ကျွန်တော် လုပ်လက်စအလုပ်တွေ လက်စသတ်ပြီး အောက်ကို ဆင်းလာတော့ သက်တံ့ကို သူစိမ်းယောကျ်ားလေးတစ်ယောက်က လက်မောင်းက ကိုင်ထားတာတွေ့လိုက်ရသည်။
ထိုမြင်ကွင်းက ကျွန်တော့်ရင်ဘတ်ကို ဆူးချွန်တစ်ချောင်းနဲ့လာထိုးလိုက်သလို စူးနင့်သွားရသည်။ ကျွန်တော့်ဒေါသတွေ ပေါက်ကွဲထွက်သွားပြီး အော်လိုက်မိသည်။ ပြီးတော့ သူတို့ဆီသွားပြီး
"သက်တံ့ လာခဲ့"
သက်တံ့ လက်ကိုဆွဲကာကျွန်တော့်အနောက်ကိုပို့ထားလိုက်သည်။ သေချာကြည့်လိုက်တော့ လင်းလက် စုံစမ်းပေးထားတဲ့ မင်းဝေယံဆိုတဲ့လူဖြစ်နေသည်။
သက်တံ့က အနောက်ကနေ ကျွန်တော့်လက်ကို ကိုင်ထားရင်း
"ရှိုင်း အဲ့တာကလေ"
"သက်တံ့ မင်းပါးစပ်ပိတ်ထား။ ကိုမင်းဝေယံ ဒီကို ဘာကိစ္စများရှိလို့လဲ မသိဘူး။ "
ကျွန်တော် မင်းဝေယံကို အံကြိတ်ကာမေးလိုက်တော့
"ကိုယ်က ဒီက ညီလေး အဆင်ပြေရဲ့လား လာကြည့်တာ။ ပြီးတော့ ကားကိစ္စ။ ကိုယ့်ကားနဲ့ တိုက်မိတာဆိုတော့ ကိုယ့်တာဝန်မကင်းဘူးလို့ခံစားရလို့"
"ဒီလောက်လေးဖြစ်သွားရုံနဲ့ ကျွန်တော်တို့က ကိုမင်းဝေယံဆီက အလျော်တောင်းနေရမှာလား။ ကားတစ်စီးလုံး ဆုံးရှုံးသွားရင်တောင် ဘာမှမဖြစ်တဲ့အတွက် အဲ့အတွက်တော့ စိတ်မပူပါနဲ့။ ဒါပေမယ့်တစ်ခုပဲ။သူ့ကိုလာထိခဲ့ရင်တော့ အကုန်စာရင်းပျောက်သွားလိမ့်မယ်"
ကျွန်တော် သက်တံ့ကို ဖက်လိုက်ပြီး ကြိုတင်သတိပေးတဲ့အနေနဲ့ ပြောလိုက်သည်။ သူက ကျွန်တော်ပြောတဲ့စကားအဓိပ္ပါယ်ကို နားလည်ဟန်နဲ့ ပြုံးလိုက်ပြီး
"ကိုယ် တောင်းပန်ပါတယ် ညီ။ မရည်ရွယ်ပဲ ဖြစ်သွားတဲ့အတွက် တကယ်တောင်းပန်ပါတယ်။ အခုလိုဖြစ်သွားတဲ့အတွက် ကိုယ် ဘာလုပ်ပေးရမလဲ။"
ကျွန်တော်ပြောနေတာတောင် သက်တံ့ကို ကြည့်ကာ စကားပြောနေတဲ့သူ့ကို ကျွန်တော်နေရာမှာတင် သတ်ပစ်ချင်နေသည်။
ဒါပေမယ့် လင်းလက်ပြောထားလို့ ကျွန်တော်တို့အတွက် လိုအပ်နေသေးတဲ့သူ ဖြစ်နေတာကြောင့် စိတ်ကိုအတတ်နိုင်ဆုံးထိန်းထားလိုက်သည်။
BINABASA MO ANG
friendship(completed)
Romanceအချစ်က အချစ်ပဲမို့ ဘာကိုမှ ဘယ်သူ့မှကြောက်နေဖို့မလိုဘူး