ပေလန် သူ့ပတ်ပတ်လည်က အပျက်အစီးတွေကို မြင်ပြီး ထိန်လန့်နေတယ်။ ဒါမျိုးသူ့ဘဝမှာ တစ်ခါမှ မမြင်ဘူးခဲ့ဘူး။ နန်းတော်ကြီးပြိုကျပျက်စီးသွားခဲ့ပြီ။ သူ့ဘေးပတ်လည် က အဆောက်အဦတွေလည်း ပြိုကျကုန်ပြီ။ ခုခံနေကြသူတွေကို လိုက်မှီအောင် သူကြိုးစားပေမယ့် မမှီဘူး။ အဝေးကနေ ဂျူပီတာရဲ့ မိုးကြိုးတွေဆက်တိုက်လိုလို လက်နေတာ ကိုသူမြင်နေရတယ်။ တိုက်ပွဲကြီးက မပြီးသေးဘူး။ ဒီအပျက်အစီးတွေနဲ့တော့ တော်တော်ဝေးတယ်။
မြေပေါ်မှာ လဲကျနေတဲ့ မာကျုရီကို မြင်လိုက်တော့ ပေလန် ရင်ထဲနင့်သွားတယ်။ တစောင်းလဲနေတဲ့ တမန်တော် မာကျူရီရဲ့ ရင်ဘတ်မှာ လှံရှည်ကြီးက စိုက်လို့။ မျက်နှာမှာ ဒဏ်ရာတွေအပြည့်နဲ့ ဆံပင်တွေမှာ သွေးတွေက ခဲနေတယ်။ အသက်ရှိသေးရဲ့လားလို့ ပေလန် ဒူးထောက်ပြီး ကြည့်လိုက်တယ်။
မာကျူရီက သူ့ရဲ့ အပြာနုရောင်မျက်လုံးတွေကို ဖွင့်ကြည့်တယ်။ "ပေလန်၊ တိုက်ပွဲပြီးသွားပြီလား၊ မီးတောက်တော် ကို သူတို့ ငြှိမ်းပစ်လိုက်ပြီလား"။ ပေလန် အကူအညီ ရလိုရငြား ဘေးဘီကို ကြည့်လိုက်တော့တစ်ယောက်မှ မရှိဘူး။ သေနေတဲ့ သူတွေရယ် သေခါနီး အသက်ငင်နေသူတွေရယ်သာ တွေ့တယ်။ "မငြိမ်းသေးဘူးထင်တယ်။ တခြားသူတွေ ဘုရားကျောင်းတော်ကြီး ကို ထွက်သွားတာ ငါတွေ့ခဲ့တယ် မာကျူရီ"
မာကျူရီကပြောတယ်။ "သူတို့ကို တားနိုင်မှဖြစ်မယ်။" မာကျူရီက ပေလန့်လက်ကိုလှမ်းဆွဲပြီး ထဖို့ကြိုးစားတယ်။ "ငါမတ်တပ်ရပ်ချင်လို့ ဆွဲကူပါဦး"
ပေလန်က မာကျူရီကို ဆွဲထူပေးလိုက်တယ်။ မတ်တပ်ရပ်ရပ် ပြီးချင်ပဲ တမန်တော်က ရင်ဘတ်က လှံရှည်ကြီးကို ဆွဲထုတ်ပစ်လိုက်တယ်။ ဒဏ်ရာက ဟောင်းလောင်းပွင့်သွားပြီး သွေးတွေ တလဟောထွက်လာတယ်။ မတ်တပ်မရပ်နိုင်တော့ပဲ မြေပေါ်ကို ခွေကနဲ လဲကျသွားတယ်။
"ငါတော့ ဒီစစ်ပွဲထဲ ဆက်မပါနိုင်တော့ဘူး"
"ဟာ မဟုတ်တာကွာ" ပေလန် မာကျူရီကို ပေါင်ပေါ်တင်ထားပြီး ဆက်ပြောတယ်။ "မင်း ပြန်ထရမယ်"။ တမန်တော်က ခေါင်းကိုခါပြီးပြောတယ်။ "အရမ်းနောက်ကျသွားပြီ"