Part 41 (U+Z)

8.1K 515 9
                                    

#Unicode

မုန်းတို့ Final Year စာမေးပွဲဖြေပြီးတော့ ဖေဖေက မြောင်းမြကို ပြန်လိုက်ခိုင်းတာမို့ မလိုက်ချင် လိုက်ချင်နဲ့ ပြန်လိုက်ခဲ့ရပါတယ်။ မျက်နှာလေးလည်း မြင်ခွင့်မရတော့သလို အသံလေးတောင် မကြားရတော့တဲ့အဖြစ်ပါ။ အဆက်အသွယ်လည်း ဘယ်လိုမှ လုပ်လို့မရတော့ပါဘူး။ နေ့ရှိသ၍ ဖေဖေထိုင်တဲ့ဆိုင်ကို လိုက်ထိုင်ရတယ်။ ဖေဖေ့အနားကကို မခွာရဘူး။ စိတ်လေ‌တယ်။ နောက်ဆုံးတော့ အလုပ်လုပ်ဖို့အတွက် မုန်းဆုံးဖြတ်ချက် ချလိုက်တယ်။

“ဖေဖေ့ ကျွန်တော် အလုပ်လုပ်ချင်တယ်”

“အောင်စာရင်းတောင် မထွက်သေးဘူး။ ဘွဲ့လည်းမယူရသေးဘဲနဲ့ ဘယ်လိုအလုပ်လုပ်မှာလဲ”

“နောက်ဆုံးနှစ်ဖြေထားကြောင်း ထောက်ခံစာနဲ့ အလုပ်လုပ်လို့ရတယ်လေ”

“No ရန်ကုန်မှာ အလုပ်လုပ်ခွင့် မပေးနိုင်ဘူး။ မင်းကိုမိန်းမပေးစားပြီး ငါ့အလုပ်တွေကို ဆက်လုပ်ခိုင်းဖို့ စဉ်းစားထားတယ်”

“မိန်းမလည်း မယူနိုင်သလို ဖေဖေ့အလုပ်တွေလည်း ကျွန်တော်မလုပ်နိုင်ဘူးဖေဖေ။ ကျွန်တော်ယူထားတဲ့ဘွဲ့ ကျွန်တော်ယူထားပညာနဲ့ ကျွန်တော်နဲ့ထိုက်တန်တဲ့ အလုပ်ကိုလုပ်မှာ။ ကျွန်တော့်ပညာအရည်အချင်းနဲ့ ကျွန်တော်ဝါသနာပါရာကို လုပ်ချင်တယ်ဖေဖေ”

“အစကတည်းက အဲ့လို အလုပ်လုပ်ချင်ရင် မင်းယောင်္ကျားချင်း မကြိုက်နဲ့လေ”

“ဖေဖေ ကတိပေးထားတယ်မို့လား။ ကျွန်တော် အောင်မြင်အောင် ရပ်တည်နိုင်ရင် ကျွန်တော့်စိတ်ကြိုက်လုပ်ဆို။ ကျွန်တော့်ကို အခွင့်အရေးလေးတော့ပေးပါ ဖေဖေ”

“ရန်ကုန်မှာ အလုပ်လုပ်ဖို့ ခွင့်မပြုနိုင်ဘူး မုန်း။ မင်းငါ့မျက်စိအောက်မှာပဲ နေရမယ်”

“ဒါဆို သားစာမေးပွဲအောင်လို့ Master ပါရင်ရော ရန်ကုန်မှာ ဆက်မတက်ရဘူးလား”

“ဘာ Masterမှ ဆက်ပြီး တက်ခွင့်မပေးဘူး။ မင်းကိုကျောင်းပြီးအောင် ထားပေးတာပဲ ကျေးဇူးတင်။ ဘွဲ့တစ်ဘွဲ့ရရင် တော်ပြီပေါ့။ မင်းအကောင်နဲ့မင်း အတူတူနေဖို့ကို ငါက ရေလောင်းပေါင်းသင် ပေးရမှာလား”

“ဒါဆို နိုင်ငံခြားမှာဆိုရင်ရော။ နိုင်ငံခြားမှာ သားကို ကျောင်းဆက်ထားပေးလေ”

မျက်နှာလေးငယ်ပြီး နောက်တစ်နည်းနဲ့ ထပ်ပြီး တောင်းဆိုကြည့်လိုက်တယ်။

“မင်းအကောင်နဲ့ အတူနေဖို့ ပညာသင်ပေးသလို ဖြစ်နေမှာပေါ့။ တစ်ခါပဲခံမယ်မုန်း။ မင်းငါ့ကို နှစ်ခါကျောလို့ မရဘူး”

“ဒါဆို နိုင်ငံခြားမှာ အလုပ်လုပ်မယ်ဆိုရင်ရော ဖေဖေ။ အခွင့်အရေးလေးတော့ပေးပါ”

“Ok အခွင့်အရေးတစ်ခုတော့ ပေးမယ်။ အလုပ်ရမှာ သေချာတယ်ဆိုရင် သွားပေါ့။ နိုင်ငံခြားမှာ အလုပ်လုပ်မယ်ဆိုရင် စင်္ကာပူမှာပဲ အလုပ်လုပ်ရမယ်။ ဟိုက မင်းအဒေါ်အိမ်မှာ မင်းနေရမယ်။ အလုပ်ရမှာ သေချာတယ်ဆိုရင်တောင် ငါလိုက်ခဲ့မှာ။ မင်းအလုပ်ရတာ သေချာမချာ ငါလိုက်ကြည့်မှာ။ အဲ့မှာ အလုပ်ရှာဖို့ တစ်လအချိန်ပေးမယ်။ တစ်လပြည့်လို့ အလုပ်မရတာနဲ့ ငါနဲ့ ချက်ချင်း ပြန်လိုက်ရမယ်။ ဘယ်လိုလဲ”

ဒါဟာ မုန်းကို ဖေဖေ ချည်ပြီးတုပ်ပြီး လုပ်လိုက်တာပါ။ သူအခွင့်အရေးပေးတယ်ပေါ့ တစ်လနဲ့ အလုပ်ရှာမရရင် ပြန်လိုက်ခဲ့ပေါ့။ စင်္ကာပူလိုနေရာမှာ တစ်လတည်းနဲ့ အလုပ်ရအောင်ရှာနိုင်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ဒါကို ဖေဖေသိထားတယ်လေ။ သိပ်တော်ပါတယ်ဖေဖေ။ ဒါပေမဲ့ ဖေဖေ့သားမုန်းမာန်က ဖေဖေ့ထက်ပိုတော်တယ်ဖေဖေ။ ဒါက ဖေဖေမုန်းကို အထင်သေးတာပဲ။ သူ့စိတ်ထဲမှာ မုန်းကို ခုမှ ကျောင်းပြီးခါစမို့ Experience မရှိဘဲနဲ့ အလုပ်မရနိုင်ဘူးလို့ ထင်နေပုံရတယ်။

“စိတ်ချ ဖေဖေ။ ကျွန်တော်ကလည်း အလုပ်ရပြီဆိုမှ သွားမှာ။ အလုပ်ရရင်သာ သွားဖို့ ခွင့်ပြုပေးဖေဖေ။ ဖေဖေ့ကတိကို ဖေဖေတည်ပါ။ ခု Laptop ခဏပေး”

“ဘာလုပ်ဖို့လဲ”

“အလုပ်လျှောက်မလို့လေ။ Online ကနေ အလုပ်လျှောက်မှာ”

“ရော့ ငါ့နားမှာပဲ ထိုင်လုပ်။ ဘယ်မှ သွားလုပ်မယ် စိတ်မကူးနဲ့ ငါထိုင်ကြည့်နေမှာ”

“သဘော ဖေဖေ။ ဖေဖေ့သဘောပါ”

ဖေဖေ့ကို အနားမှာထားပြီး Facebook ထဲဝင်လိုက်တော့ ဖေဖေက ကျွန်တော့်ကို သေချာကို စိုက်ကြည့်နေတယ်။ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ ကျောင်းက စီနီယာအစ်ကို တစ်ယောက်ကို စင်္ကာပူမှာ အလုပ်ခေါ်လားလို့ သိချင်လို့မေးလိုက်တော့ ကုမ္ပဏီတစ်ခုရဲ့ အလုပ်ခေါ်စာကို ပို့ပေးတယ်။ စီနီယာအစ်ကို ပို့ပေးတဲ့ အလုပ်ခေါ်စာကို ကြည့်လိုက်တော့ Web Developer ကို J2EE အတွက် ခေါ်ထားတာပါ။ ကိုယ်က Web Developer ပေမဲ့ PHPနဲ့ပဲ ရေးချင်တာပါ။

စီနီယာအစ်ကို့ကို Web Developer ကို PHPနဲ့ ခေါ်တာမရှိဘူးလားလို့ ထပ်မေးကြည့်တော့ ခုလောလောဆယ် J2EE အတွက်ပဲ ခေါ်တာများတယ်တဲ့။ မထူးပါဘူးလေ J2EEဆိုလည်း J2EEပေါ့ လျှောက်ကြည့်ရမှာပဲ။

မြန်မာနိုင်ငံထဲမှာပဲနေပြီး အလင်းနဲ့အဆက်အသွယ် လုံးဝ မလုပ်ရတာထက်စာရင် စင်္ကာပူကို အလုပ်သွားလုပ်တာက သာပါတယ်။ ဘာ့ကြောင့်ဆို စင်္ကာပူသွားတာကမှ နေ့တိုင်း ဖုန်းပြောလို့ရသလို လွမ်းရင် Video Call ခေါ်လို့ ရတယ်လေ။ ဒီမှာက ဖေဖေ့မျက်စိအောက်မှာ တစ်နေကုန် နေနေရတာ။ လွမ်းရင် မျက်နှာလေး မြင်ရဖို့မပြောနဲ့ အသံလေးတောင် ကြားလို့မရတဲ့ဘဝ။

မထူးစိတ်ပိုက်ကာ J2EE Position အတွက် လျှောက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ CV Form နဲ့အတူ ဘာတွေပို့ဖို့ လိုအပ်လဲ ကြည့်လိုက်တော့ ကိုယ်လုပ်ဖူးတဲ့ Web Applicationတစ်ခု ထည့်ပေးရမယ်တဲ့။ မဆိုးဘူး Web Application တစ်ခုက ကိုယ့်မှာ ရေးပြီးသားရှိတယ်။ ဆိုးတာက J2EEနဲ့ ရေးထားတာမဟုတ်ဘဲ PHPနဲ့ ရေးထားတာပါ။ ပို့လို့တော့ ရလောက်မှာပါ။ သူရေးထားတာကိုက လုပ်ဖူးတဲ့ Web Application တစ်ခုပဲ‌ ထည့်ပေးခိုင်းတာ။ ဘာနဲ့ရေးထားတာကို ထည့်ပေးလို့မှ မပါတာ။

မုန်း CV Form နဲ့အတူ ကျောင်းတက်တုန်းက ဆိုင်တစ်ဆိုင်အတွက် ရေးပေးထားတဲ့ Application တစ်ခုကို ပို့ပေးလိုက်တယ်။

“ပို့တော့ပြီးပြီ ဖေဖေ။ အင်တာဗျူး ခေါ်မခေါ် စောင့်ဖို့ပဲ ကျန်တော့တယ်။ မနက်ဖြန် တစ်ခါလောက် ပေးသုံးပါဦးနော်”

ဖေဖေ့ကို မျက်နှာလေးငယ်ပြီး ပြောလိုက်တော့ လက်ခါပြီး သွား‌တော့တဲ့။ ဖေဖေ့အတွေးထဲမှာ မရလောက်ဘူးလို့ တွေးထားပေမယ့် ကျွန်တော်ကမရရအောင် လုပ်ပြီးကို သွားမှာ ဖေဖေ။

ဆိုင်စောင့်‌နေရင်း ဖေဖေအလုပ်ရှုပ်လောက်တဲ့ အချိန်ကြတော့ ဖေဖေ့အလစ်မှာ အလင်းကိုပေးဖို့ စာ‌တစ်စောင် အမြန်ရေးလိုက်တယ်။ စာရေးပြီး သိပ်မကြာဘူး မေသူမက ရောက်လာတယ်။

“မေသူ နင်တစ်ယောက်တည်းလား”

“အေး ငါတစ်ယောက်တည်းရယ်”

“ဘာလာလုပ်တာလဲ”

“ဈေးထဲ ဝယ်စရာရှိလို့လာရင်း နင့်ကိုသတိရနေလို့ ဝင်လာတာ”

“အမယ် ချစ်ဖို့ကောင်းလိုက်တဲ့ သူငယ်ချင်းကြီးပါ့လား”

ဖေဖေ့အခြေအနေကို ကြည့်လိုက်တော့ မေသူနဲ့မူန်းကို မျက်လုံးတောက်ထောက်ကို လိုက်ကြည့်နေတယ်။ ဘယ်လိုမှ မလစ်ဘူး ဖြစ်နေတယ်။

“အစကတည်းက ငါက ချစ်ဖို့ကောင်းပြီးသားပါဟယ်။ ဒါနဲ့ နင် ရုပ်ရှင်ကြည့်ဖြစ်သေးလား။ ရုပ်ရှင်ကားသစ် ရုံတင်ထားတာ တွေ့တယ်။ ဝတ်မှုံရွှေရည်နဲ့နေတိုးနဲ့ ပိုစတာကြည့်ရတာတော့ တော်တော်လန်းတယ်ဟ။ တော်တော်လေးကို ကောင်းလောက်မယ် ထင်တယ်။ သွားကြည့်ရအောင် လိုက်ခဲ့ပါ့လား”

“မကြည့်ရပါဘူးဟာ။ ငါက ရွှေအိမ်စံ မင်းသမီးလေး‌ဆိုတော့ မူးကြီးမတ်ရာ ဗိုလ်ပါအစုံအလင်နဲ့မှ ကြွမြန်းရတာ။ အစောင့်အရှောက်တွေနဲ့”

ဖေဖေကြားအောင် တမင်ပြောလိုက်ပြီး ဖေဖေ့ကိုကြည့်လိုက်တော့ ဖေဖေက မျက်နှာလွှဲသွားတယ်။ ဖေဖေမျက်နှာလွှဲတာကို အခွင့်ကောင်းယူပြီး မေသူမကို စာတစ်စောင်အမြန်ပေးလိုက်တယ်။ သူငယ်ချင်းကောင်းက အလွန်ဥာဏ်‌ကောင်းတယ်။ ချက်ချင်းကို သူ့ပိုက်ဆံအိတ်လေးထဲ အမြန်ထည့်ရှာတယ်။

“အေးပါဟယ် နင်ကလည်း”

“နင်ကသာ ရုပ်ရှင်ကားသစ်လို့ပြောတာ။ ငါ့အတွက်ကတော့ အကုန်ကားသစ်ဖြစ်နေတယ်။ မကြည့်ရလို့လေ”

“အေးပါမုန်းရယ်။ နင့်ကို ငါသနားလိုက်တာ။ ဒါနဲ့ ငါတို့ အောင်စာရင်းတွေ ထွက်တော့မယ်နော် ရင်တွေခုန်လိုက်တာ။ နင်အောင်သွားရင် ဘာဆက်လုပ်မှာလဲမုန်း”

“ငါခုနကလေးတင် ဖေဖေ့ဆီက Laptop လေး ခဏငှားပြီး စင်္ကာပူမှာ အလုပ်လျှောက်ထားတယ်။ အဲ့အလုပ်ရတာနဲ့ ငါစင်္ကာပူကိုတန်းသွားမှာ။ ဘွဲ့ကို အဝေးရောက်ပဲ ယူတော့မယ်”

“ဟယ် နင်ကလည်းဟယ် ရက်စက်လိုက်တာ။ ငါတို့နဲ့ ဘွဲ့ယူတဲ့အခါ Friendship goal လေး ဘာလေး မရိုက်တော့ဘူးလားဟယ်”

“ငါလည်း ရိုက်ချင်‌တာပေါ့ဟာ။ ဒါပေမဲ့ နင်သိတဲ့အတိုင်း ငါဒီမှာဆက်နေရင် အိမ်မှာပဲ ဖေဖေ့အလုပ်တွေ လုပ်ပြီး အလင်းနဲ့ အမြဲ‌ဝေးရတော့မှာ”

“ငါတို့ တစ်ရက်လောက် အချိန်ယူပြီး ရိုက်ရအောင်ဟာနော်။ ငါတို့ကြံကြည့်မယ်လေ”

“အေးပါဟာ အကြံရရင်ပြော”

“Ok မုန်းငါပြန်ပြီ”

မုန်းနဲ့တွေ့ပြီး အိမ်ပြန်ရောက်တာနဲ့ မုန်းပေးလိုက်တဲ့စာကို ဓာတ်ပုံရိုက်ကာ အလင်းကို messenger ကနေ ပို့ပေးလိုက်တယ်။ ကဲ ကျွန်မ တာဝန်ကျေပြီနော်။ ချစ်သူငယ်ချင်းလေး ဒီလို အချုပ်ကြနေတာ မြင်တော့လည်း စိတ်မကောင်းဘူး။ စာလေးကိုဖတ်ကြည့်ပြီး မေသူပြုံးမိသွားတယ်။ သိပ်ကို ချစ်ဖို့ကောင်းတဲ့မုန်းလေး။ ဒါ့ကြောင့်လည်း အလင်းက သည်းသည်းလှုပ်ချစ်တာ။

မုန်းနဲ့ဝေးခဲ့ရတာ သိပ်ကိုကြာနေပြီမို့ မုန်းကိုလွမ်းနေပါပြီ။ ကျွန်တော့်ကလေးပေါက်လေး အဆင်ပြေရဲ့လားမသိဘူး။ ကျွန်‌တော်တို့ ဒီလိုနဲ့ ဝေးရတော့မယ်ထင်ပါတယ်။ ကိုကို မုန်းနဲ့ အဝေးမခံနိုင်ဘူး။ စိတ်ပျက်လက်ပျက် ဖြစ်နေတုန်းမှာ မေသူ့ဆီက ဖုန်းဝင်လာတယ်။

“ဟဲလို မေသူ”

“အေး အလင်း။ ငါနင့်ကို messenger မှာ စာပို့ထားတယ်။ အခု ဝင်ကြည့်လိုက်နော်။ နင့်ကို အရမ်းပျော်စေနိုင်မယ့် အရာလေး ငါလက်ဆောင်ပို့ပေးထားတယ်။ အခု လိုင်းပေါ်တက်ခဲ့နော်”

“အေးပါ”

မေသူ့ရဲ့ခေါ်ဆောင်မှုကြောင့် အလင်းလိုင်းဖွင့်လိုက်တော့ မေသူပို့ထားတဲ့ ဓာတ်ပုံလေးတစ်ပုံကို တွေ့လိုက်ရတယ်။ သေချာကြည့်မှ စာလေးတစ်စောင်ဖြစ်နေပါတယ်။ ကိုကို့ရဲ့ကလေးပေါက်တဲ့။

ဟမ်! ဒါဆို မုန်းလေးဆီကပေါ့။ မုန်းဆီကစာမှန်း သိလိုက်တော့ မေသူ့ကို စာပြန်ပို့လိုက်တယ်။

“ကျေးဇူးပါ ချစ်သူငယ်ချင်းလေး”

“ရပါတယ်ဟာ မလိုပါဘူး။ ငါ့အချစ်ဆုံးလေးတွေပဲဟာ ကူညီပေးရမှာပေါ့”

“မေသူမ နင်ရန်ကုန်ပြန်လာရင် မုန့်ဝယ်ကျွေးမယ်နော်”

“စားရသေးတာပေါ့”

“ငါ့ကလေးပေါက်ရဲ့စာကို အဆုံးထိဖတ်လိုက်ဦးမယ်”

“Ok”

မေသူ့ကိုစာပို့ပြီးတော့ မုန်းပေးလိုက် စာလွှာလေးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဖတ်လိုက်တယ်။

“အရမ်းလွမ်းတယ်ကိုကို”

ဟားးးးးးး ကိုကိုလည်း အရမ်းလွမ်းနေပါပြီ အသဲတုံးရယ်။ အလင်းစာကို ဆက်ဖတ်လိုက်တယ်။

“ကိုကို့ကို မုန်းအရမ်းလွမ်းနေတာမို့ ရှေ့ဆက်ပြီး ဒီမှာနေရင် ကိုကို့ကို လွမ်းရတာနဲ့ ရူးတော့မယ်ကိုကို။ အဲ့ဒါကြောင့် မုန်း စင်္ကာပူမှာ အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အလုပ်လည်း လျှောက်ထားတယ်။ ‌အကြောင်းတော့ မပြန်သေးဘူးကိုကို။ ဒါပေမယ့် မုန်း မရ ရအောင်ကြိုးစားမှာ။ ဒီနိုင်ငံထဲမှာနေပြီး ကိုကိုနဲ့ အဆက်ပြတ်ပြီး ဝေးနေရတာထက်စာရင် စင်္ကာပူကိုသွားပြီး အလုပ်လုပ်ရတာကမှ သာဦးမယ်ကိုကိုရာ။ အဲ့ဒါမှ ကိုကိုနဲ့ အဆက်အသွယ်မပြတ်ဘဲ နေ့တိုင်းဖုန်းဆက်လိုက် လွမ်းရင် Video Callလေး ခေါ်လိုက်နဲ့ အဆင်ပြေမှာ။ အဲ့ဒါကြောင့် မုန်း စင်္ကာပူသွားဖို့ ဆုံးဖြတ်ထားတယ်။ မုန်းအလုပ်ရအောင် ဆုတောင်းပေးပါကိုကို။ မုန်းပိုက်ဆံတွေစုပြီး အလုပ်တွေ အဆင်ပြေတဲ့အခါ ကိုကို့ဆီကို အပြီးပြန်လာပြီး ကိုကို့ကို လာသိမ်းပိုက်မယ်။ ဒါ့ကြောင့် ကိုကိုက စိတ်ရှည်လက်ရှည် စောင့်နေပေးပါ။ အရမ်းချစ်တယ်ကိုကို။ အရမ်းလည်းလွမ်းတယ်။ စာအများကြီးရေးလို့ မရလို့ ခွင့်လွှတ်ပါကိုကို။ ဘေးမှာဖေဖေက တစ်ချိန်လုံး စောင့်ကြည့်နေတာမို့ ဖေဖေ့အလစ်ကို ခိုးရေးထားရတာ။ ကိုကို့ကိုအရမ်းလွမ်းပြီး ကိုကို့ကိုအရမ်းချစ်တဲ့ ကိုကို့ရဲ့ကလေးပေါက်”

ဟား ချစ်လိုက်တာ။ ကိုကို့ကလေးလေးက ကိုကို့ကို အရမ်းလွမ်းနေတယ်တဲ့လား။ ကိုကိုနဲ့အဆက်အသွယ်အမြဲရဖို့ တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်ဖို့ထိတောင် စဉ်းစားထားတာတဲ့လား။ သိပ်ချစ်ပြီး မြတ်နိုးရပါတယ် အသဲပေါက်ရေ။ ကိုကို့ကို လာသိမ်းပိုက်ဖို့ စောင့်မျှော်နေပါ့မယ်။

အလင်း အတွေးတချို့နဲ့အတူ စာရွက်နဲ့ဘောပင်လေးထုတ်ပြီး မုန်းကိုပေးဖို့ စာရေးလိုက်တယ်။ စာရေးပြီးတော့ စာရွက်လေးကို နွေ့ဆီကို ဓာတ်ပုံလေးရိုက်ပြီးပို့လိုက်တယ်။ ကူညီပေးပါဦးနွေ။

မုန်းဒီနေ့ မေသူလာမလားလို့ မျှော်နေရသလို အလုပ်ကများ စာပြန်မလားလို့လည်း မျှော်ရပါသေးတယ်။ အော် ငါ့ဘဝလေး မျှော်တော်ယောင်လေးကိုဖြစ်လို့။ လူလည်း ဟိုလူ့မျှော်ရ ဒီလူ့မျှော်ရနဲ့ သစ်ကုလားအုပ်ဖြစ်‌နေပြီ။ ဒီကြားထဲ အလင်းကိုလည်း လွမ်းရသေးတယ်။ အမလေး ငါ့ဘဝလေး သနားဖို့ကောင်းလိုက်တာ။ သနားဖို့ကောင်းလွန်းပါသော ငါလေး။

“အစ်ကို အစ်ကို အစ်ကို့”

“အမေ့”

ဘေးက အော်သံစူးစူးကြောင့် လန့်သွားပြီး အသိနဲ့သတိ ရုပ်နဲ့နာမ် စိတ်နဲ့ခန္ဓာ ပြန်ကပ်လာတယ်။ ခုရက်ထဲ ဆိုင်မှာ ပျင်းလွန်းလို့ တရားနာဖြစ်နေတယ်လေ။ တရားတွေလည်း ပေါက်နေပါပြီ။ ဖေဖေ့ကိုလှမ်းကြည့်လိုက်တော့ မုန်းကို မျက်မှောင်ကြီးကျုံ့ပြီး ကြည့်နေပါပြီ။ အခြေ‌အနေမကောင်းဘူး နဂါးတို့မျက်စောင်း အကြောင်းသုံးပါး မရွေးဘူးတဲ့။ အသက်နဲ့ခန္ဓာ အိုးစားမကွဲခင် အလုပ်ကို အမြန်အာရုံစိုက်မှပါ။

“ညီမလေး ဘာယူချင်လို့လဲ”

“အစ်ကို့ကို”

“ခင်ဗျာ”

မုန်းအတော်ကို အံ့အားသင့်သွားပါတယ်။ ခုခေတ်ခလေးတွေ တော်တော်ကို ပါးစပ်ရဲတာပဲ။ မုန်းသူ့ကို ပြူးပြီးကြည့်တော့လည်း ဂရုမစိုက်တဲ့ရုပ်နဲ့ သူဘာမှမပြောလိုက်တဲ့အတိုင်း မှင်သေသေနဲ့ပါ။ အေးပါကွာ မင်းတို့လေးတွေခေတ်ပဲ လုပ်ကြပေါ့။

“ဘာယူမှာလဲ ညီမလေး။ အစ်ကို့ကို‌လို့တော့ မပြောနဲ့တော့နော်။ အစ်ကို့မှာ ပိုင်ရှင်ရှိတယ် Ok။ အခုညီမလေး ဘာယူချင်လဲ အစ်ကို ဘာကို ဆောင်ရွက်ပေးရပါမလဲခင်ဗျာ”

“ပိုင်ရှင်ရှိလည်း ဖြစ်ပါတယ်အစ်ကို။ ညီမက စောင့်နေမှာပါ။ ခုလောလောဆယ်တော့ လေပန်ကာ သေးသေးလေးပြပေးပါ အစ်ကို။ အားသွင်းပြီး သုံးလို့ရတဲ့ ဟာလေး။ အပြင်သွားရင် အလွယ်တကူယူသွားလို့ရတဲ့ သေးသေးလေးနော်အစ်ကို။ အကောင်းစားထဲကပြပေးပါ”

“Ok”

ပန်ကာသေးသေးလေးတွေကို မိန်းခလေးသုံး အရုပ်လေးတွေနဲ့ ရောင်စုံလေးတွေ ထုတ်ပြလိုက်တယ်။ အမျိုးအစားကောင်းထဲက အရုပ်မပါတဲ့ ပန်ကာ သေးသေးလေးတွေရော အစုံ ထုတ်ပြလိုက်ပါတယ်။

“ဒီအရုပ်လေးတွေနဲ့က ဘယ်လောက်လဲအစ်ကို”

“3500ပါညီမ”

“1500 ထားလို့မရဘူးလား အစ်ကို”

ဟင် ဒီခလေးမလေးက ဘာလေးပါလိမ့်။ မျက်နှာကိုကြည့်တော့ တည်တည်တံ့တံ့လေးနဲ့ လုံးဝကို အတည်ပြောနေတဲ့ရုပ်ပါ။ ဖေဖေ့ကိုလှမ်းကြည့်လိုက်တော့ ဖေဖေက သဘောတကျနဲ့ ပြုံးတော်မူနေတယ်။ အေးပါကွာ မုန်းရေ မင်းဝဋ်ကလည်း ကြီးလိုက်တာ။ ချစ်သူကိုလွမ်းရ မချစ်တဲ့သူဆီက အကြောင်ခံရနဲ့ ငါလေး အရမ်းသနားဖို့ကောင်းတယ်။

“မရဘူးညီမလေး”

“ဟဲ့မုန်း ဘာတွေရောင်း။ ပန်ကာလေးတွေပါ့လား လှလိုက်တာ။ ငါလည်း တစ်ခုယူမယ်”

“ယူလေ နွေလေးကလည်း ကိုယ်က နွေ့ကို လက်ဆောင်ပေးမှာပေါ့။ နွေ့လိုချင်ရင် ပန်ကာတင်မဟုတ်ဘူး ကိုယ့်ကိုပါ အပိုင်သိမ်းလိုက်။ ကိုယ်နဲ့အတူ ကိုယ်ပိုင်ဆိုင်သမျှအရာအားလုံးကို နွေအကုန်ရမှာ”

ဟိုကလေးမလေးရှေ့မှာမို့ နွေနဲ့မုန်းကို ချစ်သူတွေလို့ ထင်သွားအောင် တမင်အိုဗာတင်းပြီး ပြောလိုက်တော့ နွေတစ်ယောက် မုန်းကို တအံ့တဩနဲ့ ပြူးကြည့်နေပါတော့တယ်။ ဘေးက ခလေးမလေးကို ကြည့်လိုက်တော့ မျက်နှာလေးက ဆူပုတ်နေပါပြီ။ ဆောရီးပါ ညီမလေး။ ညီမလေးကို သနားလို့ ဒီလိုလုပ်လိုက်ရတာပါ ဟဲဟဲ။

“ကဲ အစ်ကို ညီမ ဒီပန်ကာယူမယ်။ ဒီမှာ 4000။ ပြန်မအမ်းနဲ့တော့”

ခလေးမလေးက ပိုက်ဆံတင်ပေးခဲ့ပြီး ပန်ကာကိုဆွဲယူကာ ဆောင့်ကြီးအောင့်ကြီး ထွက်သွားပါတယ်။ ကလေးမလေး မရှိတော့မှ မုန်းရယ်လိုက်မိပါတော့တယ်။ မုန်းရယ်လိုက်တော့မှ မိနွေမတစ်ယောက် အထာပေါက်သွားပုံရတယ်။

“ငါ့မှာတော့ မုန်းတစ်ယောက် ဘာများဖြစ်သွားတာလဲဆိုပြီး အံ့ဩနေတာ။ နင်ကငါ့ကို အသုံးချလိုက်တယ်ပေါ့လေ”

“ကျေးဇူးပါနွေ”

“ထပ်ပြီး ကျေးဇူးတင်ရမှာရှိသေးတယ်။ ‌ဒီမှာ နင့်အတွက် အထူး စပါယ်ရှယ် Bubble Tea”

“Bubble Tea က Bubble Tea ပေါ့။ အထူးစပါယ်ရှယ် ဖြစ်ရရောလား”

“နိုး နိုး နိုး နင့်အတွက် သီးသန့်ရှယ်။ ပိုက်ထဲမှာ စာပါတယ်နော်”

နွေက မုန်းရဲ့နားလေးကို တိုးတိုးလေး ကပ်ပြောလာတယ်။ ဖေဖေကတော့ မုန်းတို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေပါတော့တယ်။

“ဟမ်”

“အင်းဟုတ်တယ် ခုပိုက်နဲ့သောက်လို့မရဘူး ဟန်ပြယူလာတာ”

အန်ကြိတ်သံလေးနဲ့ ပြောလာတဲ့နွေလေးပါ။ ဖေဖေကတော့ နွေ ဘာပြောလိုက်မှန်း သိမယ့်ပုံ မပေါ်ဘူး။

“ကျေးဇူး ချစ်ဆုံးလေး။ ကြိုက်တဲ့ပန်ကာကို အလကားယူသွား”

“အလကားတော့ မယူပါရစေနဲ့ဟယ်။ ပိုက်ဆံပေးပါ့မယ်နော်”

“မပေးနဲ့ အတည်ပြောတာ ယူသွား။ ပေးနိုင်တုန်းလေး ပေးထားတာ”

“ဒါဆို ဒါလေးယူသွားပြီနော်။ ငါပြန်ပြီမုန်း”

“တာ့တာ”

နွေပြန်သွားတော့ ဖေဖေမမြင်အောင် ပိုက်ကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်တယ်။ ‌Bubble Tea လေးကိုတော့ ပိုက်မပါဘဲ ဒီတိုင်း မော့သောက်လိုက်ရတယ်။ မြန်မြန်မှောင်ပါတော့။ ဒါမှ အလင်းပေးလိုက်တဲ့စာကို အမြန်ဖတ်ရမှာ။

နေဦး အရေးကြီးတာကို မေ့နေတယ်။ ဒီနေ့ Mail စစ်ကြည့်ရမယ်။ အင်တာဗျူးလေး ဘာလေးများ ခေါ်မလားလို့။

“ဖေဖေ့ Laptop ခဏပေးဦး။ Mail စစ်ချင်လို့”

ဖေဖေက မကြည်မသာမျက်နှာနဲ့ Laptop ကို လှမ်းပေးလာတယ်။ Laptop ကိုယူပြီး Mail ကိုအမြန်စစ်လိုက်တော့ မုန်းမမျှော်လင့်ရဲခဲ့တဲ့ Mail လေးကို တွေ့လိုက်ရတယ်။

“ Oh! My God “

အံ့ဩလွန်းလို့ အသံလေးထွက်ပြီး ဘုရားတလိုက်မိတယ်။

“ဘာဖြစ်တာလဲ”

မုန်းကိုကြည့်ပြီး ဖေဖေပါ သိချင်သွားပုံရတယ်။

“ည 8 နာရီ Video Call နဲ့ အင်တာဗျူးမယ်တဲ့ဖေဖေ။ သားကို ညကြတစ်ခါ Laptop ပေးသုံးပါဦးနော်”

မုန်းပျော်လွန်းလို့ ထ က မိမတတ်ပါပဲ။

မုန်းအချိန်အမြန်ကုန်ပါစေလို့ ဆုတောင်းနေလို့ထင်တယ် ထိုနေ့က နေ့တာ အတော်ရှည်လျားခဲ့တယ်။

ည‌ဘက်ရှစ်နာရီထိုးတော့ ဖေဖေ့ဆီကိုသွားလိုက်တယ်။ အင်တာဗျူးဖြေရမှာမို့ Laptop တောင်းရဦးမယ်လေ။ မုန်းကို Laptop ပေးပြီး ဖေဖေက ဘေးမှာထိုင်စောင့်နေတယ်။ ညစ်ရှစ်နာရီထိုးတော့ မုန်းအင်တာဗျူး ဖြေဖို့အဆင်သင့် ဖြစ်နေပါပြီ။

ပထမဆုံး စနှုတ်ဆက်တော့ ကျွန်တော်ရေးထားတဲ့ Web Application လေးကို ကြိုက်တဲ့အကြောင်းကို အရင်ဆုံး ပြောလာတာမို့ လူက နည်းနည်းမြောက်ချင်သွားတယ်။ ထို့နောက်မှာတော့ Programmingနဲ့ ပတ်သက်ပြီး ဘယ်လောက်သိလဲ မေးပါတယ်။ Web Developing နဲ့ပတ်သက်ပြီး မေးခွန်းတွေ တစ်ခုပြီးတစ်ခုမေးတယ်။ သူတို့မေးသမျှ မေးခွန်းတိုင်းကို အဆင်ပြေပြေနဲ့ ချောချောမွေ့မွေ့ ဖြေနိုင်နေတာမို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိလိုက်သေးတယ်။ အင်တာဗျူးအားလုံး ဖြေပြီးတော့ နောက်တပတ် တနင်္လာနေ့မှာ အလုပ်ခန့်မခန့်ကို Mail ပို့ပြီး ‌အကြောင်းပြန်မယ်လို့ ပြောသွားတာမို့ နောက်တပတ် တနင်္လာနေ့ကို စောင့်ရမှာပေါ့။

အင်တာဗျူးဖြေပြီးတော့ ဖေဖေ့ကို Laptop ပြန်ပေးပြီး တက်ကြွသော ခြေလှမ်းတွေနဲ့အတူ အခန်းထဲကို ပြန်လာခဲ့လိုက်တယ်။ အခန်းထဲပြန်ရောက်တာနဲ့ အလင်းပေးတဲ့ စာလေးကိုဖတ်ဖို့ ဘောင်းဘီအိတ်ထဲကို ထည့်ထားတဲ့ ပိုက်လေးကို ထုတ်လိုက်တယ်။ နွေမ အတော်ကို ဉာဏ်ကောင်းတယ်။ အထဲကစာကို ရေစိုမှာဆိုးလို့ထင်တယ် ခွက်ထဲကို ထည့်စိုက်ထားတဲ့ အခြမ်းက ပိုက်ရဲ့ထိပ်ဝကို တိတ်လေးနဲ့ ပိတ်ပေးထားတယ်။ အပေါ်စုပ်တဲ့ဘက်အခြမ်းက ပုံမှန်အတိုင်းပေမယ့် ခွက်ထဲကို ထည့်စိုက်ထားတဲ့အခြမ်းက တိပ်လေးနဲ့ပါ။ သူငယ်ချင်မလေး‌ ဉာဏ်ကောင်းချက်က အားကိုးရတယ်။ ချစ်ဖို့ကောင်းလိုက်ကြတာ ‌နင်နဲ့မေသူကို ငါအရမ်းချစ်နေပါပြီနော်။

တိပ်ကိုဖယ်လိုက်ပြီး ပိုက်ထဲကို တုတ်တံအရှည်လေးနဲ့ ထိုးလိုက်တော့ စာရွက်လိပ်လေး ထွက်ကျလာတယ်။ စာရွက်ကို ဖွင့်ဖတ်ကြည့်လိုက်‌တော့ အလင်းလက်ရေး သွယ်သွယ်လှလှလေးတွေကို တွေ့လိုက်ရတယ်။ ကျွန်တော်အလွှတ်ရပြီး မှတ်မိနေတဲ့ လက်ရေးလေးတွေပါပဲ။ ဒါပေမဲ့ ဒါလေးက အလင်းလက်ရေးလေးတွေနဲ့ ရေးထားတဲ့ စာရွက်လေးကို Print ထုတ်လာပေးထားတဲ့ စာရွက်‌လေးပါ။

သေချာတာတစ်ခုက အလင်းက စာရွက်လေးမှာ သေချာရေးပြီးမှ ဓာတ်ပုံရိုက်ပြီး နွေ့ကို‌ပို့ပေးထားတာထင်တယ်။ နွေက အလင်းပို့ပေးထားတဲ့ ဓာတ်ပုံထဲက စာရွက်လေးကို ကျွန်တော်ဖတ်လို့ရအောင် Print ထုတ်ပြီး ပိုက်လေးထဲကို အလိပ်လိုက်လေး လိပ်ထည့်ကာ ယူ‌လာပေးခဲ့တာပေါ့။ သိပ်ကိုချစ်ဖို့ကောင်းပြီး ဉာဏ်ကောင်းလွန်းတဲ့နွေလေး။ သိပ်ကိုချစ်ပါတယ်ဗျာ။

စာလေးကိုဖွင့်ဖတ်ကြည်လိုက်တော့. . .

“သို့

ကိုကိုချစ်ရတဲ့ကလေးပေါက်လေး။

ကိုကိုလည်း ကလေးပေါက်လေးကို အရမ်းလွမ်းနေပါတယ်။ မနက်အိပ်ရာနိုးတဲ့အချိန်တိုင်း ဘေးနာမှာ အိပ်ပျော်နေတတ်တဲ့ ဝက်ပေါက်လေးကို လွမ်းတယ်။ ညအိပ်တဲ့အခါတိုင်း ကိုကို့ကို ခွအိပ်တတ်တဲ့ ကလေးပေါက်လေးကို အရမ်းလွမ်းတယ်။ ဒူရင်းသီးတွေမြင်တိုင်း ဒူးရင်းသီးကြိုက်တတ်တဲ့ ကလေးပေါက်ကို လွမ်းတယ်။ ကိုကို အချိန်တိုင်း အချိန်တိုင်းကို လွမ်းနေရပါတယ် ကလေးပေါက်ရယ်။ အနားမှာ ခဏလေး ရှိခွင့်ရသေးရင် ကိုကိုမုန်းလေးကို ထမင်းသုပ်ပြီး ကျွေးချင်တယ်။ မုန်းလေးကို ထမင်းလည်း ခွံ့ကျွေးချင်တယ်။ မုန်းလေးကို အနမ်းတွေအများကြီး ပေးချင်တယ်။ အရမ်းလွမ်းနေပါပြီ။ စင်္ကာပူမှာ အလုပ်သွားလုပ်မယ်ဆိုလို့ စိတ်မကောင်းဖြစ်ရတယ်။ ကိုကို့ကြောင့် မုန်းလေးက အိမ်နဲ့ခွဲရပြီး အဝေးကြီးကိုသွားရမှာမို့ ကိုကိုတောင်းပန်ပါတယ်နော်။ ကိုကို့ကလေးလေး အလုပ်ရပါစေလို့ ကိုကို ဆုတောင်းပေးနေပါ့မယ်‌။ တကယ်လို့ အလုပ်မရခဲ့ရင်လည်း စိတ်မပူပါနဲ့နော်။ နောက်ထပ်နှစ်နှစ်လောက်ပဲ ကိုကို့ကို သည်းခံပြီး စောင့်ပေးပါ။ နောက်ထပ်နှစ်နှစ်ပြီးရင် ကိုကိုဆရာဝန်ဖြစ်ပြီ။ ကိုကိုဆရာဝန်ဖြစ်ပြီဆိုတာနဲ့ ကိုကို့မုန်းလေးကို လာခိုးမယ်။ ပြီးရင် ကိုကိုတာဝန်ကျတဲ့ နေရာတိုင်းကို မုန်းကို ခေါ်သွားမယ်။ မုန်းကသာ ကိုကိုနောက်ကို သတ္တိရှိရှိ လိုက်လာခဲ့ပေးနော်။ ကိုကို့ခလေးလေးကို အရမ်းမချမ်းသာရင်တောင် တင့်တောင်းတင့်တယ် ထားနိုင်အောင် ကြိုးစားမှာမို့ ကိုကို့ကို ယုံကြည့်ပြီး စောင့်နေပေးပါ။ တကယ်လို့ စင်္ကာပူက အလုပ်ကိုမရရင်လည်း စိတ်မပူနဲ့နော်။ နှစ်နှစ်လောက်ပဲ သည်းခံပြီးစောင့်ပေး။ ကိုကိုတို့ ခုလိုလေးပဲ သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ပဲ အဆက်အသွယ် လုပ်ကြတာပေါ့နော်။ နှစ်နှစ်ပါပဲ နှစ်နှစ်ပဲသည်းခံပေးပါ ကလေးလေး။ နှစ်နှစ်ပြည့်တာနဲ့ ကိုကို မုန်းလေးကို လာခိုးမယ်။ အရမ်းချစ်တယ် အသဲပေါက်။ အရမ်းလည်းလွမ်းတယ်။ ကလေးပေါက်ကို အရမ်းချစ်တဲ့ ကလေးပေါက်လေးရဲ့ကိုကို”

အလင်းစာလေးကို ဖတ်ပြီးတော့ မုန်းပျော်လွန်းလို့ ကျေနပ်နေမိပါ‌တော့တယ်။ လာခိုးမယ်တဲ့လား။ တာဝန်ကျရာနေရာတိုင်းကို ခေါ်သွားမယ်တဲ့လား။ ချစ်လိုက်တာ အလင်းရာ။ အတွေးလေးနဲ့တင် ကြည်နူးရတယ်။ မင်းက မင်းကိုပိုပြီး ချစ်လာအောင် လုပ်နိုင်လွန်းတဲ့ လူသားလေးပါလားကွာ။

မုန်းရဲ့အလင်းရောင်Where stories live. Discover now