#Unicode
“ဖေဖေ”
“ခင်ဗျာ”
“ဖေကြီးရော”
“ဖေကြီးကဆေးရုံမှာလေကွာ”
“ဖေကြီးဆီလိုက်ပို့”
“ရွေး ဖေဖေ့ကို ဂျီမကျနဲ့နော်”
“အဟင့် . . .ဟင့် ဖေကြီးဆီသွားချင်တယ်လို့”
“ရွေး မငိုနဲ့လေကွာ။ ဖေကြီးက ဆေးရုံမှာ အလုပ်လုပ်နေရတာလေကွာ။ ပြီးတော့ ဖေဖေလည်းမအားဘူးကွာနော် မငိုပါနဲ့ကွာ။ ဖေဖေ ဒီProject ကို 25ရက်နေ့အမှီ အပ်ရမှာမို့ပါကွာနော် Please”
“အီးးးးဟီးးးးးဟီးးးးး ဖေကြီးဆီကို သွားချင်တယ်။ ဖေကြီးဆီ လိုက်ပို့ပေး”
“ရေး ရေး သမီး”
“ရှင်ဖေဖေ”
“ရေး မောင်လေးကို ခဏလောက် အငိုတိတ်အောင် ချော့ပြီး ထိန်းပေးပါ့လားကွာနော်။ ဖေဖေ ဒီအလုပ်လေးကို အပြီးသတ်ချင်လို့ပါ။ ဖေဖေ့ကို ကူညီမယ်မို့လား”
“ဟုတ်ဖေဖေ။ ရေး မောင်လေးကို ခေါ်သွားလိုက်မယ်နော်။ ဖေဖေစိတ်အေးလက်အေး အလုပ်လုပ်”
“ကျေးဇူးပါ ဖေ့သမီးလေး”
ဒါကတော့ ကျွန်တော်မောင်းမုန်းရဲ့ သိတတ်လိမ္မာလွန်းတဲ့ သမီးလေး ရေးချယ်သူပါ။ အိမ်မှာတော့ ရေးလို့ခေါ်တယ်။ သမီးမိန်းခလေးဆိုတဲ့အတိုင်း လိမ္မာရေးခြားရှိသလို မိဘအပေါ်ကို အရမ်းသိတတ်ပြီး အနေအေးလွန်းတဲ့ မုန်းရဲ့အချစ်ဆုံးလေးရေးပါ။
နောက်တစ်ယောက်ကတော့ ရေးရဲ့အမွှာမောင်လေး ရွေးချယ်သူပါ။ အိမ်ခေါ်နာမည်ကတော့ရွေးပေါ့။ ဆိုးလွန်း ဂျီတိုက်လွန်းတာ သူ့အပြင် နှစ်ယောက်မရှိဘူး။ သူကတော့ အလင်းကိုအရမ်းချစ်တဲ့ကလေးလေးပါ။ ကျွန်တော့်ကိုဆို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်ဘူး။
သမီးရေးက ရွေးလေးထက် ငါးမိနစ်သာစောမွေးခဲ့ပေမယ့် ရွေးလေးအပေါ်မှာ တကယ့်အကြီးလေးတစ်ယောက်လိုပါပဲ။ ရွေးဆိုးသမျှ သည်းခံပေးသလို ရွေးဂျီကျသမျှကိုလည်း အလိုလိုက် သည်းခံပေးတယ်။ အရာရာကို အနစ်နာခံတတ်သလို အကြီးတစ်ယောက်လို နွေးထွေးပေးတဲ့ ကလေးလေးပါ။ ရွယ်တူဆိုပေမယ့် သားငယ်လေးကို သမီးကပဲ ထိန်းကျောင်းပေးရှာတယ်။ တစ်ခါတလေ သမီးကိုသိပ်သနားတယ်။
အလုပ်မအားတဲ့ အဖေနှစ်ယောက်ကြောင့် ဆိုးလွန်းဂျီကျလွန်းတဲ့ မောင်လေးကို သူလေးကပဲ အဖေနှစ်ယောက်အစား ထိန်းပေးရှာတယ်။ မုန်း အခုလို အလုပ်မအားတဲ့အချိန်တိုင်း ရွေးဂျီကျတဲ့အခါဆို သမီးရေ မောင်လေးကိုကြည့်ထားပေးပါဦးလို့ တောင်းဆိုလိုက်တာနဲ့ မုန်းအနားကို လုံးဝမလာအောင် သူတတ်နိုင်သမျှ ထိန်းကျောင်းပေးတယ်။ ရွေးကစားချင်တာမှန်သမျှ အလိုလိုက်ပြီး ရွေးစိတ်တိုင်းကျ လိုက်ကစားပေးရှာတဲ့ ကလေးလေးပါ။ ဒါ့ကြောင့် လိမ္မာသိတတ်လွန်းတဲ့ သမီးလေးကို သနားပြီး အချစ်ပိုရတယ်။
သားနဲ့သမီးက မုန်းကိုဖေဖေလို့ ခေါ်ပြီး အလင်းကိုတော့ ဖေကြီးလို့ခေါ်တယ်။ သမီးကတော့ အဖေနှစ်ယောက်လုံးအပေါ်မှာ သိတတ်လိမ္မာတယ်။ သားကတော့ သူ့ဖေကြီးကိုချစ်သလောက် မုန်းနဲ့ကတော့ တကျက်ကျက်ရန်ဖြစ်ရတယ်။
သားနဲ့သမီးရဲ့အသက်က ခုဆို သုံးနှစ်ကျော်ပြီပေါ့။ မုန်းတို့ခုနေတဲ့နေရာက အောင်ပန်းမှာပါ။ ပထမဆုံး အလင်းတာဝန်ကျတဲ့ နေရာက ကလောမှာပါ။ သားနဲ့သမီးနှစ်နှစ်အရွယ်မှာ ရာထူးတိုးနဲ့ အောင်ပန်းကို ပြောင်းလာခဲ့ရတယ်။
တစ်ခါတလေ အလင်းရုံးပိတ်ရက်တွေမှာ ရန်ကုန်မှာရှိတဲ့ ဖေနဲ့မေ့ဆီကို အလည်သွားတတ်ပေမယ့် ခုဆို မသွားဖြစ်တာ အတော်ကြာပါပြီ။ အလင်းလည်း အလုပ်မအားသလို မုန်းလည်း အလုပ်မအားတာကြောင့်ပါ။
မုန်းဖေဖေကတော့ မုန်းကို အရမ်းစိတ်ဆိုးနေတာမို့ ခုထိစကားမပြောပါဘူး။ မေမေကတော့ သူ့မြေးလေးနှစ်ယောက်ကို သိပ်ချစ်တာမို့ မုန်းတို့ရှိရာကို ခဏခဏအလည်လာရှာတယ်။ ဖေဖေကတော့ ခလေးတွေကို ချစ်ချင်ပေမယ့် မုန်းကိုအရမ်းစိတ်ဆိုးနေတာမို့ ပေါ်ပေါ်တင်တင်တော့မချစ်ဘူး။ မေမေကနေမှတစ်ဆင့် ချစ်ရရှာတယ်။
မုန်း ဖေဖေ့ကို ပြောခဲ့ဖူးသလိုပဲ ယောင်္ကျားယူပြီး ခလေးမွေးပြီး ဖေဖေ့ကို မြေးချီစေရမယ်ဆိုတဲ့ စကားအတိုင်း တကယ်လုပ်ချလာတာကြောင့် ဖေဖေက မုန်းကိုစိတ်ဆိုးနေခဲ့တာပါ။
မုန်းက အိမ်မှာနေရင်း Codingတွေနဲ့ နပန်းလုံးပြီး Software ထိုင်ရေးတယ်။ အပ်သမျှ Project တော်တော်များများကို လက်ခံပြီး အလုပ်ပိနေရတယ်။ ဒါ့ကြောင့် မုန်းမှာ အိမ်မှာနေရင်း အလုပ်မအားဖြစ်ပြီး သားနဲ့သမီးကို သိပ်ဂရုမစိုက်နိုင်ခဲ့ဘူး။ ခါတိုင်းက အိမ်မှာအလုပ်လုပ်ဖို့ ကောင်မလေးတစ်ယောက် ခေါ်ထားခဲ့ပေမယ့် လွန်ခဲ့တဲ့လေးလက အိမ်ကကောင်မလေးက ခိုးရာနောက်ကို လိုက်သွားတာမို့ မုန်းမှာ coding တွေရယ်၊ ခလေးတစ်ဖက်ရယ်၊ အိမ်အလုပ်တွေရယ်နဲ့ ဂျာလည်ရိုက်နေရတယ်။
ထမင်းဟင်းမချက်တတ်တဲ့ မုန်းအတွက် အလင်းက မနက်စောစောဆေးရုံသွားခါနီးတိုင်း ထမင်းဟင်းချက်ပေးသွားတယ်။ မုန်းက တစ်အိမ်သားလုံးရဲ့အဝတ်ကိုလျှော်ရ၊ ဖွတ်ရ၊ မီးပူတိုက်ရနဲ့ အိမ်သန့်ရှင်းရေးပါ လုပ်ရတယ်။ အင်္ကျီအများဆုံးလျှော်ရတာကတော့ မောင်ရွေးအင်္ကျီတွေပါပဲ။ တစ်နေ့ကို သူ့တစ်ယောက်တည်းတင် အင်္ကျီလေးစုံလောက်လဲတယ်။ တစ်နေ့ကို ရေသုံးခါလောက်ချိုးပြီး လက်လက်စင်အောင်ဆော့တယ်။ အိမ်သန့်ရှင်းကလည်း သူ့ကြောင့်လုပ်နေရတာပါ။ သူဖွထားသမျှ ပစ္စည်းမှန်သမျှကို တနေ့တစ်ခါ ပုံမှန်ရှင်းနေရတယ်။ ဒီအဖေ နားနာနေနေ နေတာကို မမြင်နိုင်တာမို့ ဒီအဖေကိုနှိပ်စက်ဖို့များ လူဖြစ်လာသလားမှတ်ရတယ်။ အိမ်မှာမုန်းရဲ့ရန်သူတော်က သားတော်မောင်ရွေးပါ။
မုန်းတစ်မနက်လုံး အလုပ်လုပ်လို့အပြီးမှာတော့ အိမ်ဟာ အမှိုက်ပုံဘဝကို ရောက်သွားတယ်။
“ရွေး”
“ဗျာ”
“မင်း ဒါဘာတွေလုပ်ထားတာလဲ”
“ရေးကို ကူဆော့ပေးပါလို့ပြောတာကို ရေးကမှ ကူဆော့မပေးတာ ဖေဖေကလည်း”
ရေးကအကြီးမို့ မမလို့ခေါ်ပါလို့ ဘယ်လိုပဲသင်ပေးပေး မမလို့မခေါ်ဘဲ ရေးလို့သာခေါ်တဲ့သားငယ်ပါ။ သမီးကတော့ မောင်းလေးဆိုတာကို ပါးစပ်ဖျားက မချတတ်တဲ့သူလေး။
“ဘာ မင်းဘယ်လိုပြောလိုက်တယ်။ ရေးကူဆော့မပေးတာနဲ့ မင်းဒီလိုလုပ်စရာလား။ မင်းတော်တော်စိတ်ပုတ်တာပဲ”
သမီးကိုကြည့်လိုက်တော့ သူ့မောင်လုပ်သမျှကို မျက်နှာငယ်လေးနဲ့ ထိုင်ကြည့်နေရှာတယ်။ ပန်းချီဝါသနာပါတဲ့ရေးအတွက် သူ့ဖေကြီးဝယ်ပေးထားတဲ့ အရောင်ချယ်တဲ့စာအုပ်လေးထဲက သမီးအရောင်ချယ်ထားတဲ့ အရုပ်မလေးတွေကို စာအုပ်ကနေ ကပ်ကြေးနဲ့ညှပ်ယူနေတဲ့ ရွေးပါ။ စာအုပ်တစ်အုပ်လုံးကို ထိုင်ညှပ်နေပြီး ဘေးမှာလည်း အရုပ်မလေးပေါင်းစုံက ပြန့်ကြဲနေတယ်။ တစ်ချို့အရုပ်မလေးတွေဆို သူညှပ်တာ အရှိန်လွန်ပြီး ခေါင်းလေးတွေ ကိုယ်လေးတွေပါပြတ်လို့။ ဒါကို သမီးက ဘာမှမပြောဘဲ မျက်နှာငယ်နဲ့ ထိုင်ကြည့်နေတယ်။
“ရွေးချယ်သူ”
“ဗျာ”
“မင်း ဒါ ဒါ ဘာလုပ်ထားတာလဲ”
မုန်းရဲ့ဒေါသတွေကို အရှိန်အပြင်းဆုံးပေါက်ကွဲစေတဲ့အရာကတော့ သမီးမွေးနေ့မှာ သမီးအတွက်ဝယ်ပေးထားတဲ့ အရုပ်မလေးပါ။ အရုပ်မလေးမှာပါလာတဲ့ဆံပင်တွေကို ညှပ်ပေးထားသလို အရုပ်မလေးမှာပါတဲ့ အင်္ကျီလေးတွေကိုလည်း တစ်စဆီ ကပ်ကြေးနဲ့ကိုက်ထားလေရဲ့။ ဒီအရုပ်လေးက သမီးအမြတ်နိုးဆုံးနဲ့ သမီးအကြိုက်ဆုံးအရုပ်လေးပါ။
“သားကအရုပ်မလေးကို ဆံပင်ညှပ်ပေးတာပါ။ ညှပ်ပေးတုန်းက နည်းနည်းအတိုလေးညှပ်ပေးတာကို ဆံပင်တွေထောင်သွားတာနဲ့ သားအကုန်ညှပ်ပေးလိုက်တာ”
“ဘာ”
“ဖေဖေသားကိုအော်တယ်။ ဖေကြီးပြန်လာရင် ဖေဖေ့ကိုတိုင်ပြောမယ်”
ရုပ်က ငိုတော့မလိုရုပ်နဲ့ လူကိုသူ့ဖေကြီးနဲ့တိုင်မယ်ဆိုပြီး လာချိန်းခြောက်နေသေးတယ်။
“အေး အော်ရုံတင်မဟုတ်ဘူး။ ငါမင်းကို ရိုက်ပါရိုက်မှာ။ မင်းကိုရိုက်ဖို့ ကြိမ်လုံးသွားယူသွား”
“ဖေဖေး အဟင့် . . ဟင့်”
ကြိမ်လုံးဆိုတဲ့အသံကိုကြားမှ ကြောက်လန့်ပြီး စတင်ကာ ငိုပါတော့တယ်။
“အဟင့်ဆိုတဲ့အသံ မကြားချင်ဘူး။ ငါမင်းကိုမရိုက်ရသေးဘူးနော် ရွေး။ သွား ကြိမ်လုံးသွားယူ”
“ဟင့်အင် မယူချင်ဘူး။ အိမ်မှာလည်း ကြိမ်လုံးမရှိဘူး”
သူအရိုက်ခံရမှာဆိုးလို့ ရှိတဲ့ကြိမ်လုံးတောင် မရှိဘူးပြောတဲ့သူပါ။
“ရှိတယ် မင်းကိုရိုက်နေကြ ကြိမ်လုံးရှိတယ်။ မင်းတို့အိပ်ခန်းထဲက ထောင်နေကြနေရာမှာ ထောင်ထားတယ်။ သွား ခုသွားယူလာခဲ့”
“အဟင့် ဖေဖေး”
“ခုမှ ဖေဖေးတွေ ဖေဖေတွေ လာလုပ်မနေနဲ့။ မင်းလုပ်တုန်းက ကြိမ်လုံးကို မတွေးမိဘူးလား”
“မတွေးမိဘူးဖေဖေ။ သားမတွေးလိုက်မိလို့ပါဖေဖေရယ်။ သားတောင်းပန်ပါတယ်နော် အီးးဟီးးဟီးး”
လက်အုပ်လေးချီပြီး တောင်းပန်လာတဲ့သားငယ်လေး။
“မင်းငါ့ကို ဒီလိုလာလုပ်လို့ ဘယ်ရမလဲရွေး။ ငါမင်းအကြောင်းကို ရိုးးးးဟိုးးးးနေပြီ မောင်ရွေးရဲ့။ မင်းက မင်းလုပ်ချင်တာလုပ်မယ်။ ပြီးရင် သနားကမားရုပ်လေးနဲ့ လက်အုပ်လေးချီ တောင်းပန်ပြီးငိုမယ်။ မသိရင် မင်းကဖြူစင်ရိုးသားသူကြီးပေါ့။ တကယ်တမ်းတော့ မင်းက ငါ့ကိုရော ငါ့ကြိမ်လုံးကိုပါ ဂရုမစိုက်ပါဘူး”
“ဂရုစိုက်ပါတယ် ဖေဖေရယ်။ သားလေ ဖေဖေ့ကိုရော ဖေဖေ့ကြိမ်လုံးကိုရော ကြောက်ပါတယ်။ အီးးဟီးးဟီးး ဖေဖေရယ် သားတောင်းပန်ပါတယ်နော်”
“ရွေး ငါခုထိမင်းကို လက်ဖျားနဲ့တောင် မထိရသေးဘူးနော်။ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား လူကြားမကောင်း သူကြားမကောင်း အော်ငိုမနေနဲ့။ ပတ်ဝန်းကျင်ကကြားရင် ငါမင်းကို နှိပ်စက်နေတယ်ထင်ဦးမယ်။ တိတ် ခုအငိုတိတ်။ သွားကြိမ်လုံး ယူလာခဲ့”
“ဖေဖေး”
“မခေါ်နဲ့ငါ့ကို။ ခုအငိုမတိတ်ရင် ရိုက်မယ့်အချက်ရေ ပိုတိုးသွားမယ်နော်။ ကြိမ်လုံးသွားယူခိုင်းတာကို မင်းမယူလို့ ငါကိုယ်တိုင်သွားယူရရင် နောက်ထပ်အချက်ရေ ထပ်တိုးသွားမယ်။ မင်းငါ့အကြောင်းကိုသိပါတယ် ဘာလုပ်မှာလဲပြော”
ရွေးကိုအငိုတိတ်ခိုင်းလို့မရတိုင်း တစ်ချက်ပိုတိုးရိုက်တတ်သလို ကြိမ်လုံးသွားယူခိုင်းလို့ ယူမပေးတဲ့အခါ မုန်းကိုယ်တိုင်သွားယူရရင်လည်း တစ်ချက်တိုးပြီး ထပ်ရိုက်ပါတယ်။ ရွေးကိုရိုက်ဖို့ ကြိမ်လုံးကို ဈေးထဲကသေချာသွားဝယ်ထားပြီး သူတို့နှစ်ယောက်အတွက် သီးသန့်လုပ်ပေးထားတဲ့အိပ်ခန်းရဲ့ နံရံထောင့်မှာ အမြဲထောင်ထားပါတယ်။ ကလေးတွေကို အခန်းသပ်သပ်ဖွဲ့ပေးထားသလို နှစ်ထပ်ကုတင်လေးနဲ့ထားတာမို့ သားကအပေါ်မှာအိပ်ပြီး သမီးကတော့ အောက်မှာအိပ်တယ်။
ရွေးဆိုတဲ့အဆိုးအဆာလေးက သူ့ဖေကြီးအလိုလိုက်ထားတာမို့ ကြိမ်လုံးတောင် သိပ်မကြောက်ချင်တော့ဘူး။ ရိုက်တုန်းခဏပဲကြောက်ပြတာ။ ပြီးရင် သူလုပ်ချင်တာလုပ်တဲ့ ကောင်လေး။ သူ့ဖေကြီးများရှိလို့ကတော့ ဖျက်ထားတဲ့အရုပ်လိုပဲ ဆုံးမလို့ကိုမရဘူး။ အဖေအားကိုးနဲ့ ဆိုးနေတဲ့ဟာလေး။ ခုသူ့အဖေမရှိဘူးဆိုတော့ သူနာတော့မယ်ဆိုတာကိုသိတယ်လေ။ ဒါ့ကြောင့် လက်အုပ်တွေဘာတွေချီပြီး လာတောင်းပန်ပြနေတာ။ မင်းလောက်မှ မလည်ရင် ငါမင်းအဖေ မလုပ်ဘူး ရွေးချယ်သူ။
“ရွေးချယ်သူ မင်းခုဘာရပ်လုပ်နေတာလဲ။ ကြိမ်လုံးသွားယူလို့ပြောနေတာကို ဘာကိုပေကပ်ကပ်လုပ်နေတာလဲ။ ငါကိုယ်တိုင်သွားယူရရင် မင်းဒီ့ထက်ပိုနာမယ်နော်။ မင်းသွားယူမှာလား ငါကိုယ်တိုင်သွားယူရမှာလား”
“သားသွားယူပေးပါ့မယ်ဖေဖေ”
“ယူပြီးပြန်လာရင် ငိုနေတာကို မမြင်ချင်ဘူးနော်။ ယောင်္ကျားပဲ လုပ်ရဲရင် ခံရဲရမှာပေါ့။ အငိုတိတ်ပြီး ပြန်လာခဲ့”
“ဟုတ်”
မျက်ရည်လည်ရွဲနဲ့ ကြိမ်လုံးသွားယူတဲ့ မောင်ဖြစ်သူကို မျက်ရည်အဝိုင်းသားနဲ့ ငေးကြည့်နေရှာတဲ့သမီးလေး။ သူ့မောင်လေးအရိုက်ခံရမှာကို သူကစိတ်မကောင်းဖြစ်နေတာ။ မောင်ဆိုးလေးက သူ့အကြိုက်ဆုံး ပစ္စည်းလေးတွေကို တစ်ခုမှရစရာမရှိအောင် ဖျက်စီးထားတာကို အပြစ်မမြင်တဲ့အပြင် သူက သူ့မောင် အရိုက်ခံရမှာကိုဆိုးနေသေးတယ်။
“သမီး”
“ရှင်ဖေဖေ”
“မောင်လေးက မလုပ်သင့်တာကို လုပ်နေရင် သမီးကတားရမယ်လေ။ အဲ့ဒါကို ဘာလို့သမီးကထိုင်ကြည့်နေတာလဲ။ မောင်လေးကို ဒီထက်ပိုပြီး ပျက်စီးစေချင်လို့လား သမီးက”
“မဟုတ်ပါဘူးဖေဖေရယ်။ မောင်လေးက သမီးကိုစိတ်ဆိုးပြီးလုပ်တာမို့ လုပ်ပါစေဆိုပြီး လွှတ်ထားပေးလိုက်တာပါ။ သူများပစ္စည်းကိုလုပ်နေတယ်ဆိုရင် သမီးကတားမှာပါ”
“သူများပစ္စည်းကိုမှ မဟုတ်ဘူးသမီး။ သမီးတန်ဖိုးထားတဲ့အရာကို ဖျက်စီးနေတဲ့အခါ သမီးတန်ဖိုးထားကြောင်းကိုပြောပြပြီး တားရမယ်။ သမီးတားလို့မရရင် ဖေဖေ့ကိုလာပြောရမယ်လေ။ မောင်လေးက မှားနေတဲ့အရာကို လုပ်နေတာကို သမီးက ထိုင်ကြည့်နေတဲ့အတွက် ဖေဖေသမီးကိုစိတ်ဆိုးတယ်။ သမီးမှာ အပြစ်ရှိလား မရှိဘူးလား”
“ရှိပါတယ်ဖေဖေ”
“ဒါဆို သမီးကို ဖေဖေဘာလုပ်သင့်လဲ”
“ရိုက်ပါဖေဖေ”
“ဘယ်နှစ်ချက်ရိုက်ရမှာလဲ”
“ဖေဖေ ဆုံးဖြတ်တဲ့အတိုင်း အရိုက်ခံပါ့မယ်ဖေဖေ”
သမီးကိုပြောနေတဲ့အချိန် ကြိမ်လုံးသွားယူတဲ့ သားငယ်က ပြန်ရောက်လာတယ်။
“ဖေဖေ့ ရေးကို ဘာလို့ရိုက်မှာလဲ။ မရိုက်ပါနဲ့ဖေဖေရယ်။ အပြစ်ကသားလုပ်တာလေ ရေးလုပ်တာမှမဟုတ်တာ”
“သားအပြစ်လုပ်တာကို မမက ဘာမှမပြောဘဲ ထိုင်ကြည့်နေလို့ရိုက်တာ”
“ရေးကိုရိုက်မယ့်အချက်ကို သားကိုပေါင်းရိုက်ပါဖေဖေ”
ဒါဟာ အမွှာနှစ်ယောက်ရဲ့ကြားက ခိုင်မာတဲ့မေတ္တာတရားပါ။ သားငယ်လေးက သူကသာသူ့အစ်မကို အနိုင်ကျင့်ရင်ကျင့်မယ် တခြားသူတစ်ယောက်က သူ့အစ်မကို နာကျင်စေတာကိုတော့ လုံးဝမခံနိုင်တဲ့ကလေးလေးပါ။
“No အပြစ်ရှိတဲ့သူကိုပဲ အပြစ်ပေးမှာ။ အစကတည်းက ရေးကိုမရိုက်စေချင်ရင် သားလိမ်လိမ်မာမာနေလေ”
“ဖေဖေး”
“ဖေဖေးမနေနဲ့ ကိုယ့်အပြစ်ကို ကိုယ်ခံရမှာပဲ။ ဟိုဘက်လှည့်”
လှည်ဆိုတော့လည်း မျက်နှာလေးက ဆူပုတ်ပြီး လှည့်ပေးရှာတယ်။
“ဘောင်းဘီကိုမထား”
JJဘောင်းဘီလေးကို ဆွဲမပေးတာမို့ ခြေသလုံးသား ဖြူဖြူဖွေးဖွေးလေးက ပေါ်လာတယ်။ တကယ်ကို မရိုက်ရက်စရာလေး။ သားနဲ့သမီးက ကိုရီးယား-ဗမာ ကပြားလေးတွေမို့ အသားလေးတွေက တော်တော့်ကို ဖြူဖြူဖွေးဖွေးလေးတွေပါ။
မရိုက်ရက်ပေမဲ့ အမှတ်မရှိတဲ့ရွေးကို ရိုက်မှကိုဖြစ်မှာပါ။
“နောက်တစ်ခါ ပစ္စည်းအကောင်းတွေကို ဖျက်စီးဦးမှာလားရွေး”
“မ မ ဖျက်စီးတော့ပါဘူး ဖေဖေ အဟင့်”
ရိုက်တောင်မရိုက်ရသေးဘူး ငိုသံလေးနဲ့ ရှိုက်ရှိုက်ပြီးပြောလာတဲ့ သားငယ်ပါ။
“ရွှက်”
တစ်ခွန်းမေးပြီး တစ်ခွန်းဖြေမှ တစ်ချက်ရိုက်လိုက်တယ်။
“နောက်တစ်ခါသူများပစ္စည်းကို ဖျက်လို့ဖျက်စီးလုပ်ဦးမှာလား”
“မလုပ်တော့ပါဘူး ဖေဖေ အီးးဟီးးဟီးး”
“ရွှက်”
“နောက်တစ်ခါ မမကို အနိုင်ယူဦးမှာလား”
“မ မ မယူတော့ပါဘူးဖေဖေရဲ့ အီးးးဟီးးး”
“ရွှက်”
“နောက်တစ်ခါ ဖေဖေ မင်းကိုမရိုက်ချင်ဘူးရွေး။ ကြားလား”
“ဖေဖေး အဟင့် . . .ဟင့်”
သားငယ်က မုန်းရဲ့စကားကို ခေါင်းလေးငြိမ့်ပြပြီး ပြန်ဖြေရင်း လက်နှစ်ဖက်ကိုဆန့်တန်းကာ မုန်းဆီကိုလာပါတယ်။ သဘောကတော့ သူ့ကိုဖက်ပေးပါပေါ့။ ငုတ်တုတ်ထိုင်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်တော့ သားငယ်လေးက ရင်ခွင်ထဲကိုဝင်လာပြီး မုန်းကိုအားရပါးရဖက်ကာ တရှုံ့ရှံ့ငိုနေရှာပါတယ်။ ငချွဲလေးပါ။ ယောင်္ကျားလေးဆိုပေမယ့် မိန်းကလေးဖြစ်တဲ့ ရေးလေးထက် ပိုစကားတတ်ပြီး ပိုချွဲတတ်တဲ့ ကောင်လေးပါ။
သားကိုပွေ့ချီပြီး နဖူးလေးကိုနမ်းရင်း ကျောလေးကို ဖွဖွလေး ပုတ်ပေးလိုက်တယ်။ အချော့သိပ်ကြိုက်တဲ့ ကလေးလေးရယ်ပါ။
“ဒီတစ်ခါတော့ ဖေဖေ ရေးကိုမရိုက်တော့ဘူးနော်။ နောက်တစ်ခါ မောင်လေးက မဟုတ်တာလုပ်နေရင် ရေးက အကြီးတစ်ယောက်အနေနဲ့ တားရမယ်နော်။ သမီးတားလို့မရရင် ဖေဖေ့ကို လာပြောရမယ်။ ကြားလားသမီး”
“ဟုတ်ဖေဖေ”
အမောင်ရွေးကတော့ ငိုလို့ယိုလို့ကို မပြီးနိုင်သေးဘူး။ ငိုကြောမပြတ်သေးဘူး။
“ရွေး တိတ်တော့နော်။ နောက်တစ်ခါ ဖေဖေရိုက်တာကို မခံချင်ရင် သားက ခုလိုမဆိုးရဘူးနော်။ ကြားလားသား”
“ဟုတ်”
ကလေးတွေကို ထမင်းကျွေးရမယ့် အချိန်ရောက်နေပြီမို့ ထမင်းခွံ့ဖို့အတွက် ပြင်ဆင်ရတော့တယ်။ ရွေးကိုထမင်းကျွေးရတာ တော်တော်ကို စိတ်ရှည်လက်ရှည်နိုင်ရတဲ့အလုပ်ပါ။ ထမင်းတစ်လုပ်ကို အကြာကြီးဝါးသလို ဆော့လိုက် စားလိုက်နဲ့မို့ တော်တော်ကို အဆင်မပြေလှပါဘူး။
“ရွေး အာ”
ထမင်းခွံ့ဖို့ပါးစပ်ဟခိုင်းတော့ သားငယ်က ခေါင်းခါပြလာတယ်။
“ဖေကြီးဆီသွားချင်တယ်ဆို။ ထမင်းစားရင် ဖေဖေလိုက်ပို့ပေးမယ်”
ထိုအခါကြမှ သားငယ်ကခေါင်းငြိမ့်ပြီး ပါးစပ်ဟပေးရှာတယ်။ သူ့ဖေကြီးကို တော်တော်လေး လွမ်းနေပုံရတယ်။ မနက်က သူ့ဖေကြီး ဆေးရုံသွားတဲ့အချိန် သူအိပ်ရာမနိုးသေးတာကြောင့် ဖေကြီးကို မတွေ့လိုက်ရရှာဘူးလေ။
ထမင်းကျွေးပြီးတဲ့အချိန်မှာတော့ သားတော်မောင်စိတ်ချမ်းသာဖို့အရေး ရှေးရှုပြီး အလင်းရဲ့ဆေးရုံကို သားအဖသုံးယောက် ဆိုင်ကယ်တစ်စီးနဲ့ ချီတက်ခဲ့ကြတယ်။ မရှိမဲ့ရှိမဲ့ စုပြီးဝယ်ထားတဲ့ကားလေးရှိပေမဲ့ ရှိတဲ့ကားလေးကို အိမ်က ဆရာဝန် ဦးလေးကြီးက ယူသွားတယ်လေ ဟဲဟဲ။ အလင်းက မုန်းအတွက် တစ်စီးဝယ်ပေးဖို့ ပြောခဲ့ပေမယ့် ပိုက်ဆံနှမြောလွန်းတဲ့မုန်းက မယူချင်ဘူးဆိုပြီး ငြင်းခဲ့တာပါ။ ခုတော့ ဘယ်သွားသွား ဆိုင်ကယ်လေးနဲ့ပဲ သွားလိုက်တယ်။ ကားနဲ့ဆိုရင် သွားချင်တဲ့နေရာကို သွားလို့မရဘူး။ ဆိုင်ကယ်နဲ့က လမ်းကြိုလမ်းကြားကအစ မောင်းလို့ရတယ်လေ။ လွယ်လွယ်ကူကူသွားလို့ရတာမို့ ဘယ်လောက်အဆင်ပြေလိုက်သလဲ။ ရွပိုးစိန် သားတော်မောင်ကို အရှေ့ကထားပြီး ရင်ခွင်ထဲထည့်စီးရတယ်။ သမီးကိုတော့ နောက်မှာထားပြီး မုန်းရဲ့နောက်ကျောမှာ ကြိုးသိုင်းလေးနဲ့ သမီးကို ထိန်းထားတယ်။ သမီးပြုတ်ကျမှာလည်း မပူရတော့ဘူး။
ဆေးရုံကိုရောက်တော့ ဆေးရုံဝန်းထဲကို ခြေချလိုက်တာနဲ့ ဆရာဝန်မလေးတွေက သားရှိရာကို အပြေးလာကြတယ်။ ဆေးရုံကိုလာနေကြမို့ ဆေးရုံကဆရာဝန်တွေနဲ့ Nurse တော်တော်များများက မုန်းတို့သားအဖတွေနဲ့ ရင်နှီးပြီးသားပါ။ ဆေးရုံတစ်ဝန်းလုံးက ဝန်ထမ်းတွေကတော့ သားနဲ့သမီးကို သိပ်ချစ်ကြတယ်။ ကိုရီးယားဗမာ ကပြားဖြစ်တဲ့ သားနဲ့သမီးက သိပ်ကိုချစ်ဖို့ကောင်းသလို မျက်နှာမြင် ချစ်ခင်ပါစေ အသံကြားသနားပါစေဆိုတဲ့ဆုနဲ့ ပြည့်စုံတဲ့ကလေးလေးတွေပါ။
“ဟာ ရေးလေးနဲ့ရွေးလေးပါ့လား ဖေကြီးဆီကိုလာတာလာသား”
“ဟုတ်မမ”
“လာပါဦးသားရဲ့ မမချီချင်လို့။ မမတို့နဲ့လိုက်ခဲ့မလား။ မမမုန့်တွေအများကြီးကျွေးမယ်”
“တကယ်နော်မမ”
“တကယ်ပါရှင့်”
“ချစ်တယ် မွစ်။ ဖေဖေ သားမမတို့နဲ့လိုက်သွားမယ်နော် တာ့တာ”
သားငယ်က ဆရာဝန်မချောချောလေးကို အာဘွားပေးပြီး မုန်းကိုတာ့တာပြလာတယ်။ မုန်းမှာ ခေါင်းငြိမ့်ပြပြီး ကျန်ခဲ့ရတော့တယ်။ ဆေးရုံကိုရောက်တာနဲ့ ဆရာဝန်မချောချောလေးနဲ့ Nurse ချောချောလေးလက်ထဲကို ပါသွားတဲ့သားပါ။ အံ့ဩဖို့ကောင်းလိုက်တာ။ လာတုန်းကတော့ သူ့ဖေကြီးကို တွေ့ချင်တယ်ဆိုပြီး လာတာ။ ဒီက သူ ဂျီကျလွန်းလို့ လိုက်ပို့ရတာ။ ခုတော့ မောင်ရွေးက ကောင်မလေးချောချောလေးတွေနောက်ကို အပြုံးပန်းဝေဆာစွာနဲ့ ပါသွားရှာလေရဲ့။ လူကြည့်တော့ လက်တောက်လောက်လေး နှာခေါင်းက သူ့အရပ်ထက်ရှည်တယ်။
“ဟာ ဖေကြီးသမီးလေးနဲ့ ဖေကြီးအသဲလေးပါ့လား။ ဘာလာလုပ်တာပါလဲ ခင်ဗျာ”
သမီးကိုတွေ့တာနဲ့ ကောက်ချီပြီး မေးလာတဲ့အလင်းရယ်ပါ။
“လာတုန်းကတော့ မင့်သားဂျီကျလွန်းလို့လာပို့တာ။ ခုတော့ အမောင်ရွေးက မင်းကိုမေ့ပြီး ဆရာဝန်မချောချောလေးတွေနောက် ပြုံးပျော်ပြီး လိုက်သွားလေရဲ့”
“ဟားဟား ငါ့သားလေးကတော့ ငယ်ငယ်ကတည်းက ဇနဲ့လာတာ”
“ရယ်မနေနဲ့ ငယ်ငယ်လေးနဲ့ အဲ့လောက်ဘူးတတ်နေတာ ကြည့်မရတော့ဘူး”
“ခလေးပဲကွာ မုန်းကလည်း။ နော်သမီးလေးရာ မောင်လေးမှန်တယ်မို့လား”
“ဟုတ်”
သမီးက သူ့ဖေကြီးရဲ့အမေးကို ခေါင်းလေးငြိမ့်ပြတယ်။ ဒီအဖေနဲ့ ဒီခလေးတွေ လိုက်လည်းလိုက်တယ်။
“ခဏနေရင် တူတူပြန်ရအောင် မုန်း။ ကိုယ့်ကို ခဏစောင့်ပေးနော်”
“ဟင် မင်းအလုပ်ကပြီးတာလား”
“အင်း မနက်ဂျူတီပြီးရင် ပြီးပြီ”
“အင်းပါ ပြီးရော”
နာရီဝက်လောက်အကြာစောင့်ပြီးမှာတော့ အလင်းအလုပ်ကို လက်စသတ်ပြီးသွားတာကြောင့် အိမ်ပြန်ဖို့ပြင်ရတယ်။
“မုန်း သားကိုသွားခေါ်ဦး”
ဆရာမချောချောလေးရဲ့ ပေါင်ပေါ်မှာ အပျော်ကြီးပျော်နေရှာတဲ့ သားကိုကြည့်ပြီး ပြုံးလိုက်မိတယ်။ လူကသာငယ်သေးတာ နှာခေါင်းလေးက အရွယ်ရောက်နေပြီ။
“သား ဖေဖေတို့ပြန်ရအောင်”
“ဖေဖေ့ ခဏနေရအောင်လေ နော်”
“ဖေကြီး အလုပ်ပြီးလို့ ဖေဖေတို့ပြန်ကြမှာလေ။ သားတစ်ယောက်တည်းကျန်ခဲ့မှာလား”
“ဟုတ်”
ဟင် ရွေးတစ်ယောက်က အခု ကျန်ခဲ့မယ်လို့ ပြောလိုက်တာလား။ ဘယ်လိုနှာဘူးလေးလဲကွာ ရွေးရာ။
“အလင်း မင်းသားကို မင်းလာခေါ်။ ငါခေါ်လို့မရဘူး”
ဆရာဝန် နားနေခန်းအရှေ့မှာ ရပ်စောင့်နေတဲ့ အလင်းကို လှမ်းပြောလိုက်တော့ အလင်းတစ်ယောက်သမီးကို ချီရင်းဝင်လာတယ်။
“သားသား ဖေကြီးတို့ပြန်ရအောင်လေ။ မနက်ဖြန်မှ မမချောလေးတွေနဲ့ ထပ်တွေ့ဖို့ ဖေကြီးနဲ့လိုက်ခဲ့လေ နော်”
“မနက်ဖြန် သားကို ဖေဖေတကယ်ခေါ်မှာနော်”
“တကယ်ပါဗျာ”
“ချစ်တယ်ဖေကြီး။ ဖေဖေ့သားကိုချီ”
သုံးနှစ်ကျော် လေးနှစ်အရွယ် ရောက်နေတဲ့ သားနဲ့သမီးကို မုန်းမချီနိုင်တော့ပါဘူး။ အလင်းကသာ သူ့သားနဲ့သူ့သမီးကို လက်ပေါ်ကမချ မညောင်းမညာချီတာပါ။
“မချီနိုင်ပါဘူး။ မင့်ဖေကြီးက မညောင်းမညာချီနိုင်ပေမယ့် ဖေဖေကမချီနိုင်ဘူး။ သားဘာသား လမ်းလျှောက်”
“ဖေကြီး”
ဖေကြီးဆိုပြီး လက်နှစ်ဖက်ကို ဆန့်တန့်ပေးလာတဲ့သားကိုကြည့်ပြီး အလင်းပြုံးလိုက်မိတယ်။ သမီးထက်ငါးမိနစ်သာ နောက်ကျမွေးခဲ့ပေမယ့် သားကသမီးထက် ပိုချွဲပြီး ပိုခလေးဆန်ပါတယ်။
“ကဲဖေကြီးသမီး အလိမ္မာတုံးလေး ဖေကြီး မောင်လေးကို ချီလို့ရမလား”
“ဟုတ်ဖေကြီး”
“ဒါဆို ဖေကြီးသမီးလေးက ဖေဖေနဲ့ လမ်းဆင်းလျှောက်ပေးနော်”
“ဟုတ်”
သိတတ်နားလည်လွန်းတဲ့သမီးလေးက အဖေတစ်ခွန်းဆိုတစ်ခွန်း သိပ်ကို နာခံနားလည်းပေးတတ်တဲ့ ခလေးလေးပါ။
သမီးကိုအောက်ချပေးလိုက်တော့ သမီးလေးက မုန်းလက်ကို ပြေးကိုင်တယ်။ သားကိုချီပြီး အလင်းတို့ အိမ်ပြန်ခဲ့ကြတယ်။
မုန်းစီးလာတဲ့ဆိုင်ကယ်ကို ဆေးရုံမှာထားခဲ့ပြီး အလင်းကားနဲ့ သားအဖလေးယောက် ပြန်လာခဲ့ကြတယ်။
“မွစ် ဖေကြီးအသဲလေးတွေကိုရော ကိုယ့်အသဲပေါက်လေးကိုရော လွမ်းနေတာကွာ”
အလင်းက သားနဲ့သမီးရယ် မုန်းရယ်ကို တစ်ချက်စီ အာဘွားလိုက်ပေးနေပါတယ်။
“ဖေကြီး”
“ဗျာ”
“ဖေဖေ့ကို မနမ်းနဲ့”
“ဟင် ဘာလို့လဲသားရ”
“ဖေဖေသားကို နေ့လည်က သုံးချက်တောင်ရိုက်ထားတာ”
လက်ခလေးသုံးချောင်းထောင်ပြီးပြောလာတဲ့ သားငယ်ကြောင့် မုန်းကိုလှည့်ကြည့်မိတော့ မုန်းကသားငယ်ကို တအံ့တဩကြည့်နေလေရဲ့။
“ရွေး မင်းငါတို့နှစ်ယောက်ကြားကို သွေးခွဲနေတာလား”
“ဖေဖေသားကိုရိုက်တာလေ”
“ဟုတ်လားမုန်း”
“ရိုက်တာတော့ဟုတ်တယ်။ မင့်သားက သမီး အရုပ်လေးကိုရော သမီးပုံဆွဲစာအုပ်လေးကိုပါ ဖျက်စီးပစ်လို့ နောက်မလုပ်အောင်ရိုက်တာပါ”
“ခလေးတွေကို ရိုက်ပြီးဆုံးမတာကို ကိုယ်လုံးဝမကြိုက်ပါဘူးလို့ ပြောထားတယ်မို့လား မုန်းရာ။ ဘာလို့ကိုယ့်စကားကို နားမထောင်ရတာလဲ။ ဘာလဲ မုန်းက ကိုယ့်စကားကို အလေးအနက်မထားတာလား”
“မဟုတ်ပါဘူးအလင်းရာ။ မင်းပြောသလိုမဟုတ်ရပါဘူး။ မင့်သားက တနေကုန်ဂျီကျပြီး ဆိုးလွန်းနေလို့ ရိုက်ရတာပါကွာ”
“ခလေးပဲမုန်းရယ် ဘာသိဦးမှာလဲ။ မသိလို့လုပ်တာ ရိုက်စရာမှမလိုတာ။ နောက်မလုပ်နဲ့ပြောပြီး သေချာဆုံးမလို့ရနေတာကိုကွာ”
သူ့သားက ပါးစပ်နဲ့ဆုံးမတာကို တော်တော်နားထောင်ရှာတယ်ဆိုတော့။
“နောက်မရိုက်တော့ဘူး ဟုတ်ပြီလား”
“အဲ့လိုပြောတာ ဘယ်နှစ်ခါရှိနေပြီလဲ။ ကတိတွေပေးပြီး သားကိုရိုက်ရိုက်နေတာပဲကို။ ဘယ်မှာလဲ ကြိမ်လုံး သားသွားယူပေး”
“ဟုတ်”
အမလေး မောင်ရွေး ဒါမျိုးကြ မြန်တယ်။ လျှစ်ခနဲပြေးပြီး ကြိမ်လုံးသွားယူရှာတယ်။ သူ့အဖေလက်ထဲ ကြိမ်လုံးထည့်ပေးလိုက်တာများ မြန်သလားမမေးနဲ့။ အဖေဖြစ်သူကလည်း ကြိမ်လုံးကိုချိုးလိုက်တာများ ဂျွတ်ခနဲပဲ။ ဒီအဖေနဲ့ဒီသား လိုက်လည်းလိုက်ပါတယ်။ သူ့သားကိုရိုက်လို့ဆိုပြီး မုန်းကိုစကားမပြောဘဲ တစ်ညနေလုံး သားအဖနှစ်ယောက် နှစ်ယောက်တည်း တစ်ကမ္ဘာတည်နေကြလေရဲ့။
ညစာ စားသောက်ပြီးစီးတဲ့အခါမှာတော့ သားနဲ့သမီးကို သိပ်ဖို့ပြင်ရတယ်။
“ရေး ရွေး အိပ်ရအောင်”
“သားက ဖေကြီးနဲ့အိပ်မှာ”
“မင်းဖေကြီးက ဖေဖေနဲ့အိပ်မှာ”
“ဟင့်အင် ဖေကြီးက သားနဲ့အိပ်မှာ”
“မင်းဖေကြီးကို မေးပဲကြည့်ပါဦးကွာ။ သားသားနဲ့အိပ်မှာလား ဖေဖေနဲ့အိပ်မှာလားလို့”
“ဖေကြီး သားနဲ့လား ဖေဖေနဲ့လား”
“ဖေကြီးက သားသားနဲ့အိပ်ချင်တာပေါ့ကွာ။ ဒါပေမယ့် သားသားကုတင်က ဖေကြီးအရပ်နဲ့ မဆန့်ဘူးလေ။ အဲ့ဒါကြောင့် ဖေကြီးက ဖေဖေနဲ့မအိပ်ချင်ဘဲ အိပ်ရမှာ သိလားသားသား”
“ဟုတ်ဖေကြီး အဲ့ဒါဆို သားတို့သားအဖနှစ်ယောက် ကုတင်အောက်မှာ ဖျာခင်းအိပ်မယ်လေ”
တိန် အမောင်ရွေး ကိုယ့်ဖေကြီးကို ညစာငတ်အောင်လုပ်နေတယ်။ မုန်းကို ကူကယ်ရာမဲ့စွာ လှမ်းကြည့်လိုက်တော့ မုန်းက အသံတိတ်ရယ်နေလေရဲ့။
“သားသား ကုတင်အောက်က အေးတယ်လေကွာ။ ကုတင်အောက်မှာအိပ်ရင် သားသားနဲ့ သားဖေကြီးနဲ့ မနက်ကြဖျားလိမ့်မယ်။ သားသားကလိမ္မာတယ် ကိုယ့်ကုတင်မှာပဲ ကိုယ်အိပ်နော်။ နောက်နေ့မှ ဖေဖေတို့ သားအဖလေးယောက် ကုတင်အကျယ်ကြီးဝယ်ပြီး တူတူအိပ်ကြမယ်နော်”
အလင်းကအကြည့်နဲ့ ကူပါကယ်ပါပြောနေတာမို့ မုန်းကသားကို ဝင်ပြောပေးလိုက်တယ်။
“ဖေဖေကုတင်ကျယ်ကြီး ဝယ်နေတာလည်း ကြာလှနေပြီ။ သားအရင်နှစ် မွေးနေ့ကတည်းက ခုထိပဲ”
ဒီရွေးချယ်သူဟာလေ အမှတ်သညာကြီးသလို စကားကလည်း သိပ်တတ်လွန်းပါတယ်။ ရွေးက ဖေကြီးနဲ့အိပ်ချင်တယ်လို့ပြောတိုင်း ကုတင်ကျယ်ကြီး ဝယ်ပြီးရင် တူတူအိပ်မယ်လို့ မုန်းကပြောနေကြမို့ မုန်းစကားနဲ့မုန်းကို ပြန်ရိုက်လိုက်တာပါ။
“ပိုက်ဆံ မတတ်နိုင်သေးလို့ပါကွာ မင်းကလည်း။ ပိုက်ဆံတတ်နိုင်တဲ့နေ့ကြ ဝယ်မှာပေါ့ကွ”
“ဖေဖေကပြောတာပဲ။ သားတို့နဲ့မအိပ်ချင်လို့ မဝယ်သေးတာများ မသိတာကြလို့”
ဒီလိုလည်း ပြန်ပြောတတ်သေးတာ။
“သိလည်းပြီးရောကွာ။ သိရဲ့သားနဲ့ မင်းကဘာလို့ပြောနေသေးလဲ”
“ရမလားလို့ ပြောကြည့်တာပေါ့ ဖေဖေရ။ ဖေကြီးကိုချစ်ရတာ မနိပ်ပါဘူးဗျာ။ သားကသာ ဖေကြီးကိုချစ်ရတာ။ ဖေကြီးကတော့ ဖေဖေ့ကိုပိုချစ်လို့ သားနဲ့တောင်မအိပ်ဘူး။ ဖေကြီးကို တစ်ဖက်သတ်ချစ်နေရတာ သားအရမ်းပင်ပန်းတာပဲ”
အမလေး ပင်ပန်းတယ်ဆိုပဲ။ အမောင်ရွေး စကားသိပ်တတ်ပါ့လား။ အလင်းမှာ သားဖြစ်သူနဲ့မုန်းနဲ့ တစ်ယောက်တစ်ခွန်း စကားများနေတာကိုကြည့်ပြီး အံ့ဩရတယ်။ အဖေလုပ်သူမုန်းကလည်း သားဖြစ်သူရွေးကို အလျှော့မပေးပါဘဲ အနိုင်ပြောတယ်။ သားဖြစ်သူလည်း အဖေကိုတစ်ခွန်းမခံ အနိုင်ပြန်ယူပြီးပြောတယ်။ သားအဖနှစ်ယောက်လား သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်နေတာကို ကြည့်နေရတာလား မသဲကွဲဘူး။
“ဟေ့ကောင် ကြီးကြီးကျယ်ကျယ်တွေ ပြောမနေနဲ့။ မင်းသိရင်ပြီးရော လာအိပ်တော့။ အိပ်ခါနီးဆို မင်းအရမ်းစကားများတာပဲရွေး”
“ဖေဖေကလည်း ဘာလို့ သားတို့ကို အတင်းသိပ်နေရတာလဲ”
“ဟေ့ကောင် အိပ်ချိန်ရောက်နေလို့ သိပ်တာပေါ့ကွ”
“ဖေဖေက အိပ်ချိန်မရောက်ခင်ကတည်းက အတင်းအိပ်စေချင်နေတာများ မသိတာကြလို့”
“အမောင်သာလိကာ သိရင်လည်း မြန်မြန်အိပ်တော့။ မင်းအစ်မတောင် အိပ်ပျော်သွားပြီ မင်းပဲမအိပ်နိုင်သေးတာ”
“ဖေဖေ အိပ်စေချင်လည်း အိပ်ပါပြီဗျာ”
သားဟာ အိပ်တာတောင် မုန်းကို ထိုသို့အနိုင်ယူပြီးမှ အိပ်တာပါ။ မသိရင် မုန်းအတင်အိပ်ခိုင်းလို့ သူက မုန်းစိတ်ချမ်းသာအောင် အိပ်လိုက်ရတဲ့အတိုင်းပဲ။ အတော်လည်တဲ့ခလေး။
ရွေးရောရေးပါ အိပ်ပျော်သွားတာသေချာမှ အဖေနှစ်ယောက် ကိုယ့်အခန်းကိုယ်ပြန်ခဲ့ရတယ်။
“မုန်း ရွေးကပိုလည်ပြီး ပိုစကားတတ်လာသလိုပဲ”
“မင်းက ခုမှခဏပဲတွေ့ရတာ။ ငါကသူ့ကို တစ်နေကုန်ထိန်းရတာ အလုပ်တစ်ဖက်နဲ့ သိပ်အဆင်မပြေဘူး”
“ကိုကို အဲ့ဒါပြောမလို့။ အသဲပေါက် အလုပ်လေး နည်းနည်း လျှော့လုပ်ပါ့လား။ အရင်လို အလုပ်တွေနှစ်ခုသုံးခုပြိုင်တူ လက်မခံဘဲ တစ်ခုပြီးမှ တစ်ခုလုပ်ပါ့လား”
“အင်း မုန်းလည်း စဉ်းစားနေပါတယ်”
“ပြီးတော့ သားသားကို ရိုက်ပြီးမဆုံးမစေချင်ဘူး။ ခလေးဆိုတာ ငယ်တဲ့အချိန်မှာ ဘာပဲလုပ်လုပ် လွတ်လပ်ခွင့်အပြည့်ပေးမှ လုပ်ရဲကိုင်ရဲရှိမှာပေါ့။ သူတစ်ခုလုပ်လိုက်တိုင်း အရိုက်ခံရမှာကို တွေးကြောက်နေရင် သားကနောက်ဆို ဘာမှမလုပ်ရဲတော့ဘဲနေမှာဆိုးတယ်”
“အမလေး ကိုကို့သားလား ဘာမှမလုပ်ရဲမှာ။ ရိုက်တုန်းခဏပဲ ကြောက်ပြတတ်တဲ့သူကို”
“ဘာပဲပြောပြော သားကိုမရိုက်ပါနဲ့ကွာနော်”
“ဟုတ်ပါပြီဗျာ မရိုက်တော့ပါဘူး။ ကိုကို ရုံးပိတ်ရက်ရောက်တဲ့အခါ သားနဲ့ ဘယ်လိုကျော်ဖြတ်မလဲ စောင့်ကြည့်မယ်။ ခုတော့အိပ်ရအောင်”
“အိပ်တော့မလို့လား”
“အင်း”
“ကိုယ်ဗိုက်ဆာတယ်”
“ညကြီးမင်းကြီးကို စားစရာဘာမှမရှိတော့ဘူး အိပ်တော့”
“စားစရာမရှိရင် ရှိတဲ့သူကိုပဲစားရတော့မှာပေါ့”
“ဟမ်”
အတွေးတွေမဆုံးလိုက်ခင်မှာဘဲ မုန်းတစ်ယောက် အစားခံလိုက်ရပါတော့တယ်။
YOU ARE READING
မုန်းရဲ့အလင်းရောင်