Fourth

46 7 0
                                    

သာမန်လက်လုပ်လက်စား မိဘ‌ကနေ မွေးဖွားလာခဲ့တဲ့ ကိုယ်ရဲ့ ငယ်ဘ၀ဟာ အရမ်းကြီး မချို့တဲ့ခဲ့ပေမဲ့ လက်ညှိုးညွှန်ရာ ရနိုင်တဲ့အထိလည်း မပြည့်စုံခဲ့ပါဘူး။

အထူးသဖြင့် ‌ငွေရေးကြေးရေးကို စစ်စစ်စီစီ သုံးတတ်တဲ့ ကိုယ့်မေမေကြောင့် ကိုယ့်မှာ ရှိတဲ့ ကစားစရာ အရုပ် အရေအတွက်ဆိုတာ လက်ချိုးရေလို့တောင် ရခဲ့ပါတယ်။

ကောက်တေးလေးကတော့ ကိုယ့်ထက် ကုံလုံတဲ့ အသိုင်းအဝိုင်းက ဖြစ်ပေမဲ့ အကြီးအကျသာ ရတဲ့ အငယ်ဆုံးဘ၀ ဖြစ်တာကြောင့် သူ့မှာလဲ ကစားစရာ အရုပ်ကောင်းကောင်း ရယ်လို့ ‌ဟုတ်တိပတ်တိ မရှိခဲ့ပါဘူး။

အစ်မချည်းပဲ သုံးယောက်ရှိတဲ့ ကောက်တေးလေး ဆက်ခံရတဲ့ အရုပ်တွေကလဲ ကိုယ်တို့ စိတ်မ၀င်စားတဲ့ အိုးပုတ်တို့၊ ကော်ပတ်အရုပ်မတွေ ချည်းပါပဲ။

ဒီလိုနဲ့ ကိုယ်တို့နှစ်ယောက်စလုံးက ကိုယ့်အိမ်ကိုယ်ယာမှာ စတိုင်နဲ့ မလိုင်နဲ့ ထိုင်ဆော့စရာ ကစားစရာပစ္စည်းမရှိတာ‌ ကြောင့် ရွာရိုးကိုးပေါက် ပြဲပြဲစင် လျှောက် ဆော့တဲ့ မျောက်မူးလဲတွေ ဖြစ်လာပါတော့တယ်။

လမ်းတကာ လျှောက်ပတ်ပြီး လိုက်ဆော့ပေမဲ့ ကိုယ်တို့ရဲ့ အကြိုက်‌‌ဆုံး နေရာကတော့ ကျယ်၀န်းလှတဲ့  ကိုယ်တို့ရဲ့ ကျောင်း၀င်းကြီးပါပဲ။

ကျောင်းပိတ်ရက်မှာတောင်  အလွယ်တကူ ၀င်လို့ရတဲ့ ကျောင်း၀င်းကြီးက ကိုယ်တို့ အမြဲတမ်း စတည်းချရာ နေရာဖြစ်လာပါတော့တယ်။

ကျောင်း၀င်းအ၀င်အ၀ နှစ်ဖက်နှစ်ချပ်မှာ နေရာယူထားတဲ့ လယ်ကွင်းကြီးတွေက မိုးရာသီဆို ကိုယ်တို့နှစ်ယောက်ရဲ့ ကစားကွင်းကြီးပါပဲ။

မြကမ္ဗလာခင်းထားသလို လှပနေတဲ့ အစိမ်းရောင် ပျိုးစပါးပင်ငယ်တွေကြားထဲကို ဆင်းပြီး လယ်ခရုကောက်ရတာကို  ကောက်တေးလေးဟာ အရမ်းကို ဝါသနာထုံပါတယ်။

ကိုယ်ကတော့ စိုစိုစွတ်စွတ် ဖြစ်တာကို မကြိုက်တာကြောင့် ကန်သင်းရိုးပေါ်မှာပဲ အခြေချပြီး ကောက်တေးလေးကတော့ ရွံတလူးလူး ဗွက်တလူးလူးနဲ့ ခရုရှာထွက်တာကို စိတ်အေးလက်အေး စောင့်ပေးလေ့ရှိပါတယ်။

Kout Tay LayTahanan ng mga kuwento. Tumuklas ngayon