Unicode
ကျွန်တော့်နာမည် ထွန်းကို။အသက်က ၃၀။မိဘကြောင့် ချစ်သူထိခိုက်မှာစိုးပြီး ချစ်သူကိုလမ်းခွဲကာ အမျိုးသမီးလေး တစ်ဦးနဲ့ စေ့စပ်ခဲ့ရတယ်။လက်တော့ မထပ်ဖြစ်ခဲ့ပါဘူး။ဒါက အဆိုးထဲက အကောင်းပေါ့....
အဲ့တာတွေက လွန်ခဲ့တဲ့ ၁၀နှစ်က ဖြစ်ခဲ့တာတွေပေါ့။အခုချိန်မှာတော့ မိဘတွေလည်း ကွယ်လွန်သွားကြပြီ။ကျွန်တော်က အဖေ့ရဲ့လုပ်ငန်းကို ဦးစီးနေပြီ။ဘယ်သူနဲ့မှလည်း လက်မထပ်ဖြစ်ဘဲ တစ်ကိုယ်တည်း လူပျိုကြီး။ညီအကိုမောင်နှမ မရှိတော့ အဖေနဲ့အမေရဲ့ အမွေတွေက ကျွန်တော်တစ်ယောက်ထဲအပိုင်ဖြစ်တာကြောင့် မက်မောနေသူ အမျိုးသမီးအများအပြားက ကျွန်တော့်အား အပြိုင်အဆိုင် ချဥ်းကပ်ကြသည်ပေါ့။သို့သော် အချဥ်းအနှီးသာ...လက်ခုပ်က တစ်ဖက်ထဲတီးနေရုံနဲ့ မြည်တာ ခင်ဗျားတို့ ကြားဖူးလို့လား...
ကြီးမားလွန်းတဲ့ အိမ်ထဲမှာ အလုပ်သမား ၁၀ယောက်နီးနီးရှိသော်ငြား ကျွန်တော့်အဖို့တော့ ဘာမှထွေထူးပြီး စိတ်ပျော်စရာ အရာမရှိနေဘူး။လွန်ခဲ့တဲ့ ၁၀နှစ်က ချစ်ရသူနဲ့အတူနေခဲ့ဖူးတဲ့ အိမ်သေးသေးလေးမှာမှ ပျော်စရာတွေတပုံတပင်ကြီးရှိသေးတယ်။ကားတွေ၃ ၄စီး ရှိနေလည်း လွန်ခဲ့တဲ့ ၁၀နှစ်က သူနဲ့အတူ busကား တိုးစီးရတာလောက် ပျော်စရာကောင်းမနေဘူး။
ဟင်းတွေအများကြီးနဲ့ စားရတဲ့ ထမင်း၀ိုင်းက လွန်ခဲ့တဲ့၁၀နှစ်က သူနဲ့အတူ မျက်နှာချင်းဆိုင်ပြီး စားခဲ့တဲ့ ပဲပြုတ်ဆီစမ်း ထမင်း ကို မမီဘူး။လက်ထဲမှာ ပိုက်ဆံတွေအများကြီး ကိုင်ထားရလဲ လွန်ခဲ့တဲ့၁၀နှစ်က သူ့လစာလေးထုတ်လာလို့ ပျော်ရတဲ့အပျော်မျိုး မရှိတော့ဘူး။
ခင်ဗျားတို့ ကျွန်တော့်ချစ်သူအကြောင်း သိချင်ရောပေါ့။လွန်ခဲ့တဲ့ ၁၀နှစ်ကို ပြန်သွားရအောင်.....
သူ့ကို ကျွန်တော်က မှိုင်းလို့ခေါ်တယ်။သူကတော့ အဲ့လိုခေါ်တာ သိပ်သဘောမကျဘူး။မှိုင်းဆိုလို့ မိန်းကလေးလို့တော့မထင်လိုက်နဲ့ သူက ကျွန်တော့်ထက် ၁နှစ်ပိုကြီးတဲ့ ယောကျ်ားလေးတစ်ယောက်။သူ့မိဘတွေက နယ်မှာနေကြတယ်...သူကတော့ ရန်ကုန်မှာ အိမ်လေးငှားနေတယ်။သူfinal yearထဲက ကျွန်တော်သူ့ကို လိုက်ခဲ့ရတာ....