Chapter - 5

1.6K 90 12
                                    

[ Unicode]

[ စွန့်ခွာ၍ ပြေးထွက်ခဲ့သည်၊ သူ၏ ရင်ခွင်ဆီသို့.. ]

မိုးလွတ်လေလွတ်ဤကာလ၏ ရာသီဥတုကား ချမ်းဆိမ့်ဆိမ့်လေးနှင့် နေ၍ကောင်းသည်။ သော်ခ တို့၏ စံအိမ်တော် ဝန်းကျင်၌ရစ်ဆိုင်းနေသော မြူခိုးမြူငွေ့တို့က ထူထပ်သိပ်သည်းစွာ။ မိုးအကုန် ဆောင်းအကူးပေမို့ လေတိုက်တိုင်း လန်းဆန်းအေးမြမှုက ရင်ထဲတိုးဝှေ့ကျီစယ်ကြသည်။ အချိန်ကား အအေးဆတို့သိပ်သည်းသည့် ညချမ်းအချိန် ၈ နာရီပင်ထိုးနေပြီဖြစ်၏။ ဆောင်းဝင်စအချိန်ဖြစ်တာကြောင့် ချမ်းအေးမှုကခိုက်ခိုက်တု​န်စေသည်။

" ခွမ်း!! "

​ဦးမြတ်သူရ ၏ဖုန်းပြောနေခြင်းသည် ဧည့်ခန်းတံခါးဝရှေ့ ဖန်ခွက်ကျကွဲသံ၌ရပ်တန့်သွား သည်။ လှည့်ကြည့်လိုက်တော့လဲလူနှင့်တူသည်ကမိမိတစ်ယောက်သာ။ ​ထို့နောက်မည်သည်ကိုမျှအာရုံစိုက်မနေတော့ပဲ ဖုန်းပြောခြင်းအမူကိုသာဆက်လက်လုပ်ဆောင်နေလိုက်သည်။ မည်သူမျှမမြင်သည်က တံခါးနံဘေးရှိအကွယ်လေးတွင်ရပ်နေသော သော်ခ။ တုန်လှုပ်မှုတို့သည် သော်ခ ၏မျက်နှာထက်၌အထင်းသား။ ဝမ်းနည်းနေခြင်းလဲမမည် အံ့သြထိတ်လန့်နေခြင်းလဲမဟုတ်သော သော်ခ ပုံစံမှာ တစ်စုံတစ်ခုကြောင့်အကြီးအကျယ်စိတ်ထိခိုက်မှုတို့ကုန်ဆုံးသွားချိန်၌မြင်တွေ့ရသော ခံစားချက်မရှိတော့သည့်လူသေမျက်နှာ။ သိနှင့်ပြီးသားကိစ္စအချို့ကြောင့်သူထိုမျှလောက် တုန်လှုပ်ဖို့မလိုဘူးမဟုတ်လား။ ဝဲတက်လာတဲ့မျက်ရည်စတွေကိုမသိကျေးကျွန်ပြုလျက် မိမိအခန်းသို့ ထိုနေရာမှ တိတ်တဆိတ်ထွက်ခွာခဲ့လိုက်တော့သည်။ ပြင်သစ်ဗိသုကာပုံစံ မှန်ကာပြတင်းပေါက်ဘက်သို့ မျက်နှာမူလျက် အပြင်သို့ငေးနေသည့် သော်ခ။ ရစ်ဆိုင်းနေသော မြူခိုးမြူငွေ့တို့ကိုကြည့်နေရသည်က တစ်စုံတစ်ယောက်အားလွမ်းမောစေသည့်နှယ်။ ထိုအချိန်၌ဆန္ဒတစ်ခုကိုသာ အာသီသဖြစ်မိသည်။ ထိုအာသီသတွင် လောဘမမည်သောလောဘသေးသေးလေးကပါဝင်နေသည်လားသူမသိ။ လူတစ်ယောက်ကိုအပြင်းအထန်တွေ့ချင်သည့်စိတ်ကြောင့် အောက်ထပ်သို့တစ်ဖန်ပြန်ဆင်းလာခဲ့လိုက်တော့သည်။ ဧည့်ခန်းထဲတွင်ထိုင်နေသောဖဘုရား၊ ခြံထဲတွင် ကင်းလှည့်​နေသည့် ဘဘကြီးတို့အားသူမမြင်နိုင်တော့။ ကားပေါ်တက် ကားမောင်းထွက်လာသည့်တိုင်နောက်ကနေ လှမ်းအော်နေသော အစ်မမိတုတ်၏စကားသံတို့ကနားထဲမတိုးတော့ပြီ၊ မကြားတော့ပြီ။ ရန်ကုန်သို့ ကိုကိုရောက်နေသည့် ၁နှစ်ကျော်အတွင်း တည်ဆောက်ခဲ့သော သံယောဇဥ်က ဤအချိန်တွင် ကိုကို့၏ထွေးပွေ့မှု၊ နှစ်သိမ့်အားပေးမှုတို့ကို အတောင့်တဆုံးပင်။

ကိုကို့ကို ကျွန်တော်ချစ်တယ်Where stories live. Discover now