ချစ်ရတဲ့ မေမေ့ဆီသို့

638 23 2
                                    

ချစ်ရတဲ့ မေမေ့ဆီသို့
-------------------

ကျွန်မ ကျောင်းဆင်းလို့ အိမ်ကိုပြန်လာချိန် အိမ်ရှေ့မှာ လူတွေရုတ်ရုတ်သဲသဲ ဖြစ်နေတာ တွေ့လိုက်သည်။ အိမ်ထဲမှလည်း ငိုရှိုက်သံတချို့ ကြားမိတာကြောင့် ကျွန်မ ဘာများဖြစ်လဲဟု စိုးရိမ်ပြီး အိမ်ထဲ အပြေး၀င်ခဲ့သည်။

ကျွန်မ အိမ်ထဲလှမ်း၀င်လိုက်ချိန် အားလုံးရဲ့အကြည့်က ကျွန်မဆီ ရောက်လာသည်။ ကျွန်မ အဖေမျက်နှာညှိုးရော်နေသလို ကျွန်မ ညီမလေးလည်း အော်ဟစ်ငိုကြွေးနေလေသည်။ ကျွန်မ ဆွေမျိုးတွေလည်း စုံစုံလင်လင်ရောက်နေပြီး အားလုံးမျက်နှာထက် ၀မ်းနည်းနေသည့် အရိပ်အယောင်နှင့် ။

"ဘာဖြစ်တာလဲဟင်"

ကျွန်မ အလန့်တကြားမေးလိုက်သည်။ အားလုံးက ကျွန်မ အမေးကို မဖြေဘဲ တစ်နေရာကို စူးစိုက်ကြည့်နေကြသည်။ ကျွန်မ သူတို့ ကြည့်နေရာသို့ အကြည့်ရောက် နှလုံးခုန်သံ ခဏရပ်တန့်သွားသလား ခံစားလိုက်ရသည်။

ဖျာလေးပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေသော ကျွန်မရဲ့ မေမေ။

"အမေ ၊ အမေ ဘာဖြစ်လို့ လှဲနေတာလဲ ၊ နေမကောင်းဘူးလား"

ကျွန်မ အရူးတစ်ယောက်လို အော်ဟစ်ပြောဆိုပြီး အမေ့ဆီကို ပြေးသွားပြီး ဘေးမှာထိုင်ကာ လှုပ်နှိုးမိသည်။

"အမေ ၊ အမေ ဘာလို့အိပ်နေရတာလဲ ။ ထပါဦး သမီး ကျောင်းကပြန်ရောက်ပြီလေ ။ အမေပဲ ပြန်လာရင် အိမ်စာကူလုပ်ပေးမယ်ဆို"

အဖေ ကျွန်မ ပခုံးကို ဖွဖွလေးပုတ်ပြီး ပြောလာသည်။

"သမီး ၊ သမီး အမေဆုံးပြီ ၊ အဖေတို့သားအဖတွေကို ထားပြီး ထွက်သွားပြီ"

"ဟာ..မဟုတ်တာ အဖေရဲ့ ၊ ဒီမှာ ကြည့်ပါဦး ၊ အမေ အိပ်ပျော်နေတာပါ "

ကျွန်မ အဖေ့စကားကို လက်မခံနိုင်ဘဲ ငြင်းဆန်နေမိသည်။

"သမီးရယ်"

အဖေ  မျက်၀န်းထဲ မျက်ရည်တွေ ပြည့်လျံလာပြီး ကျွန်မကို ကြေကွဲစွာကြည့်နေသည်။

ကျွန်မ အဖေ့အကြည့်တွေကို ရင်မဆိုင်ရဲဘဲ မျက်နှာလွှဲပြီး အမေ့ကိုသာ လှုပ်နှိုးပြီး ထပ်ခေါ်မိသည်။ အရင်လို ကျွန်မ 'အမေ´ဟု ခေါ်လိုက်လျင်' ရှင် ´လို့ ထူးလာမလား မျှော်လင့်ချက်နှင့်။ သို့သော် အမေ နိုးမလာခဲ့ပါ။ ကျွန်မ ရင်တွေပူလောင်လာပြီး သွေးပျက်လာရသည်။

ဝတ္ထုတိုများDonde viven las historias. Descúbrelo ahora