" ရော့ ဒါလေး လဲဝတ်လိုက် "
" ........."
ကျွန်မပေးသော ဂါဝန်လေးကို ဝတ်လျက် သူမ အပြင်ပြန်ထွက်လာသည် ။
ရယ်ချင်လွန်းသည့် စိတ်ကို အောင့်အီးရန်
ကျွန်မနှုတ်ခမ်းကို ကိုက်ထားရသည် ။
သူမသည် အရပ်ရှည်သည် ။ ကျွန်မပေးဝတ်သော ဂါဝန်သည် ကျွန်မနှင့်တိုင်း၍ ဝယ်ထားခြင်းဖြစ်သောကြောင့် သူမနှင့်တော့ သိပ်ကြည့်မကောင်းလှ ။ကျွန်မဝတ်လျှင် ဒူးအောက်ရောက်သော ထိုဂါဝန်အနားစသည် သူမ ဝတ်သောအခါ သူမ၏ ပေါင်လည်လောက်တွင် ဝဲနေ၏။
ပြုံးစိစိဖြစ်နေသော မျက်နှာပိုးကို အရှိန်သတ်ရင်း ကျွန်မကပင် စကားစပြောလိုက်သည်။
" မိုးတိတ်မှ ပြန်လေ ။ အစ်မထီးက ဒီနေ့ပဲ ပျောက်သွားတာ အိမ်မှာလည်း ထီးပိုမရှိဘူးရယ် ။ "
သူမ ခေါင်းတစ်ချက်သာ ငြိမ့်ပြကာ ကျွန်မကုတင်ပေါ်တွင် ထိုင်လျက် ကျွန်မ၏ စာအုပ်စင်ကို ဝေ့ဝဲကြည့်နေသည် ။
ကျွန်မသည်လည်း ပြောပြောဆိုဆိုနှင့်ပင် ကော်ဖီတစ်ခွက်ဖျော်ရန် ပြင်ဆင်မိသည်။
မိုးမိလာခဲ့သဖြင့် သူမ ချမ်းနေမည်မှာ အသေအချာဖြစ်သည် ။ ဒုတိယအကြိမ်တွေ့ဆုံခြင်း၏ အတွေ့အကြုံအရ
သူမ သည် ကော်ဖီကြိုက်တတ်ပုံရသည်မှာ သေချာသည် ။ ထိုဆိုင်တွင် အခြားသော သစ်သီးဖျော်ရည်များ သောက်စရာများကို မှာယူနိုင်ပါလျက်
ကော်ဖီတစ်ခွက်ကိုမှ သူမ မှာယူခဲ့သည် မဟုတ်ပါလား ။သို့သော် ကော်ဖီနှင့် ပတ်သတ်၍ မည်ကဲ့သို့ အချိုးအစားကို သူမ ကြိုက်တတ်ကြောင်း ကျွန်မ သေချာမသိ ။ ထိုဆိုင်တွင် သူမ မှာယူနေစဉ်ကလည်း ကျွန်မ၏ အတွေးများနေခြင်းကြောင့် မကြားလိုက်ပေ ။
ထို့ကြောင့် သူမကိုသာ မေးရန် ဆုံးဖြတ်လိုက်သည် ။" ဘယ်လို ကော်ဖီ ........... "
ကျွန်မ၏ စကားပင်မဆုံးခင်မှာပင် သူမ၏ ကိုယ်နံ့ကို နီးကပ်စွာတည်ရှိနေသကဲ့သို့ ခံစားလာရပြီး
မထင်မှတ်စွာ လက်တစ်စုံက ကျွန်မခါးကို နောက်ကျောမှ တင်းတင်းကြပ်ကြပ်ဖက်လာသည် ။