ကိုယ့်ခေါင်းက ဒဏ်ရာက သိပ်မနက်တဲ့ အတွက် ဆေးရုံမှာ တစ်ရက်သာ နေရပြီး နောက်တနေ့မှာ ဆေးရုံဆင်းခွင့် ရခဲ့တယ်။
ကိုယ် တစ်နေကုန် ကောက်တေးလေး လာတွေ့နိုး၊ လာတွေ့နိုးနဲ့ မျှော်ခဲ့ပေမဲ့ ကောက်တေးလေးရဲ့ အရိပ်အယောင်တောင် မမြင်ရပါဘူး။
ကျောင်းက တစ်ပတ်ခွင့်ရက်ရထားတဲ့ ကိုယ်ဟာ အိမ်မှာ လှိမ့်ပိတ်ကာ နေရင်း ကောက်တေးလေးကို မျှော်ခဲ့ပေမဲ့လဲ ရောက်မလာခဲ့ပါဘူး။
နောက်ဆုံး မနေနိုင်တော့တဲ့ ကိုယ်ဟာ ကောက်တေးလေးရဲ့ ဘော်ဒါဆောင်ကို လိုက်သွားဖို့ တွေးမိပေမဲ့ မေမေ့စကားကို ပြန်ကြားယောင်မိတော့ ကိုယ် ခြေတစ်လှမ်းတောင် မရွေ့လျားရဲတော့ဘူး။
ဒီလိုနဲ့ပဲ သုံးရက်ဆိုတဲ့ အချိန်ကာလက ကုန်ဆုံးသွားပြီး လေးရက်မြောက် ညအချိန်ကို ရောက်ရှိလာပါတော့တယ်။
ဒေါက်
ပြတင်းပေါက်ကနေ ဖြတ်၀င်လာတဲ့ ကျောက်စရစ်ခဲငယ်လေးဟာ ကိုယ့်ရဲ့ စာရေးစားပွဲထက်ကို ဒေါက်ခနဲ မြည်သံပေးကာ ကျရောက်လာတယ်။
ည ၁၂ နာရီ ထိုးလုပြီ ဖြစ်တာကြောင့် ရှေးလူကြီးတွေ ပြောသလို သရဲ၊ တစ္ဆေ၊ နာနာဘာ၀တွေများ ကျီစားလေသလားဆိုတဲ့ စိတ်ကြောင့် ကိုယ် ခေါင်းမထောင်ရဲပဲ စာကိုသာ အတင်းငုံ့ရေးနေလိုက်တယ်။
ဒေါက်
နောက်ထပ် ကျောက်စရစ်ခဲလေး တစ်လုံး။
ဒေါက်
နောက်ထပ် တစ်လုံး
ဒေါက်
ဒီလောက်တောင် ပစ်နေပုံ ပေါက်ရင် သူ့ကို အတော်လေး အာရုံစိုက်စေချင်တဲ့ သရဲ ဖြစ်လိမ့်မယ်လို့ ကိုယ်တွေးမိတယ်။ နောက် ကိုယ် သူ့ကို မကြည့်လို့ စိတ်ဆိုးပြီး ကိုယ့်ရှေ့မှာ ဘွားခနဲ ပေါ်လာမှ ပိုဆိုးသွားလိမ့်မယ်။
ရုပ်ချောတဲ့ သရဲလေး ဖြစ်ပါစေလို့ ဘာသာအကုန်က ဘုရားအဆူဆူကို ဆုတောင်း၀တ်ပြုပြီးမှ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်မိတယ်။
ကိုယ့် နှလုံးသား တစ်ခုလုံး ပြုတ်ထွက်လုမတတ် လန့်ဖျတ်လို့ သွားတယ်။