှားစရာ ကောင်းလေလေ ပါပဲ။
သူနဲ့ စတင်တွေ့ဆုံရခြင်းက ကိုယ့်အတွက် အခြားတဖက်ကို မမြင်ရတဲ့ နံရံထောင့်ချိုးနားကို လျှောက်ရသမျိုး ဖြစ်ခဲ့တယ်။
ကိုယ့်ဘ၀ထဲကို ကိုယ် တခါမှ မတွေးခဲ့ဘူး၊ မမြင်နိုင်ခဲ့ဘူးတဲ့ ထောင့်ချိုးလေးက ပြေး၀င်လာတဲ့ သူပေါ့....
သူနဲ့ စတွေ့တဲ့နေ့က ကိုယ့်အတွက် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တယ်။
အဲ့ဒီနေ့က ကိုယ့်ဘ၀မှာ ပထမဆုံး ပတ်၀န်းကျင် အသစ်ကို စတင်ရင်ဆိုင်ရတဲ့နေ့..
နောက်ပြီး
ကိုယ့်ဘ၀ထဲကို သူငယ်ချင်းဆိုလို့ အမည်ခံတဲ့ လူတစ်ယောက် ကိုယ့်ဘ၀ထဲကို စတင်၀င်လာတဲ့နေ့။
မှတ်မှတ်ရရ ကိုယ် အဲ့ဒီနေ့က အမေ့ရင်ခွင်ထဲမှာ ရှိုက်ကြီးတငင် ငိုခဲ့တယ်၊ ခွဲခွာခြင်းဆိုတဲ့ အရသာက ကိုယ့်အတွက် သိပ်ကို စိမ်းသက်သေးတယ်လေ။