Chapter -15

38.9K 5.4K 149
                                    

Unicode

မြို့တော်၏ အလယ်၌ ရှိသော စားသောက်ဆိုင်နှင့် တွဲလျက်သား တည်းခိုခန်းဆီသို့ ဖုန်ဟွေ့က ဟွားဝူချင်ကို ဦးဆောင်ခေါ်သွားလေသည်။

သူ၏ ပခုံးပေါ်တွင် တင်ထားသော ဖုန်ဟွေ့၏ လက်ကြောင့် ဟွားဝူချင်၏ ကိုယ်မှာ ဖုန်ဟွေ့နှင့်လိုသည်ထက် နီးကပ်နေသည်ကတော့ အမှန်ပင် ဖြစ်သည်။

ဟွားဝူချင်သည် ဖုန်ဟွေ့၏ လက်ကို ဖယ်မပစ်ခြင်းသည် အကြောင်းရင်းတစ်ခုသာ ရှိသည်။ သူက ဖုန်ဟွေ့ဆီက ဇာမဏီငှက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ရလိုသောကြောင့် ဖုန်ဟွေ့နှင့် အလိုက်သင့် နေနေခြင်း ဖြစ်သည်။

စားသောက်ဆိုင်အတွင်းဝင်လိုက်သည်နှင့် ဆူညံစွာ စားသောက်နေသော လူအများ၏ အာရုံက ဝင်ရောက်လာသူနှစ်ယောက်အပေါ်တွင် စုပြုံသွားသည်။ အချိန်မှာလင့်နေပြီဖြစ်သော်လည်း ပွဲတော်ကာလဖြစ်သည့်အတွက် လူအများက မိသားစုလိုက် ပျော်ပျော်ပါးပါး စားသောက်နေဆဲသာ ရှိသေးသည်။

ဝင်ရောက်လာသူနှစ်ယောက်အနက် တစ်ယောက်မှာ ရွှေရောင် ဇာမဏီများပုံဖော်ထားသည့် ပိုးသားဝတ်ရုံနက်ကိုဝတ်ဆင်ထားပြီး အလွန်အမင်းခံ့ညားသော ရုပ်ရည်ရှိလေသည်။

အခြားတစ်ယောက်မှာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာကို ဇာပုဝါဖြင့် အုပ်ထားသောကြောင့် သူ၏ ရုပ်ရည်ကိုမမြင်ရပေ။မြင့်မားသောအရပ်အမောင်း၊ ပြေပြစ်သောကိုယ်ဟန်အနေအထားတို့ကြောင့် ထိုဝတ်ရုံဖြူနှင့် သူသည်လည်း သူ၏ ဘေးနားက လူထက် မလျော့သော ချောမောခံ့ညားခြင်းရှိမည်ဟုသာ ယူဆနိုင်သည်။

"သခင်လေးတို့ကြွပါ''

ဆိုင်ရှင်က ဝင်ရောက်လာသူနှစ်ယောက်၏ ထူးကဲသောရုပ်ဆင်းသွင်ပြင်နှင့် အရှိန်အဝါတို့ကြောင့် ပျာပျာသလဲ ဧည့်ခံလေသည်။

"ဒီမှာတည်းခိုခန်းပါတွဲဖွင့်တယ်မလား''

ဖုန်ဟွေ့က စားသောက်ခန်းမ၏ အပေါ်က အထပ်များကို ဝေ့ကြည့်ရင်း ပြောသည်။

"ဖွင့်ပါတယ်...သခင်လေး! တည်းခိုဖို့ဆိုရင်တော့ တတိယထပ်က အခန်းတွေပဲရပါတော့မယ်''

Legendary Phoenix [Complete]Where stories live. Discover now